ပေါင်းတည်မြို့တွင် ယမန်နေ့ (မတ် ၁၂) ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအရေးတော်ပုံတွင် ကျဆုံးသွားသူများအတွက် မီးထွန်းဂုဏ်ပြုပွဲအပြီးတွင် စစ်ကောင်စီလက်နက်ကိုင်များက နေအိမ် များအတွင်း ဝင်ရောက်ရိုက်နှက်ဖမ်းဆီးရာ လူ ၇ ဦးခန့်အရိုက်ခံရပြီး ၂ ဦးဖမ်းဆီးခံခဲ့ရ
ပဲခူးတိုင်း ပေါင်းတည်မြို့တွင် ယမန်နေ့ညက ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အရေးတော်ပုံတွင်ကျဆုံးသွားသည့် အာဇာနည်များအား မီးထွန်းဂုဏ်ပြုပွဲအပြီးတွင် လက်နက်ကိုင်တပ်ဖွဲ့များက နေအိမ်များအတွင်း ဝင်ရောက်ရိုက်နှက်ပြီး နှစ်ဦးကိုဖမ်းဆီးခဲ့သည်။
ယမန်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင်ပေါင်းတည်မြို့ ၁၆ လမ်းတွင် နေအိမ်များအတွင်း လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်ရိုက်နှက်ပြီး နှစ်ဦးကို ရဲစခန်းသို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ပေါင်းတည်မြို့ သပိတ်ကော်မတီဝင် တစ်ဦးက ''စစ်ကားကရပ်ပြီး အနီးအနားက အိမ်တွေထဲထိ ဝင်ရိုက်တာ။ ၇ ယောက်လောက်အရိုက်ခံရတယ်။ နှစ်ယောက် အဖမ်းခံရတယ်'' ဟုပြောသည်။
မြို့နယိရဲစခန်းတွင် တစ်နာရီနီးပါးကြာ စစ်ဆေးမေးမြန်းပြီးနောက် နှစ်ဦးလုံးပြန်လည်လွတ်မြောက်လာသော်လည်း ရိုက်နှက်မှုများကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်းသိရသည်။


ဖမ်းဆီးခံရသူနှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းကွဲသွားပြီး နှုတ်ခမ်းဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လုပ်ဆောင်နေကြောင်း သိရသည်။


ပေါင်းတည်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ နေ့စဉ်ပြုလုပ်လျှက်ရှိပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ နှစ်ဦးရှိကြောင်း သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










