သတင်း

မန္တလေးစိန်ပန်းသပိတ်ဖြိုခွင်းခံရမှု သေဆုံးသူ ၅ ဦးသာ အတည်ပြုနိုင်သေး 

မန္တလေးမြို့ စိန်ပန်းရပ်ကွက်တွင် ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းခံရမှုတွင် စစ်ကောင်စီလက်နက်ကိုင်များ ကောက်ယူသွားသည့်အလောင်းများလည်း ရှိခဲ့သည့်အ တွက် ယနေ့ညနေပိုင်းအထိ သေဆုံးသူ ၅ ဦးကိုသာ အတည်ပြုနိုင်သေးသော်လည်း သေဆုံးသူအများ အပြားရှိနေသည်ဟု သက်ဆိုင်ရာအဖွဲ့အစည်းများက ပြောသည်။

စိန်ပန်းရပ်ကွက်အတွင်း ထောင်နှင့်ချီသော ပြည်သူများထိုင်သပိတ် ပြုလုပ်နေစဉ် စစ်တပ်နှင့် ရဲများက အင်အားသုံးပိတ်ဆို့ကာ နံနက် ၁၀နာရီခွဲခန့်မှစ၍ ညနေ ၄နာရီခွဲခန့်အထိ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်များသော်လည်း အတိအကျ အတည်ပြုနိုင်ခြင်း မရျိသေးပေ။

အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ပွဲချင်းပြီးသေဆုံးသူအချို့ကို လူမှုကူညီရေးအသင်းများက နေအိမ်သို့ လိုက်လံပို့ဆောင်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များယူ ရုပ်အလောင်းအချို့ ယူဆောင်သွားသော ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအရေအတွက်မှာ များပြားနိုင်ကြောင်း ခန့်မှန်းထားကြသည်။ 

သေဆုံးသူများအနက် အသက် ၂၁ နှစ်အရွယ် ကိုစောပြည့်နိုင်၊ အသက် ၄၁ နှစ်အရွယ် ဦးဝင်းဌေး၊ အသက် ၃၆ နှစ်အရွယ် ကိုမင်းမင်းထွန်း၊ မည်သူမည်ဝါ မသိရသေးသူ အမျိုးသားတစ်ဦး၏ ရုပ်အ လောင်းနှင့် နေအိမ်တွင် ပုန်းအောင်းနေသူ လူငယ်များကို ကာကွယ်ရင်း ကျဆုံးခဲ့သူ အသက် ၅၀ အရွယ် ဒေါ်ပြုံးကိုသာ အတည်ပြုနိုင်သေးသည်။ 

စစ်ကောင်စီလက်နက်ကိုင်များသည် စိန်ပန်းရပ်ကွက် ဝင်ပေါက်ထွက်ပေါက်များဖြစ်သော လန်ဒန်ဝင်း၊ တို့ဟူးကျော်တန်းတစ်လျှောက်ကိုပါ ပိတ်ဆို့၍ နေအိမ်များအတွင်း ဝင်ရောက်ကာ ပစ်ခတ်ဖြိုခွင်းခဲ့သည့် နည်းတူ ရိုက်နှက်ဖမ်းဆီးခြင်းများလည်း ရှိခဲ့သည်။

“အိမ်တစ်အိမ်ထဲဝင်ပုန်းတဲ့ လူငယ်လေးတွေ ရက်ရက်စက်စက် ရိုက်ပြီးဖမ်းခေါ်သွားတယ်” ဟု မျက် မြင်သက်သေအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကို အစပြုခဲ့သည့် ကိုဖုန်းမော်ကျဆုံးသည့် ၃၃ နှစ်ပြည့် အောက် မေ့ဖွယ်အခမ်းအနားနှင့်တိုက်ဆိုင်နေသည့် ယနေ့တွင် ထောင်နှင့်ချီသော လူငယ်များက  စိန်ပန်းရပ်ကွက်ရှိ ထိုင်သပိတ်ကို လာရောက်ပူးပေါင်းစဉ် ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်။

“စစ်အာဏာရှင်စနစ်ကျဆုံးရေး ဒို့အရေး၊ ဒို့အရေး”၊ “ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”ဟူသော ကြွေးကြော်သံများဖြင့် တက်ကြွနေသည့် စိန်ပန်းထိုင်သပိတ်မှာ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်မှုကြောင့် ငရဲခန်းအသွင် ပြောင်းခဲ့ရသည်။ 

စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်၍ စတင်ဖြိုခွင်းချိန်၌ ခါးတစ်ဝက်ကျော်အမြင့်အထိ နှစ်ဖက်ညှပ်၍ ကာရံထားသည့် သဲအိတ်များကြောင့် ဆန္ဒပြ လူထုမှာ ပြေးရခက်သွားခဲ့ပြီး အနီးရှိနေအိမ်များ၊ လမ်းများ အတွင်းသာ ဝင်ရောက်ပုန်းခိုနိုင်ခဲ့သဖြင့် ပိုမိုအထိနာခဲ့ရသည်ဟု မျက်မြင်သက်သေအချို့က ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆက်မပြတ် သေနတ်ပစ်ဖောက်သံများနှင့်အတူ ရပ်ကွက်အတွင်း လိုက်လံ၍ပစ်ခတ်ခြင်း နေအိမ်များ ကိုစီးနင်းရှာဖွေခြင်း ဖမ်းဆီးရရှိသူများကို ရိုက်နှက်ခေါ်ဆောင်ခြင်း များကို တရစပ်ပြုလုပ်ခဲ့ကြကြောင်း Myanmar Now ကလည်း မျက်မြင်တွေ့ရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းပတမ်း စီးနင်းနေချိန်တွင် “ဟာထိသွားပြီဟေ့၊ လာကြပါ အုံး (ဦး) ကယ်ကြပါအုံး”ဟူသော အသံများ၊ ပိတ်မိနေရာမှ ထွက်ပြေး လွတ်မြောက်သွားသူတစ်ဦးက  “အလောင်းတွေ သူတို့ဘက်က ကောက်သွားတယ် ၊အိမ်တွေမှာ ဒဏ်ရာရလူငယ်တွေအများကြီး ရှိနေတယ်၊က ယ်ထုတ်ပေးပါ” ဟူသော အသံများဖြင့် အသက်လုထွက်ပြေးနေရသော်လည်း မည်သူမျှ ကူညီနိုင်ခြင်း မရှိခဲ့ပေ။ 

အသင့်ရှိနေသည့် လူမှုရေးအသင်းများပင်လျှင် သေနတ်ထိမှန်ဒဏ်ရာရသူတို့ကို မွန်းလွဲ ၁ နာရီခန့်အထိ ကယ်ထုတ်နိုင်ခြင်း မရှိကြောင်း အသင်းဝင်အချို့က အတည်ပြုပြောဆိုသည်။

“အခုအချိန်အထိကို ပစ်နေတုန်း၊ ဒဏ်ရာရတဲ့သူတွေကိုလည်း ကယ်ထုတ်ပေးနေရတုန်းပါပဲ။ ပစ်ချိန် လည်း ကြာသလို ပစ်တဲ့အကြိမ်ရေအတွက်ကလည်း တောက်လျှောက်ပဲ” ဟု စိန်ပန်းရပ်ကွက်အနီးတွင် ညနေ ၄ နာရီခွဲခန့်အထိ ရှိနေသည့် ဆေးဘက်ဆိုင်ရာလူမှုကူညီရေးပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ပစ်ခတ်မှုအတွင်း သုံးဦးထက်မနည်း ပွဲချင်းပြီးသေဆုံးခဲ့ရသည်မှာ အထပ်မြင့်တိုက် အချို့တွင် ကြိုတင်နေရာယူထားသည့် စနိုက်ပါသမားများကြောင့်ဟု မျက်မြင်သက်သေအချို့က ဆိုသည်။ 

ထို့အတူ ဆန္ဒပြသူများအား ပုန်းခိုခွင့်ပေးသည့်နေအိမ်များကို သေနတ်ဖြင့်ဝင်ရောက် ပစ်ခတ်ဖမ်းဆီးရာ တွင် အိမ်ရှင်အချို့ပါ ပစ်သတ်ခံခဲ့သည်။ အသက် ၅၀ အရွယ် ဒေါ်ပြုံးမှာ နေအိမ်အတွင်းပုန်းအောင်း နေသည့် လူငယ်များကို ကာကွယ်ရင်းအသက်ဆုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့အိမ်ထဲမှာ ဝင်ပုန်းနေတဲ့ကလေးတွေကို စစ်သားတွေက ဝင်ရိုက်မယ်လုပ်တော့ လေးခွနဲ့ ထွက်ပစ်ရင်း ခေါင်းကို သေနတ်မှန်တာ၊ နေရာမှာ တင်ပွဲချင်းပြီးပဲ”ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များသည် စိန်ပန်းရပ်ကွက်အတွင်း အေးသုခဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် လူမှုကူညီရေးအသင်းရုံးကို ဝင်ရောက်ဖျက်ဆီးခဲ့သလို အသင်းပိုင်ကားနှစ်စီးနှင့် တပ်စွဲရာနေရာအနီးရှိ ဆိုင်ကယ်အချို့ကိုလည်း ယူဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူအချို့က အတည်ပြုသည်။

စိန်ပန်းရပ်ကွက်အတွင်း ထိုသို့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း သေဆုံးသူ ဆယ်နှင့်ချီရှိသည်ဟု ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ဒဏ်ရာရသူ ၂၀ ခန့် ရှိသည်ဟု ခန့်မှန်း ထားပြီး ဖမ်းဆီးခံရသူအရေအတွက်ကိုမူ အတိအကျ မသိရသေးသော်လည်း ယနေ့ည ၈ နာရီသတင်းတွင် ၃၆ ဦးထိန်းသိမ်းထားသည်ဟုစစ်ကောင်စီက ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ထောင်နှင့် သောင်းနှင့်ချီသော မန္တလေးမြို့ခံများက နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်လျက်ရှိပြီး သေဆုံးအနည်းဆုံး ၂၀ ခန့်ရှိပြီဖြစ်ကာ ယင်းတို့အနက် ရုပ်အလောင်းပင်ပြန်မရသဖြင့ မိသားစုက သင်္ဂြိုဟ်ခွင့်ပင်မရသော ဖြစ်စဉ်များလည်းရှိနေသည်။ 

မန္တလေး အခြေအနေ မတ်-၁၃

Show More

Related Articles

Back to top button