တိုက်ရိုက်တင်ဆက်မှု - မတ် ၁၃

အများပြည်သူ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးများကို အာဏာသိမ်း စစ်ကောင်စီက ဗြောင်ကျကျချိုးဖောက်၍ အပြင်းအထန် နှိမ်နင်းနေသည့်ကြားမှ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေးလူထုလှုပ်ရှားမှုများ၊ အစိုးရနှင့်ပုဂ္ဂလိကဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)များ နိုင်ငံအနှံ့အရှိန်ကောင်းနေဆဲဖြစ်သည်။

Published on Mar 13, 2021
 စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နေ့စဉ် လူထောင်၊သောင်းချီဆန္ဒပြလေ့ရှိသည့် အင်ဂျင်နီယာ သပိတ်စစ်ကြောင်းထွက်ခွာလေ့ရှိရာ မန္တလေးမြို့၊ မြရည်နန္ဒာတန်ဘိုးနည်းအိမ်ရာကို မတ် ၁၂ရက် က ဝင်ရောက်အကြမ်းဖက်ရန်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့။ ဓာတ်ပုံ - Myanmar Now
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နေ့စဉ် လူထောင်၊သောင်းချီဆန္ဒပြလေ့ရှိသည့် အင်ဂျင်နီယာ သပိတ်စစ်ကြောင်းထွက်ခွာလေ့ရှိရာ မန္တလေးမြို့၊ မြရည်နန္ဒာတန်ဘိုးနည်းအိမ်ရာကို မတ် ၁၂ရက် က ဝင်ရောက်အကြမ်းဖက်ရန်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့။ ဓာတ်ပုံ - Myanmar Now

၁၃ : ၀၀ - ကျောက်မြောင်းသပိတ်

ပစ်ခတ်ဖြိုခွင်းမှုများကြုံခဲ့ရသည့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေးသပိတ်စတင်နေပြီဖြစ်သည်။

၁၄ : ၄၅ - စစ်ကောင်စီ အကြမ်းဖက်ပစ်ခတ်နေသော်လည်း မန္တလေးသပိတ်ရှေ့ဆက်ဆဲ

စိန်ပန်းရပ်ကွက်အနီးရှိ ဆန္ဒပြလူငယ်များကို ယနေ့ နံနက်ပိုင်းမှစ၍ ယခုအချိန်အထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ပစ်ခတ်နေ၍ သေဆုံးသူ လေးဦးရှိနေပြီဖြစ်သည့် မန္တလေးမြို့၌ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်း ချီတက်လှည့်လည်နေသည်။

၁၄ : ၀၀ - မန္တလေး၌ ကျဆုံးသူလေးဦးရှိပြီ

မန္တလေးမြို့၊ ၄၁ လမ်း စိန်ပန်းရပ်ကွက်အနီး ကျောင်းသားလူငယ်အင်အားထောင်ချီပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးထိုင်သပိတ်ကို စစ်ကောင်စီတပ်ဖွဲ့က မနက် ၁၀နာရီခွဲခန့်မှစ၍ မရပ်မနားပစ်ခတ်ဖြိုခွင်းနေရာ လက်ရှိအချိန်အထိ သေဆုံးခဲ့ရသူ လေးဦးရှိပြီဖြစ်သည်။ သံဃာ တော်တစ်ပါးအပါအဝင် အနည်းဆုံး ၁၅ဦးခန့်မှာလည်း သေနတ်ဒဏ်ရာများရရှိထားသည်။

မန္တလေး အခြေအနေ မတ်-၁၃

၁၃ : ၂၅ - ပြည်မြို့၌ ကျည်အစစ်ဖြင့်ပစ်၍ တစ်ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့၌ မတ် ၁၃ရက် နံနက်ပိုင်းတွင် စစ်အာဏာသိမ်းမှုအမြစ်ဖြုတ်ရေးဆန္ဒပြနေသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ကျည်အစစ်ဖြင့်ပစ်ခတ်၍ အနည်းဆုံး တစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရရှိထားကြောင်း ဒေသခံများကအတည်ပြုသည်။

ပေါင်၊ ခါး၊ ဝမ်းဗိုက်၊ မေးရိုးပွင့်ထွက်ဒဏ်ရာကိုယ်စီရသူ အမျိုးသား လေးဦးအနက် ဝမ်းဗိုက်ကျည်ဆန်ထိမှန် သူတစ်ဦး သေဆုံးသွားပြီဖြစ်သည်။

ပြည်မြို့၌ ကျည်အစစ်ဖြင့်ပစ်၍ တစ်ဦးသေဆုံး

၁၃ : ၂၃ သာ​ကေတတွင် ပစ်သတ်ခံရသူ နှစ်ဦး၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့လာတောင်းသော်လည်း မိသားစုဝင်များ လက်မခံ

ရန်ကုန်တိုင်း သာ​ကေတမြို့နယ်မှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့် ပစ်ခတ်၍ ကျဆုံးသွားသူ နှစ်ဦး၏ ရုပ်အလောင်းကို သာ​ကေတရဲစခန်းက စစ်ဆေးရန်ရှိသည်ဟုဆိုကာ တောင်းခံလာသော်လည်း မိသားစုဝင်များက ပေးပို့သွားမည်မဟုတ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ ပို့ဖို့တော့ အစီအစဉ်မရှိဘူး။ ရုပ်အလောင်းကို ကိုယ့်ဘာသာကိုယ် သင်္ဂြိုလ်ဖို့ စီစဉ်နေတယ်” ဟု ကိုစည်သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဦးအောင်သန်း၏ မိသားစုဝင်တစ််ဦးကလည်း “ တောင်းတာတော့ တောင်းတယ်။ အလောင်းနှစ်လောင်းလုံးကို သူတို့ စစ်ဆေးမယ်ပေါ့ ။ ရဲစခန်းကတော့ ကျွန်မတို့ကိုလာဆွေးနွေးပေါ့။  ကျွန်မတို့က မဆွေးနွေးဘူး” ဟု ပြောသည်။ နာရေးကို အခြေအနေအရ ယ​နေ့လုပ်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်​ပြော သည်။

ရဲတပ်ဖွဲ့သည် ယမန်နေ့ညက ၎င်းတို့ပစ်သတ်လိုက်သည့် သာကေတမြို့ခံ နှစ်ဦး၏ ရုပ်အလောင်းကို ရဲစခန်းလာအပ်ရန် မန်ပြေ ၃ လမ်းရှိ လမ်းလူကြီးမှတဆင့် ဆက်သွယ် လာခြင်းဖြစ်သည်ဟု ကိုအောင်အောင်ဇော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့က ကိုယ့်အစီစဉ်နဲ့ ကိုယ်သင်္ဂြိုမှာ။ သူတို့တွေ အလောင်းလိုချင်ရင် ရပ်ကွက်ထဲလာမှ ရမယ်။ ကျွန်တော်တို့ကတော့ လုံးဝမပေးဘူး။ ပြန်ကာကွယ်သွားမယ်”ဟု ၎င်းက ပြောသည်။

သာ​ကေတတွင် ပစ်သတ်ခံရသူ နှစ်ဦး၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့လာတောင်းသော်လည်း မိသားစုဝင်များ လက်မခံ

၁၃ : ၀၀ - မန်းသပိတ် တရစပ်ပစ်ခတ်ခံနေရ၍ လူနာများပင်ကယ်မထုတ်နိုင်သေး

မန္တလေးမြို့၊ ၄၁ လမ်း စိန်ပန်းရပ်ကွက်အနီး ကျောင်းသားလူငယ်အင်အားထောင်ချီပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးထိုင်သပိတ်ကို စစ်ကောင်စီတပ်ဖွဲ့က မရပ်မနားပစ်ခတ်ဖြိုခွင်းဖမ်းဆီးနေသဖြင့် ဒဏ်ရာရသူ များကို ကယ်ထုတ်နိုင်ခြင်းမရှိသေးပေ။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ် ၁၃ရက်၊ နံနက် ၁၀နာရီခွဲခန့်မှစတင်ကာ ယခုအချိန်အထိ ပစ်ခတ်၊ ဖြိုခွင်း ဖမ်းဆီးနေခြင်းဖြစ်ပြီး သံဃာတော်တစ်ပါးအပါအဝင် လူအများအပြားဒဏ်ရာရရှိ၊ ဖမ်းဆီးခံထားရပြီး ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း လူမှုရေးအသင်းအဖွဲ့များက ပြောသည်။

“အခုဝမ်းဗိုက်မှန်တဲ့တစ်ယောက်တော့ကယ်ထုတ်လို့ရပြီ။ အခြေအနေမကောင်းဘူး။ ကျန်တဲ့သူတွေ ကျွန်တော်တို့ကယ်လို့မရသေးဘူး”ဟု ပရဟိတသမားတစ်ဦးကပြောသည်။

သပိတ်တွင်ပါဝင်သည့် ကျောင်းသားတစ်ဦးကလည်း ၎င်း၏မျက်စိရှေ့၌ပင် သံဃာတော်တစ်ပါးနှင့် ပြည်သူနှစ်ဦး ပစ်သတ်ခံရပြီး ရုပ်အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်းအတည်ပြုသည်။

စစ်ကောင်စီတပ်ဖွဲ့က စိန်ပန်းရပ်ကွက်အနီး ဝင်ပေါက်ထွက်ပေါက်များဖြစ်သည့် လန်ဒန်ဝင်း၊ တို့ဟူး ကျော်တန်းတစ်လျှောက်ကိုပါ ပိတ်ဆို့ထားပြီး ပြည်သူများ၏နေအိမ်အတွင်းဝင်ရောက်ရှာဖွေမှုများ တရကြမ်းလုပ်ဆောင်နေသဖြင့် သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသည့် ဦးရေအတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မန်းသပိတ် တရစပ်ပစ်ခတ်ခံနေရ၍ လူနာများပင်ကယ်မထုတ်နိုင်သေး

၁၂ : ၃၉ စစ်အာဏာရှင်ဆန့်ကျင်ရေးအရှိန်မြင့်လုပ်ဆောင်နေဆဲ ဘူတာရုံလမ်း

အကြမ်းဖက်ဖြိုခွင်းမှုများနေ့စဉ်ကြုံတွေ့နေရသည့်တိုင် လှိုင်မြို့နယ် ဘူတာရုံလမ်း၌ ပြည်သူများသည် နေ့စဉ်ဆန္ဒပြမှုများကို အရှိန်မြင့်လုပ်ဆောင်နေဆဲဖြစ်သည်။ 

ယမန်နေ့ညကလည်း လှိုင်မြို့နယ်တွင် ပြည်သူများအား စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းပြီး ၄၁ ရက်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူ ၇၀ ကျော်ကို ရက်စက်ကြမ်းတမ်းစွာပစ်သတ်ခဲ့သည်။

လှိုင် ဘူတာရုံလမ်း မတ်-၁၃

၁၁ : ၂၀ - ဖမ်းဆီးထားသည့် ပိုလန်နိုင်ငံသားကိစ္စ ဖြေရှင်းချက်ပေးရန် ဂျာမနီတောင်းဆို

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မတ် ၁၁ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးသွားသည့် ပိုလန်နိုင်ငံသားကို မည်သည့်အကြောင်းဖြင့် ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိလိုကြောင်း၊ တရားမျှတပြီး လူသားဆန်စွာ ဆက်ဆံရန်လိုလားကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ယနေ့ (မတ် ၁၃)တွင် တောင်းဆိုလိုက်သည်။

