ဖမ်းဆီးခံသူများ ပြန်လည်လွတ်မြောက်ရေး ပြည်သူများက ဝိုင်းဝန်းတောင်းဆိုရာတွင် စစ်တပ်နှင့် ရဲများက အသင့်နေရာယူကာ ပစ်ခတ်ခဲ့သဖြင့် အမျိုးသားနှစ်ဦးမှာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်
သာကေတမြို့နယ်၌ ယမန်နေ့ (မတ် ၁၂) ညပိုင်းက သပိတ်ဆင်နွှဲနေစဉ် ဖမ်းဆီးခံရသည့် လူငယ်သုံးဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်အကြမ်းဖက် ဖြိုခွင်းခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။
ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် သကေတမြို့နယ် မြင်တော်သာလမ်းအနီး၌ ပြည်သူများက စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ဆင်နွဲနေချိန် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များ ရောက်ရှိ လာပြီး မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ထို့သို့ ပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်သူများသည် လူစုခွဲသွားကြချိန်တွင် သပိတ်စခန်းအနီးတွင်ရှိ နေအိမ်မှ လူငယ်လေးဦးကို ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီးနောက် ထိုဖမ်းဆီးခံသူများ ပြန်လည်လွတ်မြောက်ရေး ပြည်သူများက ဝိုင်းဝန်းတောင်းဆိုရာတွင် စစ်တပ်နှင့် ရဲများက အသင့်နေရာယူကာ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်သက်သေ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီကောင်တွေက ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ (စခန်း)ဝန်းထဲကနေ ပစ်ဖို့ချိန်ထားပြီးပြီ။ အသံဗုံးတွေ ဖောက်၊ မျက်ရည်ယိုဗုံးတွေဖောက်ပြီး သေနတ်နဲ့ပစ်တာ။ ကျွန်တော့်နားမှာတင် ခေါင်းကိုထိပြီး တစ်ယောက်ဆုံးသွားတယ်။ အဲဒီချိန်မှာ ကျွန်တော်ယောက်ဖနဲ့ ကျွန်တော်က လမ်းထဲပြေးဝင်ဖို့လုပ်တာ။ ယောက်ဖက ဓာတ်တိုင်နောက်မှာ ကွယ်ပြီး ရပ်နေတာ။ ကျွန်တော်က မျက်ရည်ယိုဗုံးထိလို့ မျက်နှာသစ် နေတုန်း ဒိုင်းခနဲ့ အသံကြားတာ။ ယောက်ဖကို လှည့်ကြည့်တော့ သူလဲကျသွာပြီ”ဟု အထက်ပါ အမျိုးသားက ပြောသည်။


စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများမှာ မန်ပြေ ၃ လမ်း၌ နေထိုင်သူ အသက် ၄၁ နှစ်အရွယ် ကိုအောင်အောင်ဇော်နှင့် အသက် ၃၇ အရွယ် ကိုစည်သူတို့ဖြစ်ကြပြီး ဦးခေါင်းကို ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သေဆုံးသူ နှစ်ဦးလုံးမှာ သကေတမြို့နယ်အတွင်း ဆိုက္ကားသမားများဖြစ်ကြောင်းလည်း အထက်ပါ အမျိုးသားက အတည်ပြုပြောကြားသည်။
ဖမ်းဆီးခံရသူလေးဦးမှာ အသက် ၁၈ နှစ်ဝန်းကျင် လူငယ်များဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကာ အကြမ်းဖက်ရိုက်နှက် ခေါ်ဆောင်သွားသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ရုပ်သံမှတ်တမ်းများတွင် တွေ့ရှိရသည်။
“အဖမ်းခံရတဲ့ကလေးတွေက သူတို့အိမ်ရှေ့မှာ ရပ်နေတာ။ ဒီကောင်တွေ(စစ်တပ်နဲ့ရဲ)က ကျွန်တော်တို့ ဆီလာတဲ့လမ်း တစ်လျှောက်လုံးပစ်လာတာ။ ကလေးတွေက သူတို့အိမ်နားရောက်လာတော့ အထဲ ဝင်ပြေးကြသေးတယ်။ ဒီကောင်တွေက အိမ်ထဲအထိ လိုက်ဖမ်းတာ။ ဆွဲခေါ်ပြီး ခေါင်းတွေချည်း ရိုက်နှက်သွားတာ” ဟု မျက်မြင်တွေ့ရှိခဲ့သူ အထက်ပါအမျိုးသားက ပြောသည်။
ဖမ်းခံရသူ လူငယ်လေးဦးအနက် တစ်ဦးမှာ ယမန်နေ့ညတွင် သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးကြောင်း သာကေတမြို့ခံများက ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











