ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မတ် ၁၁ ရက် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲကို ဓာတ်ပုံရိုက်ကူးနေသည့်ပိုလန်နိုင်ငံသား Robert Biciaga ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မတ် ၁၁ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးသွားသည့် ပိုလန်နိုင်ငံသားကို မည်သည့်အကြောင်းဖြင့် ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိလိုကြောင်း၊ တရားမျှတပြီး လူသားဆန်စွာ ဆက်ဆံရန်လိုလားကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ယနေ့ (မတ် ၁၃)တွင် တောင်းဆိုလိုက်သည်။
ပိုလန်သံရုံးမှာ မြန်မာနိုင်ငံတွင်အခြေမစိုက်သည့်အတွက် စစ်ကောင်စီထံကိုယ်စား တောင်းဆိုပေးခြင်း ဖြစ်ပြီး ထိန်းသိမ်းခံထားရသော ပိုလန်နိုင်ငံသား၏ တည်ရှိရာနေရာကို အသိပေးရန်၊ ကောင်စစ်ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ခွင့်ပေးရန်၊ ဖမ်းဆီးထားရသည့်အကြောင်းအရင်းနှင့် စွဲဆိုချက်များကို စာထုတ်ပြန် ရန် အကြောင်းကြားထားပြီးဖြစ်သည်ဟုလည်း ဂျာမနီသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ပိုလန်နိုင်ငံသားသည် အများနည်းတူ ဥပဒေရေးရ ကိုယ်စားပြုမှုလိုအပ်သကဲ့သို့ နိုင်ငံခြားသားဖြစ်သဖြင့် ကောင်စစ်ဆိုင်ရာ အကာအကွယ်ရရန်လိုအပ်ကြောင်း၊ ဗီယင်နာကွန်ဗင်းရှင်းပါ ကောင်စစ်ဆက်ဆံရေး အားလိုက်နာလျှက် အလျှင်အမြန်အကြောင်းပြန်ကြားပေးရန်နှင့် ဖမ်းဆီးခံထားရသူကို တရားမျှပြီး လူသားဆန်စွာ ဆက်ဆံရန်လိုကြောင်း" လည် ဂျာမနီသံရုံးက သတိပေးထားသည်။
ရှမ်းပြည်နယ်အခြေစိုက် Kanbawza Tai News သတင်းဌာန၏ဖော်ပြချက်အရ မတ် ၁၁ ရက်တွင် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်နှင့် မင်္ဂလာဦး လမ်းကြားအတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆ န္ဒပြနေသည့် သပိတ်စစ် ကြောင်းကို မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် Robert Biciaga အမည်ရှိ ပိုလန်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်သည်။


Robert Biciaga သည် ပြည်ပသတင်းဌာနတစ်ခုသို့ အလွတ်တန်းသတင်းရေးသားပေးပို့နေသူဖြစ်သည်ဟု ဆိုသော်လည်း ထိုအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











