ထိုကာကွယ် ခုခံပိုင်ခွင့် အစီအမံများမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ဖွဲ့စည်းနိုင်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်သည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ထုတ်ပြန်ချက်က ဆိုသည်
အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကို ခုခံကာကွယ်ရန်နှင့် ဖက်ဒရယ်တပ်မတော်တစ်ရပ် တည်ထောင်ရန် ရည်ရွယ်ပြီး ပြည်သူအချင်းချင်း ကာကွယ်စောင့်ရှောက်ရန် ခုခံပိုင်ခွင့် လုပ်ငန်းစဉ်တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ( မတ် ၁၅) နေ့လည်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။
အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က အကြမ်းဖက် သတ်ဖြတ်စော်ကားမှုများ မပြုလုပ်နိုင်ရန် မြို့နယ်နှင့်ရပ်ကွက်၊ကျေးရွာများအလိုက် ပြည်သူအချင်းချင်း ကာကွယ်စောင့်ရှောက်သွားရေး အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွတ်သွားရန် CRPH ၏ ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ ချမှတ်အကောင်အထည်ဖော်ရာတွင် ရပ်ရွာအခြေပြု ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းပြီး အကြမ်းဖက်ဝါဒီ စစ်အုပ်စု၏ လူမဆန်သော ရက်စက် ကြမ်းကြုတ်မှုများကို စနစ်တကျ ရင်ဆိုင်တုံ့ပြန်သွားရန်နှင့် စစ်အာဏာရှင်များနှင့် ၎င်းတို့၏ လက်ပါးစေများအား တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဘုံရန်သူအဖြစ် သက်မှတ်ကာ ဒဏ်ခတ်အရေးယူရန်ဟုလည်း ပါရှိသည်။
ထိုကာကွယ် ခုခံပိုင်ခွင့် အစီအမံများမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ဖွဲ့စည်းနိုင်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်သည်ဟု CRPH က ထုတ်ပြန်လိုက်သည်။


အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လူသတ်မှုများကို ခုခံကာကွယ်ရာတွင် (၁) ခုခံကာကွယ်ရေး လုပ်ငန်းစဉ် (၂) ထောက်ပံ့ကူညီရေး လုပ်ငန်းစဉ် (၃) ကယ်ဆယ်ရေးနှင့်ကုသရေး လုပ်ငန်းစဉ် (၄) သတင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းစဉ် (၅) စုံစမ်းစစ်ဆေးဖော်ထုတ်ရေး လုပ်ငန်းစဉ်ဟူ၍ လုပ်ငန်းစဉ် (၅) ရပ်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်သည်။
စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယမန်နေ့ (မတ် ၁၄) အထိ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၁၂၆ ဦးထိရှိနေပြီဖြစ်ပြီးဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ် ခံထားရသူ ၂၁၅၆ ဦးထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။


Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။