ပိုလန်သံရုံးမှာ မြန်မာနိုင်ငံတွင်အခြေမစိုက်သည့်အတွက် စစ်ကောင်စီထံကိုယ်စား တောင်းဆိုပေးခြင်း ဖြစ်ပြီး ထိန်းသိမ်းခံထားရသော ပိုလန်နိုင်ငံသား၏ တည်ရှိရာနေရာကို အသိပေးရန်၊ ကောင်စစ်ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ခွင့်ပေးရန်၊ ဖမ်းဆီးထားရသည့်အကြောင်းအရင်းနှင့် စွဲဆိုချက်များကို စာထုတ်ပြန် ရန် အကြောင်းကြားထားပြီးဖြစ်သည်ဟုလည်း ဂျာမနီသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ပိုလန်နိုင်ငံသားသည် အများနည်းတူ ဥပဒေရေးရ ကိုယ်စားပြုမှုလိုအပ်သကဲ့သို့ နိုင်ငံခြားသားဖြစ်သဖြင့် ကောင်စစ်ဆိုင်ရာ အကာအကွယ်ရရန်လိုအပ်ကြောင်း၊ ဗီယင်နာကွန်ဗင်းရှင်းပါ ကောင်စစ်ဆက်ဆံရေး အားလိုက်နာလျှက် အလျှင်အမြန်အကြောင်းပြန်ကြားပေးရန်နှင့် ဖမ်းဆီးခံထားရသူကို တရားမျှပြီး လူသားဆန်စွာ ဆက်ဆံရန်လိုကြောင်း" လည် ဂျာမနီသံရုံးက သတိပေးထားသည်။ 

ဖမ်းဆီးထားသည့် ပိုလန်နိုင်ငံသားကိစ္စ ဖြေရှင်းချက်ပေးရန် ဂျာမနီတောင်းဆို

၁၁ : ၀၀ - အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးတိမ်းရှောင်လာသူ ရဲတပ်ဖွဲ့ဝင် ၁၉၈ ဦးရှိပြီဖြစ် 

အိန္ဒိယနိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်လာသော ရဲတပ်ဖွဲ့ဝင်များ ရှိနေပြီး ယမန်နေ့ (မတ် ၁၂) အထိ ရဲတပ်ဖွဲ့ ဝင် ၁၉၈ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များ ရောက်ရှိနေကြောင်း AFP သတင်းဌာနက ရေးသားထားသည်။

“မြန်မာနိုင်ငံကနေ အိန္ဒိယကို ထွက်ပြေးလာကြတဲ့ အကြောင်းရင်းက စစ်အုပ်စုအောက်မှာ တာဝန်မ ထမ်းချင်လို့ပါ” ဟု အမည်မဖော်လို ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းက ဆိုသည်။

စစ်အာဏာပိုင်များအနေဖြင့် ဖမ်းဆီးရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းများကို ၎င်းတို့အလိုရှိသလို လုပ်ဆောင်နေကြောင်း အဆိုပါအရာရှိက ပြောပြီး “ရဲတွေက မြင်မြင်သမျှလူတွေ အကုန်လိုက်ဖမ်း နေတယ်။ တချို့ ဆန္ဒမပြဘဲ ဘေးကနေရပ်ကြည့်ပြီး ဓာတ်ပုံရိုက်တဲ့လူတွေလည်း ဖမ်းတာပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြပြည်သူများကို ဖြိုခွင်းရန် ငြင်းဆန်ပြီးနောက် အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကာ အန္ဒိယနိုင်ငံအတွင်း ဝင်ရောက်ခွင့်ရရန် စောင့်ဆိုင်းနေသူ ဒါဇင်နှင့်ချီရှိသည်ဟုလည်း သတင်းက ဆိုသည်။

အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးတိမ်းရှောင်လာသူ ရဲတပ်ဖွဲ့ဝင် ၁၉၈ ဦးရှိပြီဖြစ် 

၁၀ : ၂၀ - မန္တလေးသပိတ်ပစ်ခတ်ဖြိုခွင်းခံနေရ

စစ်အာဏာသိမ်းမှုကို နေ့စဉ်ဆန့်ကျင်တော်လှန်နေသည့် မန္တလေးမြို့၏ သပိတ်စစ်ကြောင်းတစ်ခုကို မတ် ၁၃ နံနက်ပိုင်း အချိန်၌ပင် စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းနေပသည်။

မန္တလေးမြို့ ၄၁လမ်း၊ ၈၈လမ်းရှိ မစိုးရိမ်တိုက်သစ်အနီးတွင် လူထောင်ချီပါဝင်သည့် စစ်အာဏာသိမ်းမှုအမြစ်ဖြုတ်ရေး လူထုသပိတ်စစ်ကြောင်းကို ဖြိုခွင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် အချက် ၂၀ထက်မနည်း ပစ်ခတ်ခဲ့ပြီးဖြစ်သည်။

ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်ဖွဲ့၏အကြမ်းဖက်ပစ်ခတ်ရိုက်နှက် မှုများကြောင့် မန္တလေးမြို့တွင် လူ ၁၄ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်သည်။

မန္တလေးသပိတ်ပစ်ခတ်ဖြိုခွင်းခံနေရ

မတ် ၁၇ တွင် မဖြစ်မနေဖွင့်ရန် ပုဂ္ဂလိကဘဏ်များ ဖိအားပေးခံနေရ 

စစ်ကောင်စီ၏ ညွှန်ကြားချက်ကို အန်တုပြီး ဘဏ်များပိတ်ထားသော်လည်း လာမည့် မတ် ၁၇ တွင် ဘဏ်များ မဖြစ်မနေဖွင့်လှစ်ရန် ဗဟိုဘဏ်က ဖိအားပေးနေကြောင်း ဘဏ်လုပ်ငန်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

မတ် ၈ တွင် ဘဏ်များပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက ခန့်အပ်သည့် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့က ပထမအကြိမ် ဖိအားပေးခဲသော်လည်း ထိုရက်တွင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခဲ့ခြင်း မရှိပေ။ 

ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်တာဝန်ရှိသူများက ပုဂ္ဂလိကဘဏ်များအပေါ် ဆက်တိုက်ဖိအားပေးမှု များရှိနေပြီး လာမည့် မတ် ၁၇ ရက်တွင် ဘဏ်များမဖြစ်မနေဖွင့်လှစ်ရန် ပြင်းပြင်းထန်ထန်သတိပေး ထားသည်ဟု ပုဂ္ဂလိကဘဏ်ကြီးတစ်ခု အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

ဗဟိုဘဏ်က ထိုသို့ဖိအားပေးမှုများနှင့် ပတ်သက်၍ ဘဏ်တွင်ငွေသား လက်ကျန်များများစား မရှိသည် ကို ပုဂ္ဂလိကဘဏ်များက အကြောင်းပြထားပြီး ဗဟိုဘဏ်တွင် အပ်နှံထားသော ငွေများပြန်ထုတ်ပေးရန် တောင်းဆိုခဲ့ရာတွင် းတူ ဗဟိုဘဏ်တွင်လည်း ငွေအင်အားနည်းနေ၍ ကျပ်သိန်းထောင်ဂဏန်းသာ ထုတ်ပေးနိုင်ကြောင်း အဆိုပါအရာရှိကြီးက ပြောသည်။

မတ် ၁၇ တွင် မဖြစ်မနေဖွင့်ရန် ပုဂ္ဂလိကဘဏ်များ ဖိအားပေးခံနေရ 

ချင်းပြည်နယ် ဟားခါးဆေးရုံဝန်ထမ်းအိမ်ရာနေသူများကို လက်နက်ကိုင်များက နှင်ထုတ်

ဟားခါးမြို့နယ်ဆေးရုံတွင် ဝန်ထမ်းအင်အား ၃၀၀ ကျော်ရှိသည့်အနက် ဝန်ထမ်းအနည်းငယ်မှအပ အားလုံးနီးပါး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေခြင်းဖြစ်ပြီး မတ် ၁၂ တွင် စစ်တပ်နှင့် ရဲများက အင်အား အလုံးအရင်းဖြင့် ဆေးရုံမှဖယ်ရှားပေးရန် အကြောင်းကြားလာသည့်အတွက် အားလုံးထွက်ပြေးနေရသည်ဟု ဆေးရုံအုပ်ကြီးက အတည်ပြုထားသည်။

ထို့အတူ နိုင်ငံအနှံ့တွင် CDM လှုပ်ရှားမှု၌ ဦးဆောင်ပါဝင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာ့မီးရထား ဝန်ထမ်းများမှာလည်း အလုပ်မဆင်းပါက ဝန်ထမ်းလိုင်းခန်းများမှ ထွက်ခွာရန် စစ်ကောင်စီ၏ အတင်းအကြပ် ဖိအားပေးမှုကို ကြုံတွေ့နေရသည်။

ချင်းပြည်နယ် ဟားခါးဆေးရုံဝန်ထမ်းအိမ်ရာနေသူများကို လက်နက်ကိုင်များက နှင်ထုတ်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading