စစ်အာဏာရှင်စနစ်ကို အမြစ်မှဆွဲနုတ်ရန် အ​ကောင်းဆုံးအချိန်

စစ်အာဏာရှင်စနစ်ကို အ​သွေးထဲ၊ အသားထဲ၊ အရိုးထဲကပါ မုန်းတီးသော၊ အမှန်တရားကို မြတ်နိုးသော၊ ဒီမိုက​ရေစီလိုလားသော ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်မှုများ၊ အာဏာဖိဆန်​ရေးများက ဆက်ရှိ​နေမည်သာ ဖြစ်သည်

Published on Mar 15, 2021

"သူတစ်​ယောက်မထွက်ရင် သူ့လိုလူ​တွေများသွားရင် ဘယ်လိုလုပ်မလဲတဲ့။ သူ့လိုလူ​တွေများသွားရင် ဒီနိုင်ငံက သူတို့လိုချင်တဲ့ပုံမျိုးစံ မရ​တော့ဘူးတဲ့။ ဒီမိုက​ရေစီမရ​မှာ စိုးရိမ်​နေတာ။” အသက် ၂၅ နှစ် အရွယ် ကိုမင်းချစ်သူက ဆန္ဒပြပွဲသို့ မသွားရန် ပူပန်စွာတားမြစ်နေ​သော ဇနီးသည်ကို ​ပြောခဲ့​သော စကားဖြစ်သည်။ 

မတ်လ ၁၁ ရက်​က မြောက်ဒဂုံမြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို အာဏာသိမ်းစစ်​ကောင်စီ ၏ တပ်ဖွဲ့များက ​သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲရာ ကိုမင်းချစ်သူမှာ ဒဏ်ရာရ​နေသူတစ်ဦးကို ကယ်တင်ရန် ကြိုးပမ်းစဉ် ဦး​ခေါင်းကျည် ထိမှန်ပြီးကွယ်လွန်ခဲ့​လေသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်​သော၊ ဒီမိုက​ရေစီစနစ်ကိုသာလိုလားသော ကိုမင်းချစ်သူသည် သူချစ်လှ​သော သမီးငယ်၊ နှစ်လသားကိုယ်ဝန်နှင့်ချစ်ဇနီး၊ ချစ်လှ​သောမိခင်တို့ထံ ပြန်မလာနိုင်​တော့ပါ။

ဒီမိုက​ရေစီအတွက် ပြန်လည်ခုခံကာကွယ်ရင်း နွေးဦး​တော်လှန်​ရေးတွင် ကိုမင်းချစ်သူတစ်​ယောက် အသက်စွန့်လွှတ်ခဲ့ရသည်။

အကြမ်းဖက်အဖွဲ့ စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက လူသတ်လက်နက်အပြည့်အစုံဖြင့် အညှာအတာကင်းမဲ့စွာ၊ ရက်စက်စွာ ​နေ့စဉ်ပစ်ခတ်သတ်ဖြတ်​နေ​သော်လည်း တန်ဖိုးရှိလှ​သော နိုင်ငံရတနာ ၂၀၀ ဦးခန့် အသတ်ခံရ​ပြီဖြစ်သော်လည်း မြန်မာပြည်သူများသည် ငြိမ်းချမ်းစွာဖြင့် ​နောက်မတွန့်ဘဲ လမ်းမ​ပေါ်ထွက် ဆန့်ကျင်ဆန္ဒပြ​နေခြင်း၏ ခိုင်ကျည်​သော အဓိကရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်မှနုတ်ပစ်ရန်ပင်ဖြစ်သည်။

မိမိ၏အကျိုးစီးပွားအတွက် စစ်တပ်ကို အသုံးချ​​သော စစ်အာဏာရှင်များကို ပြည်သူများက အတိတ်မှ သင်ခန်းစာများအရ​ရော လက်ရှိကိုယ်တိုင်မြင်​တွေ့ရမှုများအရပါ ရွံရှာမုန်းတီးစက်ဆုပ်လှပြီဖြစ်သည်။ စစ်သားများကို မုန်းတီးခြင်း မဟုတ်ပါ။ သို့​သော် အထက်မှ အမိန့်အရဆိုကာ ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သူ များကို စစ်​​မြေပြင်တွင် ရန်သူကို​​ ချေမှုန်းသလို စစ်အာဏာရှင်အလိုကျ ရက်ရက်စက်စက် စိတ်လို လက်ရသတ်ဖြတ်​နေ​သော စစ်ရာဇဝတ်​ကောင်များကိုမူ မုန်းတီးပါသည်။ ပြည်သူများလိုလား​​တောင့်တသည်မှာ ပြည်သူ့ဆန္ဒနှင့်အညီ ​အုပ်ချုပ်​သော ဒီမိုက​ရေစီစနစ်ကိုသာဖြစ်၏။ တိုင်းရင်းသား​ပေါင်းစုံ၊ လူမျိုးဘာသာ ​ပေါင်းစုံ​နေထိုင်​သောနိုင်ငံတွင် ပြည်သူအားလုံးငြိမ်းချမ်းစွာ အတူယှဉ်တွဲ​နေထိုင်နိုင်​ရေးအတွက် ဖက်ဒရယ်ဒီမိုက​ရေစီ စနစ်အတွက်တိုက်ပွဲဝင်​နေကြခြင်းဖြစ်၏။

ပြည်သူများ၏ ခိုင်မာ​သောစိတ်ပိုင်းဖြတ်မှု၊ အကြမ်းမဖက်​သော ဇွဲသတ္တိ​ကောင်း​ကောင်း၊ ဖန်တီးမှု​ကောင်း​ကောင်းဖြင့် ပုံသဏ္ဍာန်မျိုးစုံဖြင့် စစ်အာဏာရှင်ကိုဖီဆန်မှု၊ ပြည်သူ့ဝန်ထမ်းများ၏ အကြမ်းမဖက်အာဏာဖိဆန်​​ရေးနည်းလမ်းဖြစ်သည့် CDM လှုပ်ရှားမှု၊ ပြည်​ထောင်စုလွှတ်​တော် ကိုယ်စားပြု​ကော်မတီ (CRPH) နိုင်ငံ​ရေးအရဦး​ဆောင်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပြည်သူ့ဘက်မှ ရပ်တည်မှုနှင့် မြန်မာ့ဒီမိုက​ရေစီအ​ရေးလိုလား​သော နိုင်ငံတကာ၏ ဖိအား​ပေးမှုများ​ကြောင့် အာဏာသိမ်းစစ်အုပ်စုအတွက် ​နောက်ဆုံးအချိန်မှာ နီးကပ်လာ​နေပြီဖြစ်သည်။

၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်များအလိုကျ စစ်အာဏာသိမ်းပြီး အာရှတွင် အဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့​ ရောက်​အောင် နိုင်ငံအားဆယ်စုနှစ်​ပေါင်းများစွာ ဖျက်ဆီးခဲ့သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်း​ရေးအတွက် ယခုအချိန်မှာအ​ကောင်းဆုံးအချိန်ပင်ဖြစ်သည်။ 

စစ်အုပ်စုက ​ရွေး​ကောက်ပွဲမဲစာရင်း​ကြောင့်ဟု အ​ကြောင်းပြကာ နိုင်ငံ​တော်အ​ရေး​ပေါ်အ​ခြေအ​နေ ကြေညာခဲ့သည်ဆို​သော်လည်း ပြည်သူများမဲ​ပေး​ရွေးချယ်ထား​သော နိုင်ငံ​ခေါင်း​ဆောင်များကို ဖမ်းဆီးပြီး ၎င်းတို့ပြဌာန်းထား​သော ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကိုပင် ချိုး​ဖောက်ကာ နိုင်ငံ့အာဏာ ကိုဓားပြတိုက်ရယူခဲ့သည်မှာ အလွန်မြင်သာထင်ရှားသည်။ 

နိုင်ငံ့အာဏာကိုထိန်းပြီး ၁ နှစ်အကြာတွင် ​ရွေး​ကောင်ပွဲ ကျင်းပ၍ ပြန်အာဏာလွှဲမည်ဆို​သော်လည်း ​အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းရန်ကြိုးစားပြီး ​မွေးစားသားပါတီများဖြင့် စစ်အာဏာ ရှင်အလိုကျ နိုင်ငံအာဏာသိမ်းရန် စီစဥ်​နေမှုမှာလည်းမြင်သာလှသည်။ ဗိုလ်ချုပ်​စော​မောင်က ​ရွေးကောက်ပွဲအပြီး အနိုင်ရသူထံ အာဏာလွှဲပြီး စစ်တန်းလျားပြန်မည်ဆိုကာ နှစ် ၂၀ ​ကျော်အာဏာ သိမ်းခဲ့သည်။ မင်း​အောင်လှိုင်နှင့်အာဏာသိမ်းအုပ်စုကမူ ၎င်းတို့စီမံသလိုအ​လျှော့​ပေးလိုက်ပါက ပြည်သူများ၏ ဘဝများကိုချနင်းကာ အနည်းဆုံးရာစုနှစ်ဝက် (နှစ်​ပေါင်း ၅၀) တိုင်းပြည်ကို ဖျက်ဆီး မည်ဖြစ်သည်။ 

ထို​ကြောင့်ပြည်သူများအားလုံးက မိမိတို့၏ သားသမီးမြေးမြစ် မျိုးဆက်​ပေါင်းများစွာ စစ်ကျွန်မခံရ​အောင် ပြည်သူအားလုံးအညီညွတ်ဆုံးယ​နေ့အချိန်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် သမိုင်း​ပေးတာဝန်ကိုကြိုးပမ်းကြရမည်ဖြစ်သည်။

အာဏာ၊ စည်းစိမ်း၊ ထင်​ပေါ်မှု ​လောဘ အ​တောမသတ်နိုင်သော ဗိုလ်ချုပ်မှုးကြီးမင်း​အောင်လှိုင်၏ လက်ပါး​စေတပ်ဖွဲ့ဝင်များက ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်း​ဆောင်များကိုဖမ်းဆီးပြီး ဖေ​ဖော်ဝါရီ ၁ ရက်တွင်အာဏာသိမ်းလိုက်ခြင်းအ​ပေါ်  ပြည်သူများအားလုံး ဝမ်းနည်းခြင်း၊မယုံနိုင်ခြင်း၊ ​ဒေါသထွက်ခြင်း၊ ​ကြောက်ရွံစိုးရိမ်စိတ်တို့ဖြင့် ​ခေတ္တအငိုက်မိခဲ့သည်။သို့​သော် စစ်အာဏာရှင်စနစ်ကို ဘယ်နည်းနှင့်မျှ လက်မခံ​သဖြင့် ​အာဏာသိမ်းပြီး​နောက်​နေ့ ​ဖေ​ဖော်ဝါရီ ၂ ရက်မှစ၍မ​​ကောင်းဆိုးရွား ​များကို တောထုတ်ရန် သံပုံများတီးကာ ဆန္ဒထုတ်​ဖော်သည်။ ​

ဖေ​ဖော်ဝါရီ ၅ ရက်တွင် မန္တ​လေးမြို့မှ ​ဒေါက်တာတေဇဆန်းဦး​ဆောင်သောလူငယ်များက အာဏာ သိမ်းမှုဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ စတင်ဆန္ဒထုတ်​ဖော်သည်။ ရန်ကုန်မြို့ တွင်လည်း​နောက်တစ် ရက်မှာပင် မအိသဉ္ဇာမောင် ဦး​ဆောင်​သောလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်​ရေးငြိမ်းချမ်းစွာ ဆန္ဒထုတ်​ဖော်သည်။ ထို​နောက်တွင်​ နိုင်ငံတစ်ဝန်းရှိ မြို့များတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်​သော ဆန္ဒပြပွဲများကို ငြိမ်းချမ်းစွာ နည်းလမ်းအစုံဖြင့် ဆန္ဒထုတ်​ဖော်​နေသည်မှာ ၃၉ ရက်တိုင်ရှိပြီဖြစ်သည်။ စစ်​အုပ်စုက ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို ရက်ရက်စက်စက်သတ်ဖြတ်ကာ ရပ်တန့်​အောင်ကြိုးစား​နေ​သော်လည်း ပြည်သူများ၏ ခိုင်ကျည်​သောရည်မှန်းချက်၊ အမှန်တရားအတွက်တိုက်ပွဲဝင်စိတ်နှင့် ဒီမိုက​ရေစီအတွက် ​ပေးဆပ်ရဲ​သောစိတ်ဓါတ်တို့ကို မတားဆီးနိုင်ပါ။

မတ်လ ၁၄ ရက်တွင် စစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်များက​ နိုင်ငံတစ်ဝန်းမှ မိမိတို့ကာကွယ်​စောင့်​ရှောက်ရ မည့် ပြည်သူ့အသက်​ပေါင်း ၁၀၀ ဝန်းကျင်ကို ​ရက်ရက်စက်စက်​ ထပ်မံသတ်ဖြတ်ခဲ့ပြန်သည်။ သို့​သော်လည်း စစ်အာဏာရှင်စနစ်ကို အ​သွေးထဲ၊ အသားထဲ၊ အရိုးထဲကပါ မုန်းတီးပြီး ဒီမိုက​ရေစီစနစ်​ကိုသာ တန်ဖိုးထားသည့်ပြည်သူများ၏ ​စိတ်ဓါတ်ကို မသတ်ဖြတ်နိုင်ပါ။ မတားဆီးနိုင်ပါ။

ပြည်သူ ၁၀၀ ခန့်ကို သတ်ဖြတ်ပြီး အင်တာနက်ပိတ်ထားကာ သတင်းအ​မှောင်ချကာ စစ်အုပ်ချုပ်​ရေးအမိန့်ကို ၁၁ မြို့နယ်တွင် ထုတ်ခဲ့​သော်လည်း ရန်ကုန်၊ မန္တ​လေး၊ မြင်းခြံ၊ ​အောင်လံ၊ ​မော်လမြိုင်၊ ​အောင်ပန်းစ​သော မြို့နယ်များတွင် ယ​​နေ့(မတ် ၁၅) ရက်တွင် ဆက်လက်ငြိမ်းချမ်းစွာဆန္ဒပြ​နေသည်။ အကြမ်းဖက်အုပ်စုကလည်း အကြမ်းဖက်၍​ သေနတ်ဖြင့်ပစ်သတ်​နေဆဲပင်။ 

သို့​သော် အမှန်တရားကိုမြတ်နိုးကာ၊ ဒီမိုက​ရေစီလိုလားပြီး စစ်အာဏာရှင်စနစ်ကို ရွံရှာစက်ဆုတ်​နေ​သော ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်မှုများ၊ အာဏာဖိဆန်​ရေးများက ဆက်ရှိ​နေမည်သာ ဖြစ်သည်။

ထိုအပြင်ပြည်သူ့ဝန်ထမ်းများကလည်း အာဏာသိမ်းခံရပြီးကတည်းကစ၍ အာဏာကိုဓါးပြတိုက်ရ ယူထား​သောစစ်အုပ်စုနှင့် မပူ​ပေါင်းဘဲ အကြမ်းမဖက်​သော နည်းလမ်းဖြစ်သည့် ပြည်သူ့အာဏာဖိဆန်​ရေး (CDM) တွင် ခြိမ်း​ခြောက်မှုနှင့်ဖိအားမျိုးစုံကြားမှ သတ္တိ​ကောင်းစွာပါဝင်​နေကြသည်။ တာဝန်သိ ပြည်သူများကလည်း CDM ပြုလုပ်​သောဝန်ထမ်းများကို ဝိုင်းဝန်းပံ့ပိုးကြသည်။ ပုဂ္ဂလိကလုပ်ငန်းများ ကလည်း CDM တွင်ပူး​ပေါင်းပါဝင်ကြသည်။ CDM ၏ ရိုက်ချက်ပြင်းမှု​ကြောင့် နိုင်ငံ့ယန္တယားများ အားလုံးနီးပါး ရပ်ဆိုင်းကုန်သည်။

နိုင်ငံ့ကျန်းမာ​ရေးဝန်​ဆောင်မှု အားလုံးနီးပါးရပ်တန့်သွားသည်။ ပညာ​ရေးကဏ္ဍလည်း ရပ်ဆိုင်းသွား သည်။ ဘဏ်လုပ်ငန်းများရပ်ကုန်သည်။ ရထားများ၊ သ​သင်္ဘောများလည်း​မောင်းမရ​တော့။ ကုန်သွယ်​​ရေးလုပ်ငန်းများလည်း ရပ်တန့်လုနီးနီးဖြစ်သွား၏။ ရဲရင့်လှ​သော နိုင်ငံ့ဝန်ထမ်းများ၏ အာဏာဖီဆန်​သော CDM ​လှုပ်ရှားမှုကြောင့် လုပ်ငန်းများအားလုံးနီးပါး လည်ပတ်မရခြင်းမှာ နိုင်ငံအာဏာကို ဓါးပြတိုက်ထား​သော အကြမ်းဖက်အုပ်စုအတွက် ကြိုတင်မ​​မျှော်မှန်းထား​သော အ​ခြေအ​​နေဖြစ်သည်။ သူတို့အရှိုက်တည့်တည့်ကို အထိုးခံခဲ့ရခြင်း​လေသည်။

ထိုအပြင်အာဏာသိမ်းစစ်အုပ်စု၊ စစ်​ကောင်စီအဖွဲ့ဝင်များ၊ ပြည်သူများကိုသတ်ဖြတ်​ရန်​စေခိုင်းသူများ၊ဖိနှိပ်သူများနှင့် ၎င်းတို့၏ မိသားစုအ​ပေါ် ပြည်သူများ၏ လူမှု​ရေးအရပြစ်ဒဏ်ခတ်မှု (Social Punishment) မှာလည်း ထိ့​ရောက်မှုရှိပြီး အာဏာသိမ်းအုပ်စုနှင့် အ​ပေါင်းအပါများအ​ပေါ်အထိနာ​စေ​​နေပါပြီ။

၂၀၂၀ ​ရွေး​ကောင်ပွဲအနိုင်ရ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီမှာ ​​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် ပါတီ​ခေါင်း​ဆောင် များစွာဖမ်းဆီးခံခဲ့ရပြီး​နောက် အာဏာသိမ်းမှုအ​ပေါ်တုန့်ပြန်မှုများ​သည်ရက်​ပေါင်းများစွာဝေဝါးဝါးနှင့်အား​ပျော့ခဲ့သည်။ သို့​သော် ပြည်သူများ၏ တိုက်တွန်းမှုဖြင့်ပင် ​ရောက်သည့်​နေရာမှ လွှတ်တော်​ခေါ်ကာ ကျန်းသစ္စာကျိန်ဆိုခြင်း၊ ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ(CRPH) ဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့များဖွဲ့စည်း​စေခြင်း၊ နိုင်ငံတကာနှင့်ချိတ်ဆက်ကာ အဖြစ်မှန်ကို ကမ္ဘာကပိုသိရန်၊စစ်အုပ်စုကို နိုင်ငံတကာကအသိအမှတ်မပြုရန် ပိုဖိုဖိအား​ပေးနိုင်လာသည်။ထို့အပြင် ခတ္တဒုတိယ သမ္မတခန့်အပ်ခြင်း၊ ဝန်ကြီးများ ခန့်အပ်ခြင်း၊ နိုင်ငံအတွက်လိုအပ်​သောအမိန့် နှင့် ညွန်ကြားချက်များထုတ်ပြန်ကာ နိုင်ငံ​ရေးအရ ပီပြင်စွာ ဦး​ဆောင်လာ​နေပြီဖြစ်သည်။ အထူးသဖြင့် CRPH ကို ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက အသိအမှတ်ပြုလာရန်နှင့် အာဏာသိမ်းစစ်အုပ်စုကို နိုင်ငံတကာကအသိအမှတ်မပြုဘဲ ပိတ်ဆိုကန့်သတ်မှုများဖြင့်ဖိအားပို​ပေးလာနိုင်​စေရန် CRPH ကမနားမ​နေ ကြိုးစား​နေသည်။

အာဏာသိမ်းအုပ်စုက အင်တာနက်ဖြတ်​တောက်ခြင်း၊ သတင်းဌာန ၅ ခုကို ပိတ်သိမ်းခြင်း၊ သတင်း​ထောက် ၄၀ ခန့်ကိုဖမ်းဆီးအ​ရေးယူကာ သတင်းအချက်အလက်များကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့​သော်လည်း နည်းပညာတိုးတက်​နေ​သော​ခေတ်တွင် ရဲရင့်လှ​သောပြည်သူများ​၊ တီထွင်ဖန်တီးမှု​ကောင်း​သော Generation Z မျိုးဆက်များ၊ မြန်မာ့ဒီမိုက​ရေစီအ​ရေးတွင် စိတ်​ကောင်း​စေတနာ​ကောင်းရှိ​သော နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများကြောင့် ကမ္ဘာကြီးက မြန်မာနိုင်ငံတွင် ဘာဖြစ်​နေသည်ကို ရှင်းလင်းစွာ၊ အနီးကပ်​မြင်​တွေ့​နေရသည်။ ထိုအချက်မှာ ရှစ်​လေးလုံးအ​ရေး​တော်ပုံ၊ ​ရွှေဝါ​ရောင်​တော်လှန်​ရေး တို့နှင့် အဓိကခြားနားခြားလည်းဖြစ်သည်။ နိုင်ငံတကာက မြန်မာနိုင်ငံတွက်ဖြစ်​ပေါ်​နေ​သောအ​ခြေအ​နေကို ရှင်းလင်းစွာ သိရှိပြီး အ​မေရီကန် ၊ဗြိတိန်၊က​နေဒါ ၊ ဥ​ရောပသမဂ္ဂစ​သော နိုင်ငံများမှအာဏာသိမ်းအုပ်စုအ​ပေါ် ပိတ်ဆိုအ​ရေးယူမှုများတိုးလုပ်ကာ၊ပြည်သူများအ​ပေါ် ​ထောက်ခံအား​ပေးမှုများပြုလုပ်လာသည်။

သို့​သော် ပြည်သူများလိုလားသကဲ့သို့စစ်အုပ်စုအချိန်တိုအတွင်းအထိနာ​ရေမည့် ပြင်းထန်​သော၊ ထိရောက်​သောတုံ့ပြန်မှုများကို အ​မေရီကန်၊ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာမှ ယခုအချိန်ထိမပြုလုပ်​သေး​ပေ။ ပြည်သူများကို ရန်သူလိုသ​ဘောထားပြီး ရက်ရက်စက်စက်သတ်ရန်ဝန်မ​လေး​သော အကြမ်းဖက်အုပ်စုနှင့်ရင်ဆိုင်​နေရချိန်တွင် နိုင်ငံတကာက စစ်အုပ်စု​အထိနာ​စေမည့်အ​ရေးယူမှု ပိုမိုလိုအပ်​နေဆဲဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုအ​နေဖြင့်မှု နိုင်ငံ့အာဏာကိုဓားပြတိုက်ထားသည်မှာ ၄၃ ရက်ရှိပြီဖြစ်​သော်လည်း ၎င်းတို့အ​ပေါ် နိုင်ငံတကာက အစိုးရအဖြစ်အသိအမှတ်မပြုဘဲ၊ တရားဝင်မှု မရှိ​သောအ​ခြေအ​နေမှာ အကြီးအကျယ်အထိနာ​စေသည်။ ထိုင်းနှင့် အင်ဒိုနီးရှားတို့က အ​စောပိုင်းတွင် ကြားဝင်၍ အမြတ်ထုတ်ရန် ကြိုးစား​သော်လည်း မြန်မာပြည်သူများ၏ ဖိအား​ကြောင့်မသိမသာ ​နောက်ဆုတ်သွားသည်။ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံ​ရေး​ကောင်စီတွင် မြန်မာကို အ​ပေါ်အ​ရေးယူရန်ကြိုးစားတိုင်းစစ်အုပ်စုဘက်မှ ရပ်တည်ခဲ့​သောရုရှားသည်ပင်​ မြန်မာနိုင်ငံအ​ခြေအ​နေကိုစိုးရိမ်ပြီးအ​ခြေအ​နေကို​အ​လေးထား စောင့်ကြည့်​နေ​ကြောင်း လေသံ​ပြောင်းလာသည်။ စစ်အုပ်စုဘက်မှ ရပ်တည်​နေ​သောတရုတ်နိုင်ငံမှာလည်း စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြု​ပေးခြင်းကို ​ပေါ်​ပေါ်ထင်ထင်မလုပ်ရဲ​ဘဲ အ​ခြေအ​နေ​စောင့်ကြည့်ကာ ကိုယ်ကျိုးစီးပွားအတွက်ကစား​နေဆဲ။

ထို့​ကြောင့် အ​မေရီကန်ဒေါ်လာနှစ်သန်းဖြင့် အစ္စ​ရေး​​အေးဂျင်​့ဟောင်း တည်​ထောင်ထားသည့် ​လောဘီကုမ္ပဏီကို ငှားရမ်း၍ နိုင်ငံတကာတွင် လူရာဝင်​ရေးကြိုးပမ်း​သော အကြမ်းဖက်အုပ်စုအတွက် တရားဝင်မှု (legitimacy) မှာ ဘယ်​သောအခါမှ ရမည့်​အရာမဟုတ်​ပေ။

ထို​ကြောင့် မျက်နှာစာအသီးသီးတွင် အကြမ်းဖက်အုပ်စုမှာ အ​ရေးမလှဖြစ်​နေပါသည်။ အကြမ်းဖက်အုပ်စုမှာ လက်နက်ကိုင်ထားပြီး လူ့အသက်များကို မညှာမတာသတ်​လေ​လေ ၎င်းတို့၏ မိုက်ဇာတ်သိမ်းခန်းမှာနီး​လေ​လေပင်။

လူသတ်ခြင်း၊ဖမ်းဆီးခြင်း၊အကြမ်းဖက်ခြင်း၊မုသားများဖြင့် ဝါဒမှိုင်းတိုက်ခြင်း၊ အဂတိလိုက်စားခြင်းတို့ကိုသာလုပ်တက်​သော အာဏာသိမ်းစစ်​ခေါင်း​ဆောင်များအတွက် ပြည်သူများက ဆက်လက်စု​ပေါင်း​တော်လှန်၍ နှစ်​ပေါင်း ၆၀ ​ကျော် ​သွေးစုပ်ခဲ့​သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဇာတ်သိမ်း​ပေးရမည်ဖြစ်သည်။

ထို့အတွက်ပြည်သူများကိုင်စွဲရမည့်လက်နက်မှာ အကြမ်းမဖက်ဘဲ နည်းလမ်း​ပေါင်းစုံဖြင့် အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ရမည်ဖြစ်သည်။

"မြန်မာစစ်​ခေါင်း​ဆောင်များက စစ်တိုက်ရန် လက်နက်​ပေါင်းများစွားကျွမ်းကျင်​ပေမယ့် ခိုင်မာပြတ်သား​သောပြည်သူလူထုမှ သူတို့ရဲ့နိုင်ငံနဲ့ က​လေးငယ်များ၊လူငယ်များအနာဂတ်အတွက် ငြိမ်းချမ်းစွာ ဆန့်ကျင်​တော်လှန်​သော လက်နက်ကိုမူ မည်သို့ကိုင်တွယ်ရမည်ကို မသိကြပါ" ဟု ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ​ရေး​စာတမ်းတင်သွင်းသူ ​သောမတ်အင်ဒရူးက အာဏာသိမ်းစစ်အုပ်စု အခက်​တွေ့​နေပုံကို ​ပြောကြားသည်။

ထို​ကြောင့် ပြည်သူများက အကြမ်းဖက်အုပ်စုထုတ်ပြန်​သော အမိန့်ဟုသမျှကို ဆက်လက်ဆန့်ကျင်ရပါမည်။ လတ်တ​လော ၎င်းတို့အထိခိုက်ဆုံးမှာ ဘဏ်လုပ်ငန်းများရပ်တန့်​နေခြင်းဖြစ်၍ ပုဂ္ဂလိကဘဏ်များကို မတ်လ ၁၇ ရက်မှစ၍ ဖိအား​ပေး​နေသည်။ ​​တော်လှန်​ရေးအစကတည်းကပြည်သူနှင့်ရပ်တည်​ပေး​သော ဘဏ်လုပ်ငန်းရှင်များ၊ ဘဏ်ဝန်ထမ်းများက စစ်အုပ်စု၏ ဖိအား​ပေးမှု​ကြောင့် ပြန်ဖွင့်လျှင်ပင် ပြည်သူများက ဘဏ်မှ ​​ငွေများထုတ်ယူခြင်းဖြင့် တုံ့ပြန်ရမည်ဖြစ်သည်။ ပြည်သူ့အားစမ်းကာပြန်ဖွင့်လိုက်​သော မြဝတီဘဏ်မှာလည်း ​ငွေထုတ်သူအလွန်များ၍ ပြန်ပိတ်ထားရသည်။ ထို​ကြောင့် ပုဂ္ဂလိကဘဏ်များ ပြန်ဖွင့်ရန်ဖိအား​ပေး​နေခြင်းဖြစ်သည်။

ဂျာမန်ဖွံ့ဖြိုး​ရေး​အေဂျင်စီ

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များအ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလီယံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလီယံရှိပြီး ၊ဘဏ်မှ တစ်ဆင့် ချေးငွေမှာ ၂၄ ထရီလီယံရှိခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ပုဂ္ဂလိကဘဏ်များသည် ပြည်သူ့ဆန္ဒဆန့်ကျင်၍ အာဏာသိမ်းအုပ်စုအလိုကျ ပြန်ဖွင့်ပါက ပြည်သူများကဘဏ်အ​ပေါ်ယုံကြည်မှုမရှိ​တော့ဘဲ အပ်ငွေဝိုင်းထုတ်လျှင် ဘဏ်များအားလုံးပြိုမည်ဖြစ်ပါသည်။

၂၀၂၀ တစ်နှစ်တာပတ်လုံး ကမ္ဘာ့ကပ်​ရောဂါ COVID-19 ၏ ဒဏ်ခံခဲ့ရသဖြင့် မြန်မာ့စီးပွား​ရေးအ​ဆောက်အအုံတစ်ခုလုံးအ​ပေါ်ပြင်းထန်စွာထိ့ခိုက်ခဲ့ပြီး ဘဏ်များတွင် ​ငွေလက်ကျန်မှာ ၂၀၁၉ ကထက်ပင် နည်း​နေမည်မှာ​ သေချာသည်။ စစ်အုပ်စု၏ ဗဟိုဘဏ်ကိုယ်တိုင်တွင်လည်း​ နိုင်ငံခြား​အရန်ငွေ​ရော၊ ကျပ်​ငွေပါ အလွန်နည်း​နေပြီဖြစ်သည်။

ရဲရင့်ပြီး၊ အနစ်နာခံ​သော ပြည်သူ့ဝန်ထမ်းများက အကြမ်းမဖက်အာဏာဖီဆန်မှု CDMကိုဆက်လုပ်ကြရပါမည်။ CRPH ကလည်း ပြည်သူများအ​ပေါ် အကာအကွယ်​ပေးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ညှိနှိုင်းကာ တိုင်းရင်းသား​ပေါင်းစုံပါဝင်​သော ပြည်​ထောင်စုတပ်မ​တော် တည်​ထောင်​ရေးကိုအရှိန်မြှင့်ရပါမည်။ ထိုအပြင် နိုင်ငံတကာနှင့်ကျယ်ပြန့် နက်ရှိုင်းစွာချိတ်ဆက်၍ စစ်အုပ်စု​ခြေလှမ်းများကို ​နောက်ပြန်ဆုတ်သွားရန်၊ ထိုက်တန်​သောပြစ်ဒဏ်များ ချမှတ်နိုင်ရန် တွန်းအား​ပေးရပါမည်။

ဤ​နေရာတွင်အ​ရေးကြီးသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်ချက်ဖြစ်သည်။ အကြမ်းဖက်အုပ်စု၏ အာဏာသိမ်းမှုအ​ပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကာ ဆန့်ကျင်ခြင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ၊ ချင်းလက်နက်ကိုင်အဖွဲ့ (CNF) တို့ပါဝင်​သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ​ရေးစာချုပ်(NCA) လက်မှတ်​ရေးထိုးထား​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ ကသာပြုလုပ်ထားသည်။အထူးငြိမ်ချက်သား​ကောင်း​နေသည်မှာတရုတ်လွှမ်းမိုးမှု ခံ​​နေ​သော ဝလက်နက်ကိုင်အဖွဲ့(UWSA) ၊ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ပါဝင်​သော​မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ကချင်ပြည်နယ်တွင်ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများ ထိခိုက်ကျဆုံးလာ​သောအချိန်တွင်မှ တိုင်းရင်းသား​ဒေသခံပြည်သူများ၏ ဖိအား​​ကြောင့် ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIA) က စစ်စခန်းအချို့ကို တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ TNLA ကလည်း အာဏာသိမ်းပြီးရက်အ​တော်ကြာမှ ​ဒေသခံပြည်သူများ၏ ဆန္ဒပြပွဲများကို ကူညီ​စောင့်​ရှောက်​ပေးလာပြီး၊ စစ်​ရေးအရတုံ့ပြန်မှု ပြုလုပ်လာသည်။ ​​မြောက်ပိုင်းလင်နက်ကိုင်အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရှင်းလင်းစွာမြင်ရန်မှာ​ခေတ်အဆက်ဆက်နယ်စပ်​ဒေသမှ တိုင်းရင်းသားပြည်သူများအ​ပေါ် ရက်ရက်စက်စက်သတ်ဖြတ်၊ အမျိုးသမီးကောင်းများစွာကို အဓမ္မပြုကျင့်၊ စည်းစိမ်းဥစ္စာများဓားပြတိုက်ဖျက်ဆီးခဲ့သူများမှာ စစ်အာဏာရှင်များ၏ လက်ပါး​စေတပ်ဖွဲ့ပင်ဖြစ်ပါသည်။

ယ​နေ့ လမ်း​ပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို ရက်ရက်စက်စက်ပစ်သတ်​နေ​​သော၊​ စေခိုင်းသော အကြမ်းဖက်သမားများပင်ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းရှိပြည်သူများနည်းတူ ဗမာတိုင်းရင်းသားများမှာလည်း အဖိနှိပ်ခံပြည်သူများသာဖြစ်သည်။ သို့​သော် စစ်အာဏာရှင်များ၏ ဝါဒဖြန့်မှု​ကြောင့် ဗမာလူမျိုးကြီးဝါဒကို မသိမသာ​​ရော၊ သိသိသာသာပါ စွဲကပ်​နေပြီး တိုင်းရင်းသား​ဒေသများတွင် တိုင်းရင်းသားညီအစ်ကို၊​ မောင်နှစ်မများ ဖိနှိပ်ခံ​နေရချိန်တွင် လုံ​လောက်သာစာနာမှုနှင့် ကူညီမှုမ​ပေးနိုင်ခဲ့သည်ကိုလည်းဝန်ခံပါသည်။ သို့​သော် နိုင်ငံ​ရေးအရပိုမိုပွင့်လင်းခဲ့​သော နှစ်အနည်းငယ်ကို ဖြတ်သန်းပြီးချိန်တွင် တစ်နိုင်ငံလုံးရှိပြည်သူများ အထူးသဖြင့်မျိုးဆက်သစ်များမှာ ပြည်​ထောင်စုသစ်တည်​ထောင်ရန် လိုအပ်​သောပြည်​ထောင်စုစိတ်ဓါတ် အ​ခြေခံရှိ​နေပြီဖြစ်သည်။

ထိုအချက်ကို နိုင်ငံတစ်ဝန်းဆန္ဒပြပွဲများကို ရဲဝံ့စွာဦး​ဆောင်​နေ​သော လူမျိုး၊ ဘာသာ၊ အ​သွေးအ​ရောင်၊ ကျား/မ၊ အရပ်​ဒေသ မခွဲများဘဲ တစ်ခုတည်း​သောစိတ်ဓာတ်ဖြစ်​သော စစ်အာဏာရှင်စနစ်ဖြုတ်ချ​ရေး၊ ဖက်ဒရယ် ဒီမိုက​ရေစီ နိုင်ငံ​ပေါ်​ပေါက်​ရေးအတွက် တိုက်ပွဲဝင်​နေ​သောအသက် ၂၅ နှစ်​အောက် Generation Z မျိုးဆက်များ၏ မျက်နှာများတွင်အထင်အရှား​မြင်​တွေ့နိုင်ပါသည်။

ထို​ကြောင့် တရုတ်၏ ခါးပိုက်​ဆောင်တပ်များအဖြစ် စစ်အာဏာရှင်အလိုကျ ရပ်တည်မည်လား၊ တစ်နိုင်ငံလုံးရှိပြည်သူများနှင့်အတူ ရပ်တည်မည်လားဆိုသည်ကို အလုပ်ဖြင့်သက်​သေပြရ​တော့မည်ဖြစ်သည်။ တစ်ကယ်​တော့ စစ်တပ်သည် ၁၉၉၀ အလွန်ကာလများတွင် KIA နှင့်တည်​အောင်​ပေါင်းပြီး KNU ကို တိုက်ခိုက်ခဲ့ခြင်း၊ ရှမ်းပြည်နယ်ကိုဖျက်ဆီးခြင်း၊ ၂၀၁၁ ​ရောက်​သောအခါ KNU၊ RCSS တို့နှင့်တည်​့အောင်​ပေါင်းပြီး KIA ကိုတိုက်ခိုက်ခြင်း၊ ၂၀၁၆ မှစ၍ ကျန်လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း​ရေးဆွေး​နွေးဟန်ပြု၍ ရခိုင်လက်နက်ကိုင်
အဖွဲ့ (AA) ကို တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်အနှံ မီး​လောင်တိုက်သွင်းခဲ့သည်မှာ ယခုစစ်တပ်ပင်ဖြစ်သည်။ ယ​နေ့ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သောပြည်သူများကို လူမျိုး၊ ဘာသာမ​ရွေး၊ အရပ်​ဒေသမ​ရွေး၊ ရဟန်းသံဃာများကိုပင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်​နေ​သော မင်း​အောင်လှိုင်၏ စစ်တပ်ပင်ဖြစ်သည်။

​​ဒေါ်​အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရနှင့် နိုင်ငံကိုဒုက္ခ​ပေးရန် ဘဂ်လီ(ရိုဟင်ဂျာ)ပြသာနာကိုဖန်တီးပြီး နယ်​မြေရှင်းလင်း​ရေးအ​ကြောင်းပြချက်ဖြင့် ဘင်္ဂါလီများကို ကြမ်းကြုတ်စွာလူမျိုးတုံးသတ်ဖြတ်ပြီး နိုင်ငံ​ကို ဒုက္ခတွင်းထဲဆွဲချခဲ့​သော မင်း​အောင်လှိုင်၏အကြမ်းဖက်အဖွဲ့ပင်ဖြစ်သည်။ သို့​သော် ယခုရက်ပိုင်းတွင် အာဏာသိမ်းစစ်​ကောင်စီနှင့် UWSA၊ KIA၊ AA စ​သော လက်နက်ကိုင်အဖွဲ့အချို့မှာ တရုတ်တွင် အပစ်အခတ်ရပ်စဲ​ရေးသ​ဘောတူရန်စီစဉ်နေ​ကြောင်း အတွင်းမှ သတင်းသိုးသိုးသန့်သန့်ထွက်​ပေါ်သည်။ အမှန်ဖြစ်ပါက အကြမ်းဖက်စစ်အုပ်စုနှင့်အတူ နိုင်ငံကိုဖျက်ဆီးခဲ့​သောအ​ပေါင်းအပါ စာရင်းတွင် ထပ်တိုးလာမည်ဖြစ်ပါသည်။ ​သေချာသည့်အရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စစ်အာဏာရှင်များနှင့်​ပေါင်းပါကလည်း အကြမ်းဖက်စစ်အုပ်စုက မလို​တော့သည့်အချိန်တွင် ၎င်းလက်နက်ကိုင်အဖွဲ့များနှင့် ​ဒေသခံတိုင်းရင်းသားများကို အလိမ်အညာဇာတ်လမ်းများဖန်တီး၍ စစ်ပွဲများဖန်တီးပြီး ​သတ်ပြဦးမည်သာဖြစ်ပါသည်။

ထို​ကြောင့် မြန်မာပြည်သူများ၏ အကျိုးစီးပွား ဘယ်သောအခါမှမကြည့်ဘဲ အာဏာရှိသူကိုသာအဖက်လုပ်ပြီး မိမိအမြတ်ရရှိ​​ရေးကိုသာကြည့်​သော တရုတ်နိုင်ငံသြဇာဆက်ခံကြမည်လား၊ လက်နက်ကလွဲ၍ဘာမျှမရှိ​သော အကြမ်းဖက်စစ်အုပ်စုနှင့်​ ပူးပေါင်းမည်လားဆိုသည်ကို ​UWSA၊ KIA၊ AA၊ TNLA စ​သောလက်နက်ကိုင်အဖွဲ့များ အမြန်အ​ဖြေ​ပေးရ​တော့မည့်အချိန်ဖြစ်ပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ​ရေး၊ ဖက်ဒရယ်ပြည်​ထောင်စု အိပ်မက်တို့မှာ အကြမ်းဖက်အုပ်စု တွင်ရှိမည်ထင်ပါက အမှားကြီးမှားပြီး သမိုင်းတရားခံများသာဖြစ်ကြပါလိမ့်မည်။ ဖက်ဒရယ်ပြည်​ထောင်စုစိတ်ဓာတ်၊ ဖက်ဒရယ်ဒီမိုက​ရေစီစနစ်တည်​ထောင်ရန်စိတ်ပိုင်းဖြတ်မှုနှင့် အမှန်တရားမှာ ယ​နေ့ စစ်အုပ်စုကို​တော်လှန်​နေ​သော ပြည်သူများထံတွင်သာရှိပါသည်။ ပြည်သူများနှင့်ပြည်သူများကမဲ​ပေးရွေး​ကောက်တင်​မြှောက်ထား​သော လွှတ်​တော်ကိုယ်စားလှယ်များကသာ ဖက်ဒရယ်ဒီမို ကရေစီစနစ်ကို ​ဖော်​ဆောင်​ပေးရန် စိတ်ပိုင်းဖြတ်မှု၊စိတ်​စေတနာ၊ စိတ်အ​ခြေခံများရှိ​နေပါသည်။ ထို​ကြောင့် နှစ်​ပေါင်း ၆၀ ​ကျော်တိုင်နိုင်ငံ​ကိုဖျက်ဆီးခဲ့​သော စစ်အာဏာရှင်စနစ်ကို အမြစ်ကစဆွဲနုတ်ပြီး ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ထူ​ထောင်ရန် အ​ကောင်းဆုံးအခွင့်အ​ရေးကို အမိအရအသုံးချပြီး ပြည်သူများနှင့်အတူ လက်တွဲကြိုပမ်း​ပေးရန် တိုင်းရင်းသားလက်နက်ကိုင် ညီအစ်ကိုများကို ​မေတ္တာရပ်ခံလိုပါသည်။ တရုတ်နိုင်ငံအ​နေဖြင့်လည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းပီသစွာရင်းနှီး​သော ဆက်ဆံ​ရေးတည်​​ဆောက်လိုပါက ပြည်သူလူထု၏ ဆန္ဒကိုသာအ​လေးထားရမည်ဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုကို အကာအကွယ်​​ပေးခြင်း ၊ ​အသိ့အမှတ်ပြု ပူး​ပေါင်​ဆောင်ရွက်ရန် ကြိုးစားပါက ဘယ်​​သောအခါမှ ပြင်ဆင်မရ​တော့မည့် မြန်မာပြည်သူများ၏ ထာဝရရန်သူဖြစ်လာပြီး အားလုံးအတွက် ဆုံးရှုံးမှုများ
မည့်အ​ရေးကိုအ​လေးအနက်စဉ်းစားပြီး အမှန်ပြန်ပြင်ရန် အချိန်သိပ်မကျန်​တော့​​ပေ။

ပြည်သူများကလည်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ အကြမ်းဖက်အုပ်စုက ရန်မူလာလျှင် ပြန်လည်ခုခံကာကွယ်​သောနည်းလမ်းများဖြင့် ရှစ်​လေးလုံးအ​ရေး​တော်ပုံ၊ ​ရွှေဝါ​ရောင်​တော်လှန်​ရေး တို့တွင် မိမိတို့၏ မိဘ၊ ဘိုးဘွားများ ​အပြီးမသတ်နိုင်ခဲ့​သော​တော်လှန်​ရေးကို လက်ဆင့်ကမ်းရင် ဖက်ဒရယ်ဒီမိုက​ရေစီအတွက်​အောင်ပွဲဆင်နိုင်သည်အထိ စုစုစည်းစည်း ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်မှုများမှာ အာဏာရှင်များဖြုတ်ချ​ရေးတွင် အ​ကောင်းဆုံးလက်နက်ဖြစ်သည်။ အာဏာရှင်များအ​ကြောက်ဆုံးလက်နက်လည်းဖြစ်သည်။ ထိုအပြင် အကြမ်းမဖက်​ဘဲငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်မှုအ​ပေါ်အကြမ်းဖက်လာလျှင်နိုင်ငံတကာမှဖိအား​ပေးရန်ပိုမိုလွယ်ကူပြီး၊ အပြန်အလှန်အကြမ်းဖက်​သောပုံစံဖြစ်လျှင် လက်နက်မဲ့ပြည်သူများကိုပိုသတ်နိုင်ရန် စစ်အုပ်စုအတွက်အ​ကြောင်းပြချက်ပို​ကောင်းသွားသလို နိုင်ငံတကာမှဖိအား​ပေးရန်ပိုမိုခက်ခဲသွားနိုင်ပါသည်။

ထို​ကြောင့်အကြမ်းဖက်အုပ်စုမှအကြမ်းဖက်လာလျှင်လည်း ​ရှောင်ကွင်းရန် နည်းဗျူဟာများ၊ ထိပ်တိုက်မ​တွေ့ဘဲ ​နေရာခွဲ၍ ဆန္ဒထုတ်​ဖော်မှုများပြုလုပ်ရမည်ဖြစ်သလို၊ အန္တရာယ်ကျ​ရောက်လာ​သောအ​ခြေအ​နေတွင်မူ ခုခံကာကွယ်​​ရေးဗျူဟာများကိုလည်းအသုံးပြုရမည်ဖြစ်သည်။

​လက်နက်အားကိုးဖြင့်​နေစဉ် ပြည်သူများကို ​နေ့စဉ် သတ်ပြ​နေ​သော်လည်း ​သေရန်မ​ကြောက် ၊စစ်အာဏာရှင်စနစ်ကိုသာ ရွံမုန်းပြီးဒီမိုက​ရေစီကိုလိုလား​သောပြည်သူများ​ကြောင့် ​အောင်ပွဲသည် ပြည်သူများ​ရှေ့တွင်သာရှိ​နေပါသည်။အကြမ်းဖက်အုပ်စုတွင်မူ လက်နက် ၊အမုန်းတရား၊သံသယ၊​မယုံကြည်မှု၊ သူရဲ​ဘော​ကြောင်မှု၊မုသားများသာရှိသည်။စစ်​ခေါင်း​ဆောင်များရရှိမည် မှာ လူသားမျိုးနွယ်အ​ပေါ် ရာဇဝတ်ကျူးလွန် ခြင်းအတွက် ပစ်ဒဏ်များပင်ဖြစ်ပါသည်။

လက်နက်ကိုင်အဖွဲ့​ခေါင်း​ဆောင်ဖြစ်​​သော်လည်းလှိုင်​ခေါင်းအတွင်းမှပုန်း​အောင်းမိန့်ခွန်း​ပြော​နေ​သော အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်၏ မျက်နှာကိုကြည်၍ အကြမ်းဖက်အဖွဲ့ ၏ ယုံကြည်ချက်ကင်းမဲ့​နေပုံကိုလည်းအထင်းသားမြင်နိုင်ပါသည်။

အခြားတစ်ဖက်တွင် လမ်းမ​ပေါ်ထွက်လျှင်အသက်​သေနိုင်သည်၊အဖမ်းခံရနိုင်သည်ကိုသိသော်လည်းပြည်သူများက သတ္တိရှိရှိဖြင့်အာဏာရှင်ကိုဆန့်ကျင်​နေဆဲပင်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်​ကြောင်း​နောက်ဆုံးထွက်သက်အထိ့ လက်သုံး​ကြောင်း​ထောင်လျက် ​ကြွေလွှင့်သွားခဲ့​သောအာဇာနည်ကြယ်ပွင့်များ၏ ​ပေးဆပ်မှုက ခမ်းနားလွန်းသည်။ ​

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်ယုံကြည်ခြင်းကိုစွဲကိုင်ရင် ​ကျောပိုးအိတ်တစ်လုံး၊ လက်ဗလာဖြင့်​တော်လှန်​နေ​သောပြည်သူများ၏ ဇွဲသတ္တိ​ကောင်း​သော၊ ဉာဏ်ပညာရှိ​သော၊ အမှန်တရားလိုလား​သော၊ ခိုင်ကျည်ရဲဝင့်​သော စိတ်ဓာတ်နှင့် စုစည်းညီညွှတ်မှု​ကြောင့်ပင် ပြည်သူများက​ ​နွေဦး​တော်လှန်​ရေးတွင် မုချအောင်ပွဲရမည်ဖြစ်သည်။ ထို့အတွက်ပြည်သူတစ်ဦးချင်းလုပ်ရမည့် တာဝန်မှာ နိုင်ငံအာဏာဓါးပြတိုက်ထား​သော အကြမ်းဖက်အုပ်စု၏ အမိန့်ဟုသမျှကိုမနာခံဘဲ မိမိလုပ်နိုင်သ​လောက် ၊လက်လှမ်းမှီသ​လောက် ဖီဆန် ဆန့်ကျင်ကြရန်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading