အာဏာသိမ်းစစ်ကောင်ဘက်က စစ်ရေးလှုပ်ရှားမှုများ ရှိလာသောကြောင့် ထိတွေ့တိုက်ပွဲများဖြစ်ပွား ကာ စစ်ရေးတင်းမာလျက်ရှိသော်လည်း လတ်တလော လူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိသော KNU နှင့် ပတ်သက်သည့်တိုက်ပွဲသတင်းအချို့မှာ သတင်းမှားများသာဖြစ်ကြောင်း KNU တာဝန်ရှိသူများက ပြောသည်
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ (၁) နှင့် တပ်မဟာ (၅) နယ်မြေတို့ တွင် စစ်တပ်နှင့် ထိတွေ့မှုတိုက်ပွဲအချို့ရှိနေပြီး စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း တာဝန်ရှိသူက ပြောသည်။
သို့သော် လတ်တလော လူမှုကွန်ရက်တွင် ဖော်ပြနေသော KNU နှင့် ပတ်သက်သော တိုက်ပွဲသတင်း အချို့မှာ သတင်းမှားများသာဖြစ်ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောမန်းမန်းက ပြောကြားသည်။

KNU တပ်မဟာ (၅) လှုပ်ရှားရာ ဖာပွန်ခရိုင် မဲဝိုင်ဒေသ၌ မိုင်းထိခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်တပ် တပ်မ ၇၇ မှ ၃၇ ဦးသေဆုံးသည်ဟု လူမှုကွန်ရက်တွင် ဖော်ပြနေမှုများသည် မှန်ကန်ခြင်း မရှိကြောင်း ၎င်းက ရည်ညွှန်းပြောကြားသည်။
“တော်တော်များများက သတင်းအမှန်တွေ မဟုတ်ဘူး။ သို့သော်လည်းပဲ တိုက်ပွဲတွေ အနည်းအကျဉ်း တော့ရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဘက်က အကျအဆုံးတော့ ရှိပါတယ်။ ခုဏတုန်းက Facebook စာမျက်နှာမှာ တက်လာသလောက်တော့ အဲဒီလို ပုံစံတော့ မဟုတ်ဘူးပေါ့နော်” ဟု ဖဒိုစောမန်းမန်းက ပြောသည်။


လတ်တလော အခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက မြို့တွင်းသို့ ဝင်သိမ်းမည်ကို စစ်ကောင်စီက စိုးရိမ်နိုင်သည့်အခြေအနေတွင် မြို့များတွင် တပ်အင်အားတိုးချဲ့ခြင်းများရှိနေပြီး စစ်တပ်ဘက်မှ အင်အားတိုးချဲ့လာသည်နှင့်အမျှ ထိပ်တိုက်ထိတွေ့မှုများ ရှိလာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားသည်။
KNU တပ်မဟာ (၁) ဆက်ဆံရေးတာဝန်ခံ စောအေးနိုင်ကလည်း “တပ်မတော်ဘက်ကတော့ အင်အား တိုးချဲ့လာတာတော့ ရှိလာတယ်။ ဒါပေမဲ့ အဆင်ပြေအောင် ဆက်ဆံရေးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်တယ်။ ၉ ရက်နေ့က နှစ်ဖက်ပြန်ထိန်းဖို့ ညှိနှိုင်းခဲ့တယ်။ တပ်မတော်ဘက်ကတော့ တပ်တွေကို ပြန်ထိန်းမယ် ကတိတည်တယ်၊ အာမခံတယ်လို့ပြောတယ်။ ပြောပေမဲ့လည်း သူတို့ကတိနဲ့ ဆောင်ရွက်ချက်က ကိုက်ညီမှုမရှိဘူး” ဟု ပြောသည်။


ဘားအံမြို့နယ် ညောင်ကုန်းဒေသ၌သာ တပ်များထားရှိပြီး KNU ထိန်းချုပ်ဒေသသို့ မရောက်ရှိစေရဟု တပ်မတော်ဘက်က ပြောသော်လည်း မတ် ၁၁ ရက်တွင် တပ်မတော်စစ်ကြောင်းများ KNU ထိန်းချုပ် နယ်မြေအတွင်း လှုပ်ရှားခဲ့သည်ဟု စောအေးနိုင်က ဆိုသည်။
KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင်တွင် မတ် ၉ ရက်က အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ စစ်အာဏာမသိမ်းမီကတည်းက KNU တပ်မဟာ (၆) နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ (၃) နယ်မြေ ကျောက်ကြီးဒေသတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုအခါ တပ်မတော် (၁) ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားကာ စစ်ရေးတင်မာနေခြင်းဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








