ရွေးကောက်ပွဲအပြီး ရပ်ကွက်ထဲပြန်ရမယ့် အထူးရဲများ

အောက်တိုဘာ ၂ဝ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အထူးရဲသင်တန်း ပထမနေ့ မြင်ကွင်း (ဓာတ်ပုံ - Myanmar Now/ Htet Khaung Lin)
အောက်တိုဘာ ၂ဝ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အထူးရဲသင်တန်း ပထမနေ့ မြင်ကွင်း (ဓာတ်ပုံ - Myanmar Now/ Htet Khaung Lin)

ရန်ကုန် - ပုခုံးဒေါက် အနီရောင်ဖြစ်တာကလွဲလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝတ်စုံနဲ့တစ်ပုံစံတည်း မီးခိုးရောင် အကျႌ၊ နက်ပြာရောင် ဘောင်းဘီတို့ကို ဝတ်ဆင်ထားတဲ့၊ အသက် ၂ဝ အရွယ် ကိုကျော်ရဲလင်း တစ်ယောက် နေပူရှိန်ကြောင့် ချွေးတစို့စို့ ဖြစ်နေပေမယ့်လည်း မျက်နှာကတော့ တည်ကြည်ရဲရင့်လို့နေပါတယ်။

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ အဲဒီမြို့နယ်အတွက် အထူးရဲ တပ်ဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဖို့ သင်တန်းတက်နေကြတဲ့ထဲမှာ ကိုကျော်ရဲလင်းလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အထူးရဲ ဆိုတာကတော့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲကျင်းပချိန် မဲရုံတွေမှာ လုံခြုံရေးတာဝန်ယူဖို့ သီးခြားရွေးချယ်လေ့ကျင့်ပေးထားသူတွေပါ။

အထူးရဲတွေ လက်ထိပ်၊ ကြိုး၊ နံပတ်တုတ်တွေ ကိုင်ဆောင်ခြင်း မရှိတာကတော့ မြင်နေကျရဲတွေနဲ့ အဓိက ကွာခြားချက်ပါပဲ။ အထူးရဲတပ်ဖွဲ့ထဲမှာ လူငယ်တွေတင်မက လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။

ကိုကျော်ရဲလင်းတို့လို နိုင်ငံအနှံ့မှာ ရဲတပ်ဖွဲ့က ခေါ်ယူ လေ့ကျင့်ပေးနေတဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေဟာ မကြာခင်မှာကျင်းပတော့မယ့် ပြည်တွင်းပြည်ပ စိတ်ဝင်စားနေကြတဲ့၊ ၁၉၉ဝ နောက်ပိုင်း ပထမဆုံးသော လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ယူဆထားကြတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကြီးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ကြရမှာပါ။

“ကျွန်တော်က ရဲဖြစ်ချင်ခဲ့တာ။ ဒီနှစ် ၁ဝ တန်းကို အောင်အောင်တော့ ပြန်ဖြေပြီးရင် ရဲထဲကိုပဲ ပြန်ဝင်မယ်။ အခုအကြိမ်ကတော့ အတွေ့အကြုံရှာတဲ့သဘောမျိုးပဲ” လို့ ကိုကျော်ရဲလင်းက သင်တန်းခဏနားစဉ်မှာ Myanmar Now ကို ပြောပြပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေနဲ့ တစ်ခါမှ အလုပ်တွဲမလုပ်ခဲ့ဖူးဘူး။ ခုမှစတာ ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားတာပေါ့”

အထူးရဲနဲ့ တာဝန်လက်ပတ်နီဝတ်တွေ အတူတူပဲလား

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အထူးရဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း ၄ဝ,၃ဝ၄ ဦး ခန့်အပ်ထားတဲ့ထဲမှာ တက္ကသိုလ် ဘွဲ့ရ ၄ ရာခိုင်နှုန်း၊ အထက်တန်းအောင် ၉ ရာခိုင်နှုန်း၊ အထက်တန်းအဆင့် ၆ဝ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၂၇ ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့စာရင်းများ အရ သိရပါတယ်။

အထူးရဲများက တစ်ပတ်ကြာ သင်တန်းတက်ထားတဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ မဲရုံတစ်ရုံမှာ တစ်ဦးကျစီ တာဝန်ယူရမှာပါ။

သူတို့ကို ကျန်းမာရေးကောင်းခြင်း၊ ခြေမခွင်ခြင်း၊ ဥပဓိရုပ် ကောင်းခြင်းစတဲ့ မျက်မြင်တွေ့ရှိချက် ၁၂ ချက်အတိုင်း မြို့နယ်အတွင်းရှိတဲ့ မဲရုံအရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အထူးရဲစစ်ရေးနည်းပြ၊ သင်္ဃန်းကျွန်းမြို့နယ် ရုံးဦးစီး ရဲအုပ်သက်ဦးက ပြောပြပါတယ်။

