လှိုင်တစ်မြို့နယ်တည်းမှာပင် ယမန်နေ့ညက တိုင်းအမတ် နေအိမ်အပြင် NLD ရပ်ကျေးရုံးခန်း၊ မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌနေအိမ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့၏ နေအိမ်တံခါးများကိုလည်း ဖျက်ဆီးဝင်ရောက်ခဲ့သည်ဟု NLD အမတ်တစ်ဦးက ပြောသည်
လှိုင်မြို့နယ်အမတ် နေအိမ်ကို ယမန်နေ့ညက အင်အားသုံးဖမ်းဆီးရာ ရပ်ကွက်နှင့်ပဋိပက္ခဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာ ရခဲ့သော အသက် ၁၈ နှစ်အရွယ် ကျောင်းသားမှာ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုက အတည်ပြုသည်။
ယမန်နေ့ ( မတ် ၁၂ ) ညက လှိုင်မြို့နယ်၊ ပါရမီလမ်း ၁၆ ရပ်ကွက်၊ မာလာမြိုင် ၃ လမ်းရှိ တိုင်းလွှတ်တော်အမတ် ဒေါ်ခိုင်မာလာဌေး၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့ ၃၀၀ ခန့်ဖြင့် အင်အားသုံး စီးနင်းခဲ့ရာ ရပ်ကွက်နေပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ၏ အလွန်အကျွံ အင်အားသုံးပစ်ခတ်မှုကြောင့် လှိုင် ၁၃ ရပ်ကွက်တွင် နေထိုင်သူအသက် ၁၈ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား မောင်အောင်ပိုင်ဦးမှာ ဦးခေါင်းထိမှန် ဒဏ်ရာရပြီး အရေးပေါ်ကုသနေသော်လည်း သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်း၏မိခင် ဒေါ်မေယုက ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အတည်ပြုသည်။
၎င်း၏ ရုပ်အလောင်းအား မှော်ဘီရှိ မြိုင်သာယာသုသာန်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း မိသားစုထံမှ သိရသည်။


အခြားသူများတွင် ပေါင်ရင်း ထိမှန်သူ၊ လက်မောင်းနှင့်ဦးခေါင်းကို ကျည်အစစ်ထိမှန်သူများလည်း ရှိကြောင်း ထိုအကြမ်းဖက်ပစ်ခတ်မှုကို မျက်မြင်တွေ့ခဲ့ရသူ ၁၆ ရပ်ကွက် NLD ပါတီဝင်တစ်ဦးက ပြောသည်။
“စစ်တပ်နဲ့ရဲက ပါရမီလမ်းအတိုင်း ဝင်လာပြီး ကျည်အစစ်တွေနဲ့ အတွဲလိုက်ပစ်တာ။ နောက်တစ်ယောက်က ပေါင်ရင်းကို ထိမှန်ထားပြီး သူလည်း စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။


အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့သည် တိုင်းလွှတ်တော်အမတ် ဒေါ်ခိုင်မာလာဌေး၏ နေအိမ်သို့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျောပိုးအိတ်တစ်လုံးကို ယူဆောင်သွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေများက Myanmar Now ကို ပြောသည်။
ထိုသို့ အကြမ်းဖက် စီးနင်းရှာဖွေခဲ့သော်လည်း ဒေါ်ခိုင်မာလာဌေးမှာ ၎င်း၏နေအိမ်မှ တိမ်းရှောင်နေသည့်အတွက် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။
ထိုသို့ လှိုင်မြို့နယ် ၁၆ ရပ်ကွက်တွင် ပစ်ခတ်မှု မဖြစ်ခင် ယင်းညမှာပင် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များသည် လှိုင် (၉) ရပ်ကွက်ရှိ NLD ရပ်ကျေးရုံးခန်း၊ မြို့နယ် စည်ပင်သာယာ ဥက္ကဋ္ဌနေအိမ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့၏ နေအိမ်တံခါးများကိုလည်း ဖျက်ဆီးဝင်ရောက်ခဲ့သည်ဟု လှိုင်ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ကျော်ဦးက ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် ရန်ကုန်-အင်းစိန် လမ်းတစ်လျောက်ရှိ ကန်လမ်း လှိုင်မြင့်မိုရ်အိမ်ရာ၊ သုခလမ်းရှိ သုခမြိုင်အိမ်ရာများရှိ လူနေတိုက်ခန်းများကိုလည်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်က အော်ဟစ်ဆဲဆိုခြင်း၊ လက်နက်ကိုင်၍ ခြိမ်းခြောက်ခြင်းများ ကျူးလွန်ခဲ့သည်ဟု ၎င်းက ရေးသားသည်။
“လှိုင်မြို့နယ်တွင် ယမန်နေ့ညက သွေးမြေကျခဲ့ရသည့် အတွက် ယနေ့မှ စ၍ အလံနက် လွှင့်တင်လိုက်ပါသည်” ဟု ဦးအောင်ကျော်ကျော်ဦးက ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး မတ်လ ၁၂ အထိ အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့သူ ကျောင်းသား ပြည်သူ ၇၀ ဦးကျော် ရှိနေပြီဖြစ်ပြီး တရားစွဲဆို ပြစ်ဒဏ် ချမှတ်ခံထားရသူ ၂၀၉၂ ဦးအထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ထုတ်ပြန်ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








