တပ်မတော်သားများ အနှောင်အဖွဲ့ကင်းစွာ မဲပေးနိုင်မလား

နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်အတွင်း တွေ့ရသော တပ်မတော်သား ၂ ဦး (ဓာတ်ပုံ - စိုးဇေယျာထွန်း/Reuters)
နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်အတွင်း တွေ့ရသော တပ်မတော်သား ၂ ဦး (ဓာတ်ပုံ - စိုးဇေယျာထွန်း/Reuters)

မှော်ဘီ၊ ရန်ကုန် - ရန်ကုန်မြို့ ဆင်ခြေဖုံး တပ်ရင်းတစ်ခုတွင် တစ်နေ့တာ လေ့ကျင့်သင်တန်းများပြီးဆုံးပြီးနောက် လယ်ကွင်းထဲမှ တက်လာသည့် တပ်ကြပ် ခင်မောင်သန်းနှင့် ရဲဘော်သုံးဦးတို့၏ စစ်ရောင်ယူနီဖောင်းများတွင် ရွှံ့များဖြင့် ပေလူးနေသည်။

သူတို့သည် စိုက်ပျိုးရေးနည်းပညာသင်တန်းတက်ရောက်ရန် မြန်မာနိုင်ငံအခြားဒေသများရှိ တပ်စခန်းများမှ ယခုသင်တန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် သူတို့ မဲပေးမည်လား၊ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိမည်လားဆိုသည့် မေးခွန်းများကို ပြတ်သားရှင်းလင်းစွာ ပြန်လည် ဖြေဆိုနိုင်ခြင်း မရှိခဲ့ပေ။

“ကျွန်တော်တို့အနေနဲ့ ဘယ်ပါတီကို မဲပေးရမယ်ဆိုပြီး ညွှန်ကြားခံထားရတာ မရှိပါဘူး” ဟု တပ်မတော်တွင် ၃၅ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးဖြစ်သည့် အသက် ၅၂ နှစ်အရွယ် တပ်ကြပ် ခင်မောင်သန်းက ပြောသည်။

မဲပေးရာတွင် ယူဆောင်သွားရမည့် နိုင်ငံသားစိစစ်ရေးကတ်သည် တပ်ရင်းတွင် ထားခဲ့ရသဖြင့် အဆိုပါနေ့တွင် မဲပေး၍ ရ၊ မရ မသိကြောင်း သူက ပြောသည်။

“ကျွန်တော်မဲပေးမယ့် ပါတီအမည်ကို ကျွန်တော့်မိခင်တပ်ရင်းမှာရှိတဲ့ တစ်ယောက်ယောက်ကို ဖုန်းကနေပဲ မက်ဆေ့ချ်ပေးဖြစ်မယ် ထင်တယ်” ဟု သူဖြစ်ချင်သည့် အနေအထားကို ပြောသည်။

ခင်မောင်သန်းနှင့်အတူရှိနေသည့် ရဲဘော်တစ်ဦးက သူ၏ မိခင်တပ်ရင်းမှ တပ်ရင်းမှူးက သူ့ကိုယ်စား မဲပေးလိမ့်မည်ဟု ပြောသည်။ နောက်ရဲဘော်တစ်ဦးကို မေးကြည့်သည့်အခါ ဒေါသထွက်သွားပြီး စစ်တပ်အတွင်း နိုင်ငံရေးကိစ္စပြောခြင်းသည် ရှောင်ကြည်စရာဖြစ်သည်ဟု ခါးခါးသီးသီး တုန့်ပြန်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်သားဦးရေ လေးသိန်းခန့်ရှိပြီး အများစုသည် တပ်ရင်းတပ်ဖွဲ့များအတွင်းရှိ မဲရုံများတွင် မဲပေးကြမည်ဖြစ်သည်။ တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိမည်လားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက အဖြေမရှာနိုင်သေးပါ။

ဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်နေသော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တပ်မတော်၏ ကိုယ်ခွဲပါတီအဖြစ် ရှုမြင်ခံထားရသောကြောင့် တပ်မတော်သားအများအပြား ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့်ရရှိပါမည်လားဟု အခြားနိုင်ငံရေးပါတီများက စိုးရိမ်လျက်ရှိသည်။

တပ်ရင်းတပ်ဖွဲ့များရှိသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက စစ်တန်းလျားတွင် မဲပေးမည့်ပုံစံကို သံသယရှိကြောင်းနှင့် အတိုက်အခံတို့အတွက် စစ်သားမဲများရရန် မျှော်လင့်မထားကြောင်း ပြောကြားသည်။

“စစ်တပ်တွေထဲမှာ ပေးမယ့်မဲတွေက ကျွန်တော်တို့အတွက်မဖြစ်နိုင်ဘူးလို့ ယူဆထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် ရှားရှားပါးပါး စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျက ပြောသည်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ကြိတ်ပြီး လေးစားခဲ့သောကြောင့် NLD ပါတီသို့ ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချသင့်ပြီဖြစ်ကြောင်း သူက ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေအရ လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရမည် ဖြစ်သောကြောင့် အဆိုပါ နေရာများအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုပေ။

မဲပေးရန် အမိန့်

ဒုတိယဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁ဝ,ဝဝဝ ခန့်အနက် ၃,ဝဝဝ ခန့်သည် တပ်မတော်သားများအဖြစ် မှတ်ပုံတင်ထားပြီး အချို့သည် စစ်ဆေးရုံတွင် အလုပ်လုပ်နေသူများဖြစ်သည်။

သို့သော် ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ စစ်တပ်လိုင်းခန်းများတွင် နေထိုင်ကြောင်း မှတ်ပုံတင်ထားသည့် အဆိုပါ တပ်မတော်သား ၃,ဝဝဝ အနက် ၁,ဝဝဝ ခန့်သည့် မည်သည့်နေရာတွင် ရောက်ရှိနေထိုင်သည်ကို မသိရကြောင်း ၎င်းကပြောသည်။ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရရုံးဌာနများကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည့် ၂ဝဝ၅ ခုနှစ်မှစ၍ အဆိုပါ စစ်တပ်လိုင်းခန်းများတွင် လူနေထိုင်မှုမရှိတော့သော်လည်း ၎င်းတို့အမည်များ ဒဂုံမြို့နယ်အတွင်းရှိ မဲစာရင်းတွင် ပါနေကြောင်း သူက ပြောသည်။

ထို့ပြင် ၎င်း၏ မဲဆန္ဒနယ်အတွင်း မဲပေးနိုင်သူများစာရင်းသို့ အထူးရဲတပ်ဖွဲ့ဝင် ၇ဝဝ ခန့်၏ အမည်ကိုလည်း ရွေးကောက်ပွဲကော်မရှင်က ထည့်ခဲ့ကြောင်း သူကပြောသည်။

သူ၏ မဲဆန္ဒနယ်အတွင်း မဲပေးမည့်သူ ထက်ဝက်ခန့်သည် စစ်ဘက်မှ ဖြစ်သောကြောင့် ၎င်းတို့ထံမှ မဲများကို မျှော်လင့်၍ မရကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့သဘောအတိုင်း မဲပေးကြမည်မဟုတ်ဘဲ အထက်အရာရှိများ၏ အမိန့်အတိုင်း မဲပေးကြလိမ့်မည်ဟု ဦးကျော်ဇေယျက သုံးသပ်သည်။

“ကျွန်တော် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုရင်တောင်မှ ပွတ်ကာသီကာပဲဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။

၂ဝ၁၃ ခုနှစ်တွင် အငြိမ်းစားမယူမီအထိ စစ်တပ်တွင် နှစ်၃ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သည့် စစ်တပ်၏ သဘောသဘာဝကို နားလည်ထားကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။

တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုများ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မည်သည့်ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ရမည် ဆိုသည်မှာ အထက်မှလာသော အမိန့်ပေါ်တွင် မူတည်နေကြောင်း ၎င်းက ပြောသည်။

“စစ်တပ်ထဲက တာဝန်ရှိသူတစ်ယောက်ကနေ တပ်ရင်းမှူးက အစိမ်းကိုပဲ မဲပေးရမယ်လို့ အမိန့်ပေးထားတယ်လို့ ပြောလိုက်ရင် အားလုံးက အစိမ်းကိုပဲ မဲပေးကြမှာပါ” ဟု အစိမ်းရောင်အလံနှင့် ပါတီအမှတ်တံဆိပ်ကို သုံးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ရည်ညွှန်းကာ ဦးကျော်ဇေယျက ပြောသည်။

အမိန့်မနာခံသူများအနေဖြင့် အနာဂတ် အခွင့်အလမ်းများ၊ ရာထူးတိုးမှုများ ထိခိုက်မှုရှိနိုင်ကြောင်း၊ မဲပေးရာတွင် လျှို့ဝှက်မှု ရှိသင့်သော်လည်း အများသူငါ ဝင်ရောက်ခွင့်မရှိသော စစ်တပ်နယ်မြေအတွင်းရှိ မဲရုံများတွင် မဲရေတွက်မည်ဖြစ်သောကြောင့် လျှို့ဝှက်လုံခြုံမှု အပြည့်အဝရမည် မဟုတ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

‘ယုံကြည်ရသောရွေးကောက်ပွဲ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းအဖွဲ့’ မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးစိုင်းရဲကျော်စွာမြင့်က မဲပေးသည့် မဲရုံများတွင်သာ ဆန္ဒမဲလက်မှတ်များကို စစ်ဆေးခြင်းသည် မဲဆန္ဒရှင်များ၏ လျှို့ဝှက် ဆန္ဒမဲပေးခွင့်ကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။

“အခြားနိုင်ငံတွေမှာဆိုရင် မဲရုံက မဲလက်မှတ်တွေကို လျှို့ဝှက်လုံခြုံမှုရှိတဲ့ အခြားနေရာတစ်ခုခုမှာ သွားပြီး ရေတွက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဒီစနစ် မရှိသေးပါဘူး။ ဒီမှာ ကိုယ်ပေးတဲ့ မဲရုံမှာပဲ မဲတွေကို ရေတွက်ကြတယ်။ အဲဒီလိုလုပ်ခြင်းကြောင့် နောက်တက်မယ့် အစိုးရအနေနဲ့ အဲဒီမဲဆန္ဒနယ် ကျေးရွာကိုပဲဖြစ်ဖြစ်၊ စစ်တပ်နယ်မြေကိုပဲဖြစ်ဖြစ် အငြိုးအတေး ရှိလာနိုင်ပါတယ်” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များ

စစ်တပ်အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ အောက်ခြေသို့ သီးခြားအမိန့်များ ထုတ်ပြန်ထားခြင်း ရှိ၊ မရှိ မသိရသော်လည်း သူတို့အရိပ်အကဲကတော့ ရှင်းနေပါသည်။

အောက်တိုဘာ ၂ဝ ရက်နေ့က နေပြည်တော်တွင် တပ်မတော်အရာရှိ ရာပေါင်းများစွာနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် မိသားစုများအနေဖြင့် တပ်မတော်အပေါ် နားလည်နိုင်သည့်၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့်၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများ၏ သြဇာခံ မဟုတ်သည့် သူများကိုသာ ရွေးကောက်ပွဲတွင် မဲပေးရန် မိန့်ခွန်းခြွေခဲ့သည်။

ထိုစကားသည် တပ်မတော်အရာရှိဟောင်းများနှင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန်၊ နိုင်ငံခြားသားတစ်ဦးကို လက်ထပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကို မဲမထည့်ရန် တိုက်တွန်းချက်ပင်ဖြစ်ကြောင်း အများက လက်ခံထားကြသည်။

“ကျွန်တော်တို့မှာ ပြည်ခိုင်ဖြိုးကို မဲပေးရုံကလွဲလို့ အခြား ရွေးချယ်စရာမရှိပါဘူး” ဟု ကရင်ပြည်နယ်အတွင်းမှ အမည်မဖော်လိုသူ တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မှာ ကိုယ်ကြိုက်တာကို နှစ်သက်စွာ ရွေးချယ်ခွင့်မရှိပါဘူး။ လက်ရှိ အခြေအနေတွေအရ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးရမှာပါ” ဟု ပြောကြားသည်။

ကရင်ပြည်သူ့ပါတီမှ စောမောင်တုတ်က ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ကြောင့် တပ်မတော်သားများ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့် ထိခိုက်စေသည်ဟု ဆိုသည်။

စောမောင်တုတ်သည် တပ်ရင်းတပ်ဖွဲ့အများအပြားရှိသည့် မှော်ဘီမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း တပ်မတော်သားများထံမှ မဲရရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ သူတို့လုပ်တာပဲ လက်ပိုက်ကြည့်နေရမှာပါ” ဟု သူက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲနေ့တွင် တပ်ရင်းတပ်ဖွဲ့များအတွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၊ စာနယ်ဇင်းသမားများကို ဝင်ရောက်ခွင့်ပြုသွားမည်ဟု သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ၏ စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြီးအကဲ အလက်ဇန်းဒါးဂရက်လန်းဒေါ့ဖ်က စစ်တပ်အတွင်းရှိ မဲရုံများသို့ ဝင်ရောက်ကြည့်ရှုခွင့်ရရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာမခံထားသည်ဟု ဆိုသည်။

“ခွင့်မပြုနိုင်ရလောက်အောင် နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်လောက်တဲ့ ထည့်သွင်းစဉ်းစားရမှု မရှိဘူးဆိုရင် ဥရောပသမဂ္ဂအဖွဲ့တွေအနေနဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်မယ့် မဲပေးမှုတွေကို ဝင်ကြည့်နိုင်ဖို့ ကာကွယ်ရေးဦးစီးချုပ်က သဘောတူထားပါတယ်” ဟု သူက ပြောကြားသည်။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading