မတ် ၁၇ တွင် မဖြစ်မနေဖွင့်ရန် ပုဂ္ဂလိကဘဏ်များ ဖိအားပေးခံနေရ 

ပုဂ္ဂလိကဘဏ်များနည်းတူ ဗဟိုဘဏ်တွင်လည်း ငွေအင်အားနည်းနေပြီး ဗဟိုဘဏ်၌ထားရှိသော အပ်ငွေ များထုတ်ပေးရန် ပုဂ္ဂလိကဘဏ်များက တောင်းခံရာတွင် ကျပ်သိန်းထောင်ဂဏန်းသာ ထုတ်ပေးနိုင်ဟု ဘဏ်ကြီးတစ်ခုမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားသည်

မတ် ၈ ရက်တွင် ဘဏ်များဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးခဲ့သော်လည်း ထို့နေတွင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခဲ့ခြင်း မရှိပေ။

စစ်ကောင်စီ၏ ညွှန်ကြားချက်ကို အန်တုပြီး ဘဏ်များပိတ်ထားသော်လည်း လာမည့် မတ် ၁၇ တွင် ဘဏ်များ မဖြစ်မနေဖွင့်လှစ်ရန် ဗဟိုဘဏ်က ဖိအားပေးနေကြောင်း ဘဏ်လုပ်ငန်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

မတ် ၈ တွင် ဘဏ်များပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက ခန့်အပ်သည့် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့က ပထမအကြိမ် ဖိအားပေးခဲသော်လည်း ထိုရက်တွင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခဲ့ခြင်း မရှိပေ။ 

ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်တာဝန်ရှိသူများက ပုဂ္ဂလိကဘဏ်များအပေါ် ဆက်တိုက်ဖိအားပေးမှု များရှိနေပြီး လာမည့် မတ် ၁၇ ရက်တွင် ဘဏ်များမဖြစ်မနေဖွင့်လှစ်ရန် ပြင်းပြင်းထန်ထန်သတိပေး ထားသည်ဟု ပုဂ္ဂလိကဘဏ်ကြီးတစ်ခု အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

ဗဟိုဘဏ်က ထိုသို့ဖိအားပေးမှုများနှင့် ပတ်သက်၍ ဘဏ်တွင်ငွေသား လက်ကျန်များများစား မရှိသည် ကို ပုဂ္ဂလိကဘဏ်များက အကြောင်းပြထားပြီး ဗဟိုဘဏ်တွင် အပ်နှံထားသော ငွေများပြန်ထုတ်ပေးရန် တောင်းဆိုခဲ့ရာတွင် ကျပ်သိန်းထောင်ဂဏန်းသာ ထုတ်ပေးနိုင်ကြောင်း အဆိုပါအရာရှိကြီးက ပြောသည်။

ဘဏ်များဖွင့်လှစ်ပါက အပ်ငွေများအလုံးအရင်ဖြင့် ထုတ်ယူမည့်အခြေအနေပေါ်   ပုဂ္ဂလိကဘဏ်များ အနေဖြင့် စိုးရိမ်မှုများရှိနေပြီး လက်ရှိတွင် ပုဂ္ဂလိဘဏ်များအပြင် ဗဟိုဘဏ်တွင်လည်း ငွေသားအကြပ် အတည်းဖြစ်နေသည်ဟု အမည်မဖော်လိုသူ ထိုအရာရှိကြီးက ဆိုသည်။ 

ပုဂ္ဂလိကဘဏ်များအအနေဖြင့် မဖြစ်မနေအမြန်ဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိပါက ၎င်းဘဏ်များရှိ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ ငွေလွှဲပြောင်းထုတ်ပေး နိုင်ရေး ဆောင်ရွက်ရန် စစ်ကောင်စီက မတ် ၉ ရက်စွဲဖြင့် ဗဟိုဘဏ်သို့ ပေးပို့ထားသည့် စာတစ်စောင် လည်း ယနေ့ ညနေပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသည်။

ပုဂလိကဘဏ်များ ဖွင့်လှစ်ခြင်း မရှိပါက နောင်ဖြစ်​ပေါ်လာမည့်အ​ခြေအ​နေများကို ​တာဝန်ယူမည် မဟုတ်ကြောင်းလည်း စစ်အာဏာသိမ်း​ကောင်စီက ဖိအားပေး ခြိမ်း​ခြောက်​​ထားသည်။

စစ်ကောင်စီကို ဆန့်ကျင်လျက် ဘဏ်များပိတ်ထားခဲ့သော်လည်း လတ်တလော ဆက်တိုက်ဖိအားပေးမှု များကြောင့် ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်က ပြန်ဖွင့်ရန်တာစူနေပြီး ရှိမဖြစ်လိုအပ် သော ဘဏ်ဝန်ဆောင်မှုများပေးရန် ဘဏ်ခွဲများဖွင့်လှစ်မည်ဟု မတ် ၁၁ ရက်စွဲဖြင့် အသိပေးစာ ထုတ်ပြန်ထားသည်။

အဆိုပါသိပေးစာမှာ Facebook လူမှုကွန်ရက်တွင်ပြန့်နှံနေပြီး ယင်းစာမှာ မှန်ကန်ကြောင်း ကမ္ဘောဇဘဏ်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် ဘဏ်ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။

“ဝန်ထမ်းတွေသုံးတဲ့ Facebook မှာတင်လိုက်တာ သူတို့က။ တစ်ယောက်ချင်းစီပို့တာ မဟုတ်ဘူး။ အကုန်ကန့်ကွက်နေကြတယ်” ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ဝန်ထမ်းများဘေးကင်းလုံခြုံရေး အဓိကထားရန်၊ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလတွင် ဝန်ဆောင်မှု ပေးသကဲ့သို့ အလှည့်ကျဝန်ဆောင်မှုပေးရန်၊ ATM ငွေဖြည့်သွင်းခြင်း၊ အပ်ငွေနှင့် လစာပေးချေခြင်းနှင့် ဒစ်ဂျစ်တယ် ငွေပေးချေ ဝန်ဆောင်မှုများကို အဓိကထားဆောင်ရွက်ရန် ကမ္ဘောဇဘဏ်က ညွှန်ကြား ထားသည်။

ထိုဆောင်ရွက်ချက်များကို Project Team တစ်ခုအနေဖြင့် အကောင်အထည်ဖော်စီမံခန့်ခွဲမည်ဖြစ်ပြီး ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ရန် မကြာမီဆက်သွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ်များပိတ်ထားခြင်းကြောင့် ငွေသားစီးဆင်းမှုရပ်တံ့နေပြီး ကုန်သွယ်မှုများနှောင့်နှေးကျန့်ကြာသဖြင့် မြို့ကြီးများ၊ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့်ဘဏ်ခွဲများ အမြန်ဆုံးပြန်ဖွင့်ရန် စစ်ကောင်စီက လုံးပမ်းနေခြင်းဖြစ်သည်။ 

လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ် တပ်မတော်ပိုင်း မြဝတီဘဏ်၊ အင်းဝဘဏ်များသာဖွင့်လှစ်လျက်ရှိ နေပြီး ပုဂ္ဂလိကဘဏ်အများအပြားအနက် ကမ္ဘောဇဘဏ်က ပြန်လည်ဖွင့်လှစ်ရန်လေသံပစ်လာ ခြင်းဖြစ်ကာ အခြားဘဏ်များအနေဖြင့် မည်သို့ဆောင်ရွက်မည်ကို ထုတ်ပြန်ခြင်း မရှိသေးချေ။

စစ်တပ်အာဏာသိမ်းမှု တစ်လခွဲနီးပါးကြာမြင့်လာချိန်တွင် ဘဏ်များပိတ်ပင်ထားခြင်းကြောင့် ဈေးကွက်အတွင်း ငွေသားစီးဆင်းမှုရပ်ဆိုင်းသွားပြီး LC နှင့် TT ဖွင့်မရသဖြင့် ပြည်ပကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများလည်း ကမောက်ကမ ဖြစ်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီ၏ အင်တာနက်ကန့်သတ်ပိတ်ပင်မှုများကြောင့် အလိုလျောက်ငွေထုတ်စက်များနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုများလည်း မချော့မမွေ့ဖြစ်ခဲ့ကြောင်း ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ထားချိန်တွင် ငွေအပ်နှံသူများက ငွေထုတ်ယူကြ သဖြင့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် အစရှိသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များ သည် ဗဟိုဘဏ်မှ ငွေအများအပြား ထုတ်ယူခဲ့ကြကြောင်း CDM တွင်းပူးပေါင်းပါဝင်သည့် ဗဟိုဘဏ်ဝန် ထမ်းတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။

အာဏာစတင်သိမ်းချိန်က ဘဏ်များအပေါ်ယုံကြည်မှုနည်းစေသည့် ကောလာဟလ သတင်းများထွက် ပေါ်ခဲ့ပြီး စိုးရိမ်ကြောင့်ကြမှုများကြောင့် ငွေသားကို လက်ဝယ်ကိုင်ဆောင်ထားလိုသူများက ဘဏ်အပ်နှံ ငွေများအပြားကို ထုတ်ယူခဲ့ကြခြင်းဖြစ်သည်ဟု ဘဏ်အသိုင်းဝိုင်းက ဆိုသည်။

ဘဏ်များသည် အများပြည်သူ၏ စုဆောင်းအပ်နှံငွေကို လက်ခံပြီး ငွေလိုအပ်သောစီးပွားရေး လုပ်ငန်းများကို တစ်ဆင့် ငွေပြန်လည်ချေးကြသောကြောင့် အပ်နှံငွေမှာ ဘဏ်ထဲတွင် ရာနှုန်းပြည့်မရှိကြောင်း၊ အပ်ငွေထုတ်ယူမှု များပြားပါက ဘဏ်များ အကျပ်အတည်းဖြစ်နိုင်ကြောင်း ဘဏ္ဍာရေးနယ်ပယ်မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေချိန်တွင် စစ်တပ်က အာဏာ သိမ်းယူလိုက်ခြင်းကြောင့် ရက်ပိုင်းအတွင်း ဘဏ်များအပေါ် ရိုက်ခတ်မှုရှိလာသော်လည်း ရေရှည်တွင် တိုင်းပြည် တည်ငြိမ်မှု၊ စီးပွားရေး နလန်ထမှု၊ အုပ်ချုပ်သူတို့၏ ထိန်းကျောင်းကိုင်တွယ်မှုအပေါ်မူတည်ကာ သက်ရောက်မှုပြောင်းလဲနိုင်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတစ်ခုမှာ စီးပွားရေးကျပ်တည်းတာတို့၊ တည်ငြိမ်မှုနည်းတာတို့ဆိုရင် Banking System မှာ သွားပြီးသိသာတယ်။ ဘာလို့လဲဆိုတော့ လူတွေက ချေးငွေကို အဲ့ဒီမှာချေးကြတယ်။ ဘဏ်လုပ်ငန်းတွေက ချေးငွေနဲ့အလုပ်လုပ်တယ်။ လုပ်ငန်းလည်ပတ်မှုမကောင်းရင် ချေးငွေမဆပ်နိုင်ဘူး။ ချေးငွေက ဘယ်က လာတာလဲဆိုတော့ စုငွေတွေကလာတာပေါ့။ အဲ့ဒီမှာသွားပြီးတော့ ဘဏ်ရပ်တည်မှုကို၊ တည်တံ့မှုကို ထိခိုက်နိုင်တယ်။ ဘဏ်လုပ်ငန်းဆိုတာယုံကြည်မှုနဲ့လုပ်ရတဲ့လုပ်ငန်း” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

စစ်အာဏာသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီအနေဖြင့် သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဗဟိုဘဏ်ဒါရိုက်တာ အဖွဲ့ဝင်များကို အလျင်အမြန်ဖယ်ရှားခဲ့ပြီး တပ်မတော်အစိုးရလက်ထက်နှင့် ဦးသိန်းစိန် အစိုးရလက်တွင် ဗဟိုဘဏ်ဥက္ကဌတာဝန်ယူခဲ့သည့် ဦးသိန်းညိမ်းကို ဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည်။

ဗဟိုဘဏ် ညွှန်ချုပ်နှစ်ဦးဖြစ်သည့် ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေတို့ကို ဒုတိယ ဥက္ကဌများအဖြစ် ခန့်အပ်ခဲ့သည်။

အစိုးရ အခွန်ဘဏ္ဍာရလမ်းတစ်ခုဖြစ်သည့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အောင်ဘာလေထီမှာလည်း ပြည်သူများ၏ သပိတ်မှောက်မဝယ်ယူမှုကြောင့် ဖေဖော်ဝါရီ လကုန်တွင်မဖွင့်နိုင်ဘဲ မတ်လလယ်အထိ ရက်ရွေ့ဆိုင်းထားသည်။ 

အောင်ဘာလေ ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ်ချီးမြင့်ပြီး ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ရယူနေခြင်းဖြစ်သည်။ 

ဘဏ်များပိတ်ထားခြင်းကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအတွက် ငွေကြေးစီးဆင်မှု အကျပ်ရိုက်စေပြီး စစ်ကောင်စီအလိုကျ ဘဏ်များဖွင့်လှစ်လာမည်ဆိုပါက လူထုအနေဖြင့် ဘဏ်အပ်နှံငွေများပြန်လည်ထုတ်ယူရန် လူမှုကွန်ရက်တွင် ဆော်ဩမှုများရှိနေသည်။

စစ်ကောင်စီကမူ အုပ်ချုပ်ရေးယန္တရားအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ကို အဓိကအသုံးပြုခြင်း ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များပိတ်ထားခြင်းကြောင့် ပြည်သူလူထုသာ နစ်နာကြောင်း ဘဏ်များဆက်လက်ပိတ်ထားရန် ဆန္ဒပြ၊ ဖိအားပေးနေသူများကို ထိရောက်စွာ အရေးယူမည်ဖြ စ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဘဏ်များတွင် ငွေမရှိဟူသည့်သတင်းများမှာ ကောလာဟလသာဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျပ်ထရီလျံနှင့်ချီကာ ငွေသားထုတ်ပေးနိုင်ကြောင်းလည်း ၎င်းက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading