"ကာကွယ်​ရေးဆိုင်ရာ အစီအမံများအမြန်အ​ကောင်အထည်​ဖော်မည်ဟု ခေတ္တသမ္မတတိုက်တွန်း "

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့သည်။

ပြည်သူလူထု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအစီအမံများ အမြန်ဆုံးဖော်ဆောင်မည် ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း လူတစ်စု၏ အကျိုးစီးပွားကို သစ္စာ စောင့်ခြင်း မဟုတ်ဘဲနိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများကိုသာ သစ္စာစောင့်သိကြရမည်ဖြစ်ကြောင်း ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်းကတိုက်တွန်း ပြောကြားလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်း အပြည့်အစုံမှာ​အောက်ပါအတိုင်းဖြစ်သည်။

"လေးစားရပါသော သွေးချင်းညီအကိုမောင်နှမ နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ။ ယနေ့အချိန်အခါဟာ ကျွန်တော်တို့ပြည်ထောင်စုသမ္မတ နိုင်ငံတော်ကြီးအတွက် အလွန်အရေးကြီးပြီး နိုင်ငံအတွင်းမှာ မှီတင်းနေထိုင် ကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် လမ်းဆုံလမ်းဂွကို ရောက်ရှိနေတဲ့ အချိန်အခါ ဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ကျွန်တော့်ကို နိုင်ငံတော်ရဲ့ ခေတ္တဒုတိယ သမ္မတအဖြစ် ခန့်အပ်ပြီး အင်မတန်ကြီးလေး အရေးပါတဲ့ နိုင်ငံတော်သမ္မတရဲ့ တာဝန်တွေကိုပါ ယုံယုံကြည်ကြည်နဲ့ အပ်နှင်းလိုက်တဲ့အတွက် ပေးအပ်လိုက်တဲ့ တာဝန်တွေကို နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတို့ အပေါ် သစ္စာစောင့်သိ ရိုသေပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထမ်းရွက်ပါမယ်လို့ ပထမဦးစွာ ကတိသစ္စာပြုလိုပါတယ်။

ပြည်သူများ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်စတင်တက်ရောက်ကြ မယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အာဏာလောဘ ရမက်ကြီးသူတစ်စုက သိမ်းယူခဲ့ပါတယ်။

စစ်အာဏာရှင်တွေရဲ့ နိုင်ငံတော်အပေါ် တရားမယ့်ပြုကျင့်တာကို လက်သင့်မခံကြတဲ့ ကျွန်တော်တို့ရဲ့ လူငယ်လူရွယ်တွေဟာ လမ်းမတွေထက်မှာ အာဏာရှင်ကို အံတုနေကြပါတယ်။ကြွေးကြော်သံကိုယ်စီ သံပြိုင်အော်ရင်းသူတို့ရဲ့ အနာဂတ်ကို အမှောင်မချဖို့ တိုက်ပွဲဝင် တောင်းဆိုနေကြပါတယ်။

စာသင်ခန်းတွေထဲမှာ သိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်တွေကို ဆည်းပူးရင်း မိမိတို့ ဝါသနာပါရာ ကဏ္ဍအသီးသီးမှာ စျာန်ဝင်စားရင်း လူငယ်ဘဝကို ဖြတ်သန်းကြမယ့် လူငယ်လူရွယ်တွေဟာ သေနတ်ပြောင်းဝရှေ့ကို ရင်ကော့ချီတက်ရင်း သူတို့ရဲ့ အနာဂတ်အတွက် အနိုင်မခံ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေကြပါတယ်။

နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေကြတဲ့ နိုင်ငံ့ဝန်ထမ်းများဟာလည်း ပြည်သူ့အာဏာဖီဆန်ရေးနည်းလည်း Civil Disobedience Movement နဲ့ အာဏာရှင်ယန္တရား ရပ်တန့်အောင် တိုက်ပွဲဝင်နေကြပါတယ်။
ထိုနည်းတူပဲ ပြည်သူလူထုကြီးကလည်း လူမျိုးဘာသာ အသက်အရွယ် အရပ်ဒေသ နောက်ခံမရွေး ရှိသမျှ အင်အားတွေကို အသုံးပြုပြီး အာဏာရှင်တွေ ကျရှုံးဖို့အတွက် ကျရာ ကဏ္ဍကနေ တိုက်ပွဲဝင်နေကြပါတယ်။
ဒါတွေကို ကြည့်ရင် ကျွန်တော်တို့ရဲ့ ပြည်သူလူထုကြီးဟာ စစ်အာဏာရှင်စနစ်ကို လုံးဝ မလိုလားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်တို့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရိုက်နှက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ လူမဆန်စွာ ပြုကျင့်မှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ ရဲဝံ့မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှုတွေအတွက် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုလိုပါတယ်။

သမီးတွေကို ဆုံးရှုံးခဲ့ရတဲ့ ဖခင်တွေ၊ အိမ်ပြန်မရောက်လာသေးတဲ့ သားတွေကို မျှော်နေတဲ့ မိခင်တွေ၊ အမှန်တရား အတွက် အသက်ပေးသွားရတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ကြေကွဲခံစား ရပါကြောင်း ပြောကြားလိုပါတယ်။
ချစ်ကြည်လေးစားရပါသော သွေးချင်းညီအကိုမောင်နှမ နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ။

အခုအချိန်ဟာ ကျွန်တော်တို့ နိုင်ငံတော်ကြီးရဲ့ အမှောင်မိုက်ဆုံးအချိန်ဖြစ်သလို ရောင်နီလာတော့မယ့် အချိန်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ မှောင်မိုက်တဲ့ အချိန်တွေကို ဘယ်လောက် ကြံ့ကြံ့ခံနိုင်သလဲဆိုတာ ဆန်းစစ်ခံနေရတဲ့ အချိန်လည်းဖြစ်ပါတယ်။

ထို့အတူ ဒီအရေးတော်ပုံကြီးဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှု မျိုးစုံကို ဆယ်စုနှစ်များစွာ ခံစားလာခဲ့ရတဲ့ တိုင်းရင်းသားညီအကိုမောင်နှမအားလုံးရဲ့ လိုလားတောင့်တချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရေးအတွက် ကျွန်တော်တို့အားလုံး အတူတကွ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်နိုင်မယ့် အခွင့်အရေး တစ်ရပ်လည်းဖြစ်ပါတယ်။
နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ။

ကျွန်တော်တို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်တာမှာ စည်းလုံးညီညွတ်မှုဟာ အခရာကျပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အရင်က ဘယ်လိုပဲ ကွဲပြားမှုတွေရှိပါစေ ယခုအချိန်မှာ အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ဖို့ တစ်ဦးလက်ကို တစ်ဦး ကျစ်ကျစ်ပါအောင်တွဲထားကြရမှာပါ။

ကျွန်တော့်အနေနဲ့ ဒီအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ တက်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားပါမယ်။ ပြည်သူတွေ မိမိကိုယ်ကိုယ် ခုခံနိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ရေးဆွဲပြဌာန်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကိုကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကတစ်ဆင့် စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မတရားတဲ့အမိန့်တွေကို ဖီဆန်ပြီး Civil Disobedience Movement မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပြီး ဆက်လက်ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့လည်း လူတစ်စုရဲ့ အကျိုးစီးပွားကို သစ္စာစောင့်ခြင်းမဟုတ်ဘဲနိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများကိုသာ စောင့်သိရမှာဖြစ်ကြောင်းသတိပေးလိုပါ တယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ အားလုံးနဲ့ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက် ကတိပြု ပြောကြားလိုပါတယ်။

နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ။

ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကျေပွန်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက်ပြု ထပ်လောင်း ပြောကြားလိုပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့ အားလုံးဟာ နိုင်ငံရေး လောကဓံရဲ့ ရိုက်ပုတ်ချက်တွေကို မည်မျှ ခံစားရသည်ဖြစ်ပါစေ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့အတွက် နောက်မဆုတ်စတမ်း ချီတက်ကြမယ်ဆိုတာ ရဲရဲကြီး ယုံကြည်ပါတယ်။

ကျွန်တော်တို့ဟာ မတရားတဲ့ အာဏာရှင်စနစ်ကို ဘယ်တော့မှ လက်မြှောက်အရှုံးမပေးဘဲ ကျွန်တော်တို့ရဲ့ အနာဂတ်ကို စုပေါင်းအင်အားတွေနဲ့ ထုဆစ်ကြပါမယ်။

အနိုင်မခံစိတ်ဓာတ်တွေနဲ့ စည်းစည်းလုံးလုံး ဆက်ပြီးချီတက်မယ်ဆိုရင် ကျွန်တော်တို့ အားလုံးမျှော်မှန်းနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဟာ မဝေးတော့တဲ့ အနာဂတ်မှာ စောင့်ကြိုနေမယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်

အရေးတော်ပုံ အောင်ရမည်" ။

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading