ရန်ကုန်တိုင်း သာကေတမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်၍ ကျဆုံးသွားသူ နှစ်ဦး၏ ရုပ်အလောင်းကို သာကေတရဲစခန်းက စစ်ဆေးရန်ရှိသည်ဟုဆိုကာ တောင်းခံလာသော်လည်း မိသားစုဝင်များက ပေးပို့သွားမည်မဟုတ်ကြောင်း ပြောကြားသည်။
“ ကျွန်တော်တို့ ပို့ဖို့တော့ အစီအစဉ်မရှိဘူး။ ရုပ်အလောင်းကို ကိုယ့်ဘာသာကိုယ် သင်္ဂြိုလ်ဖို့ စီစဉ်နေတယ်” ဟု ကိုစည်သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ဦးအောင်အောင်ဇော် (ခ) ဦးအောင်သန်း၏ မိသားစုဝင်တစ်ဦးကလည်း “ တောင်းတာတော့ တောင်းတယ်။ အလောင်းနှစ်လောင်းလုံးကို သူတို့ စစ်ဆေးမယ်ပေါ့ ။ ရဲစခန်းကတော့ ကျွန်မတို့ကိုလာဆွေးနွေးပေါ့။ ကျွန်မတို့က မဆွေးနွေးဘူး” ဟု ပြောသည်။ နာရေးကို အခြေအနေအရ ယနေ့လုပ်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြော သည်။

ရဲတပ်ဖွဲ့သည် ယမန်နေ့ညက ၎င်းတို့ပစ်သတ်လိုက်သည့် သာကေတမြို့ခံ နှစ်ဦး၏ ရုပ်အလောင်းကို ရဲစခန်းလာအပ်ရန် မန်ပြေ ၃ လမ်းရှိ လမ်းလူကြီးမှတဆင့် ဆက်သွယ် လာခြင်းဖြစ်သည်ဟု ကိုအောင်အောင်ဇော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့က ကိုယ့်အစီစဉ်နဲ့ ကိုယ်သင်္ဂြိုမှာ။ သူတို့တွေ အလောင်းလိုချင်ရင် ရပ်ကွက်ထဲလာမှ ရမယ်။ ကျွန်တော်တို့ကတော့ လုံးဝမပေးဘူး။ ပြန်ကာကွယ်သွားမယ်”ဟု ၎င်းက ပြောသည်။


မတ်လ ၁၂ရက်ည ၉နာရီခွဲအချိန်တွင် သာကေတမြို့နယ်၌ ပြုလုပ်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ဖြိုခွင်းခံရပြီး လူငယ်အချို့ ဖမ်းဆီးခံရသည့်အပေါ် ပြန်လွှတ်ပေးရန် ရပ်ကွက်က လူစုပြီးသာကေတ အမှတ်(၁) ရဲစခန်းရှေ့တောင်းဆိုရာအစောပိုင်းတွင် အသံဗုံးဖြင့်ခွဲသော်လည်းနောက်ပိုင်းတွင်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦး ကပြောသည်။
ပစ်ခတ်မှုကြောင့် သာကေတ မာန်ပြေ ၃ လမ်းမှ အသက် ၃၇နှစ်အရွယ် ကိုစည်သူ၊ အသက် ၄၁နှစ်အရွယ် ဦးအောင်အောင်ဇော်(ခ)ဦးအောင်သန်း တို့ဦးခေါင်းထိမှန် သေဆုံးခဲ့သည်။
"မာန်ပြေ ၃က ဆိုက်ကားနင်းတဲ့ သူနှစ်ယောက်ပါ။ညီမတို့တကယ်ဝမ်းနည်း ကြေကွဲရပါတယ်။ အလောင်းတောင် သူတို့ဘက်က ကောက်ဖို့ အခွင့်မပေးဘူး။ ညီမတို့ပြည်သူတွေ အသက်တွေရင်းထားရတော့ ညီမတို့ အရေးတော်ပုံ အောင်တာလိုချင်ပါတယ်ရှင်" ဟု ၎င်းက ပြောသည်။
ရဲစခန်းထဲမှ လက်နက်ကိုင်များက သတ္တိရှိတဲ့ကောင် တက်ခဲ့ ဟု စိန်ခေါ်ကာ ပြည်သူများကို ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပစ်ခတ်ခံရမှုကို ကြုံတွေ့ခဲ့ရသည့် အမျိုးသားတစ်ဦးက သူ၏ Facebook တွင်ရေးသားထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