“သင်တန်းမှာ သူတို့ကို လက်နက်မဲ့ စစ်ရေးပြနည်း၊ လူ့အခွင့်အရေးဘာသာရပ်၊ ရဲကျင့်ဝတ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစဉ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံချက်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေကို သင်ပေးမှာပါ” လို့ ရဲအုပ်သက်ဦးက ပြောပါတယ်။

ဒီလို အထူးရဲတွေကို ခေါ်ယူခဲ့ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးဆုံးရေးအတွက် လုံခြုံရေးအပိုင်း တာဝန်ပေးအပ်ဖို့ လက်ရှိ ရဲတပ်ဖွဲ့ရဲ့ ရှိရင်းစွဲ အင်အားနဲ့ မလုံလောက်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက တာဝန်ဆိုတဲ့ စာလုံးပါ လက်ပတ်နီတွေ တပ်ဆင်ထားသူကိုသာ မဲရုံတွေမှာ တာဝန်ပေးခဲ့တာပါ။ နောက်ပိုင်းအချိန်များမှာလည်း အုပ်ချုပ်ရေး၊ လုံခြုံ ရေးဆောင်ရွက်ချက်တချို့မှာ အဲဒီတာဝန်လက်ပတ်အနီဝတ်တွေကို ဆက်လက်အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ကျောင်းသားနဲ့ ပြည်သူတွေ ကို လက်ပတ်နီဝတ်တွေနဲ့ ရဲတပ်ဖွဲ့တို့ ဖြိုခွင်းခဲ့တဲ့အခါမှာ ဆေးမင်ကြောင်ထိုးထားတဲ့ လက်ပတ်နီဝတ်တစ်ဦးက ဆန္ဒပြကျောင်းသူတစ်ဦးရဲ့လည်ပင်းကိုနောက်ကနေ သိုင်းချုပ်ထားခဲ့တဲ့ပုံက မီဒီယာမှာ ဖော်ပြပြီးနောက်ပိုင်းမှာတော့ လက်ပတ်နီတွေကို တာဝန်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဝေက ဆိုပါ တယ်။

အထူးရဲဆိုသူတွေဟာ ဘယ်သူတွေလဲ

အထူးရဲအတွက် ခေါ်ယူခဲ့သူ အများစုက အရပ်သားတွေသာဖြစ်ကြပြီး မြို့နယ်အလိုက်ရှိနေတဲ့ အရန်မီးသတ်၊ ကြက်ခြေနီ၊ စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှာ လုပ်ကိုင်ဖူးသူတွေသာ ပါဝင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ခင်မောင်ကြိုင်က ပြောပြတယ်။

အထူးရဲတပ်ဖွဲ့ဝင်တစ်ဦး လစာ ကျပ် ၁၅ဝ,ဝဝဝ၊ နေ့တွက်စရိတ် ကျပ် ၁,ဝဝဝ ပေးမယ် လို့ သိရပါတယ်။

စိတ်ဝင်တစား တာဝန်ယူလိုတဲ့ထဲမှာ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဦးခင်မောင်ထွန်းလည်း ပါဝင်ပါတယ်။

“တာဝန်ထမ်းဆောင်ခွင့်ရတာကို ဂုဏ်ယူပါတယ်။ ရှေ့လျှောက်လည်း သူတို့နဲ့ ပြည်သူ့အကျိုးဆောင်ရွက်ချက် တွေမှာ လက်တွဲသွားဦးမှာပါ။ အခုမှ ရွေးကောက်ပွဲကြောင့် နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတာ။ အရင်တုန်းက ဒီလိုမျိုး ရဲလုပ်ရလိမ့်မယ်လို့ တွေးလည်းမတွေးထားခဲ့ဘူး”လို့ ဦးခင်မောင်ထွန်းက ပြောပါတယ်။

အရန်မီးသတ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကတည်းက ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအပိုင်းနဲ့ နယ်မြေလုံခြုံရေး၊ လှည့်ကင်းဆောင်ရွက်ချက်များ၊ ဥပဒေစိုးမိုးရေးကိစ္စတွေမှာ အတူတကွ လက်တွဲဆောင်ရွက်ခဲ့တဲ့အတွက် မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဆုလက်မှတ် ရရှိခဲ့ဖူးတယ်လို့ သူက ဆက်ပြောပြတယ်။

အထူးရဲတာဝန်ကို ထမ်းဆောင်ဖို့ တက်ကြွနေသူ တစ်ဦးကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း (က) ရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် ဦးစောသိန်းဖြစ်ပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးတို့၊ အာဏာပိုင်တို့နဲ့ ဒီတစ်ကြိမ်က ပထမဆုံးတွဲလုပ်ခဲ့ဖူးတာပဲ။ ကျွန်တော်က ဘာသာရေး၊ လူမှုရေးတွေပဲ လုပ်ခဲ့တာ၊ တစ်ခါမှ တိုင်းပြည်အတွက် မလုပ်ခဲ့သေးဘူး၊ ဒီတစ်ကြိမ်တော့ အတွေ့အကြုံရအောင် လုပ်ကြည့်မှပဲဆိုပြီး ဝင်လုပ်တာ” လို့ ဦးစောသိန်းက ဆိုပါတယ်။

“ဒါပေမယ့် အခုတာဝန်ပြီးသွားရင် သန္ဓေဝင်ရဲ ဆက် လုပ်ဖို့တော့ အစီအစဉ်မရှိဘူး”

အထူးရဲတာဝန်တွေက ဘာတွေလဲ

အထူးရဲတွေအနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာ ထိန်းထိန်းသိန်းသိန်းနဲ့လုပ်ဖို့၊ ဆန္ဒမလွန်ကဲဖို့၊ စိတ်မစောဖို့၊ မတွေဝေဖို့နဲ့ မလိုလားအပ်တဲ့ အပြုအမူတွေကို မလုပ်လုပ်မိဖို့ အလွန်အရေးကြီးတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က သင်တန်းအဖွင့်မိန့်ခွန်းမှာ ပြောဆိုပါတယ်။

“ကိုယ်လုပ်ရမယ့်တာဝန်ဟာ ရွေးကောက်ပွဲ ဥပဒေပါ တားမြစ်ချက်တွေကို မကျူးလွန်အောင် ဆောင်ရွက်ဖို့၊ တားဆီးပေးဖို့ ပဲ။ ရပ်ကျေးကော်မရှင်က ခိုင်းတဲ့ကိစ္စဆိုရင်တောင် မဲရုံမှူးကို အသိပေးပြီးမှ ဆောင်ရွက်ဖို့လိုတယ်” လို့ ဦးကျော်လွင်က ဆိုပါတယ်။

“ကိုယ့်ကြောင့် ပြဿနာမကြီးထွားဖို့လိုတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ တားမြစ်ချက်တွေကို အထူးရဲကိုယ်တိုင်က ကျူးလွန်တယ်ဆိုရင်တော့ အင်မတန်နာမည်ပျက်စရာဖြစ်တယ်။ ကိုယ်တိုင်လည်း အရေးပြန်ယူခံရမှာဖြစ်တယ်”

သင်္ဃန်းကျွန်းမြို့နယ် အထူးရဲစစ်ရေးနည်းပြ၊ ရဲအုပ်သက်ဦးကတော့ အထူးရဲတွေဟာ ရွေးကောက်ပွဲပြီးရင် ရပ်ကွက်ထဲပြန်နေကြရမှာဖြစ်ပြီး အထူးရဲတာဝန်ထမ်းဆောင်ဖူးသူတစ်ဦးရဲ့ သိက္ခာကို ထိန်းသိမ်းကြမယ်လို့ မျှော်လင့်နေပါတယ်။

အထူးရဲတွေ လိုက်နာရမယ့် အချက် ၁၂ ချက်ကို အမြဲမပြတ် အလွယ်တကူ ဖတ်ရှုနိုင်ဖို့ အိတ်ဆောင် လက်ကမ်းစာစောင်နဲ့ ဖြန့်ဝေထားတယ်၊ အဲဒီထဲမှာ အရေးအကြီးဆုံးက အထူးရဲတွေဟာ မဲရုံမှူးရဲ့ ခွင့်ပြုချက်နဲ့ မဲရုံထဲကို ဝင်ရောက်ခြင်းကလွဲရင် ဘယ်သောအခါမှ မဲရုံထဲကို ဝင်ရောက်ခြင်းမပြုဖို့ ဆိုတဲ့ အချက်ပါပဲလို့ သင်္ဃန်းကျွန်းမြို့နယ် အထူးရဲစစ်ရေးနည်းပြ၊ ရဲအုပ်သက်ဦးက ဆိုပါတယ်။

“သူတို့မှာ တစ်စုံတစ်ဦးကို ဖမ်းဆီး ပိုင်ခွင့်ဆိုတာ မရှိပါဘူး” လို့ ရဲအုပ်က ပြောပါတယ်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading