မန္တလေးတွင် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူလူငယ်၏ အလောင်းပြန်မရ

“ကျွန်တော့်သားအတွက် ၀မ်းမနည်းဘူး။ ကျွန်တော်တသက်လုံး ဂုဏ်ယူနေမှာ။ ကျွန်တော်တောင်းဆိုချင် ကျွန်တော့်သားအလောင်းကို သင်္ဂြိုလ်ခွင့်ရဖို့ပါပဲ" ဟု သေဆုံးသူ အသက် ၁၉ နှစ်အရွယ် မောင်လင်းထက် ၏ဖခင်ဖြစ်သူ ဦးဇော်လင်းက ပြောသည် 

Published on Mar 12, 2021

မန္တလေးမြို့တွင် ယမန်နေ့က မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်များက ပစခတ်ဖြိုခွင်းခဲ့ရာတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့ရာ ၎င်း၏ရုပ်အလောင်း ကို ပြန်လည်မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။ 

ယမန်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ မန္တလေးမြို့ မြောက်ပြင် ၉ လမ်းနေ မောင်လင်းထက်၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ခွင့်ရရှိရန် မန္တလေး နန်းတွင်းတပ်နှင့် တပ်ဆေးရုံအသီးသီးကို သွားရောက်စုံစမ်းသော်လည်း ၎င်းတို့လက်ဝယ် မရှိကြောင်း ငြင်းဆိုခံခဲ့ရသည်ဟု ဖခင်ဖြစ် သူ ဦးဇော်လင်းက ပြောသည်။ 

“ကျွန်တော်သားလေး မျက်နှာလေးကိုမြင်ချင်တယ်။ အလောင်းကိုပဲ သင်္ဂြိုလ်ခွင့်ရချင်ပါတယ်ဗျာ" ဟု ၎င်းက ပြောသည်။ 

သားဖြစ်သူသေဆုံးသည်ကိ လူမှုကွန်ရက်တွင် တွေ့ရှိရသော ဗီဒီယိုနှင့်ဓာတ်ပုံများအရသာ အတည်ပြုနိုင်ခဲ့ပြီး မည်သည့်ဒဏ်ရာဖြင့် သေဆုံးရသည်ကိုလည်း ယခုတိုင်မသိရသေးကြောင်း ဦးဇော်လင်းက ပြောသည်။ 

မြတောင်သပိတ်စစ်ကြောင်းကို ယမန်နေ့ နံနက်ပိုင်းက ၈၉ လမ်း ကိုးလုံးတကာ ဘုရားအနီးအရောက်တွင် စစ်ကားနှင့်ရဲကား အများအပြားက လိုက်လံပစ်ခတ်ဖြိုခွင်းရာ အသက် ၁၉ နှစ်အရွယ် မောင်လင်းထက် မှာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ရတနာပုံတက္ကသိုလ် ဘူမိဗေဒဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်လင်းထက်သည် နေအိမ်မှ နံနက် ၇ နာရီခန့်တွင် သူငယ်ချင်းဖြစ်သူနှင့်အတူ မြတောင်သပိတ်စစ်ကြောင်းကို လိုက်ပါမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူကို ပြောဆိုခဲ့သည်ဟု ဆိုသည်။ 

“ငါ့သားရာ ဒီလောက်သေနေကြတာ မသွားပါနဲ့လားလို့ ပြောတော့ သားက အမှိုက်ပဲကောက်တာ စိတ်မပူပါ နဲ့တဲ့။ ခုကျမှသိရတာ သူက ရှေ့တန်းမှာ ဒိုင်းကာတာတဲ့လေ၊ မိဘစိတ်ချမ်းသာအောင် ပြောရှာတာ" ဟု ဖခင်ဖြစ်သူ ဦးဇော်လင်းက ဆိုသည်။

ယမန်နေ့က လူမှုကွန်ရက်တွင်ပျံနှံ့ခဲ့သည့် ဗီဒီယိုတစ်ခုတွင် မြေပြင်၌ရှိနေသသည့် မောင်လင်းထက် အလောင်းဘေးတွင် ဆန္ဒပြသူဟုယူဆရသော ပုဂ္ဂိုဟ်တစ်ဦးကို ထိုင်စေလျက် ပြေးရင်းလွှားရင်း ချော်လဲကာ လျှာကိုက်မိသဖြင့် နောက်စေ့ထိ၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအကြပ် သက်သေထွက်ဆိုခိုင်းနေသည်ကို တွေ့ရသည်။

ယင်းဗီဒီယိုတွင်ပါဝင်သော အဆိုပါသက်သေထွက်ဆိုနေသည့်လူငယ်သည် မည်သူမည်ဝါဟု မသိရှိရကြောင်း၊ ဆန္ဒပြအဖွဲ့တွင်လည်း ပါဝင်သည်ကိုလည်း မတွေ့ရကြောင်း မောင်လင်းထက်၏ သူငယ်ချင်းဖြစ်သူက ပြောသည်။ 

“လျှာနဲ့ကိုက်မိသေတယ်ဆိုတာ မဟုတ်ပါဘူး၊ လုံးဝမဖြစ်နိုင်ပါဘူး ၊ခေါင်းကိုရိုက်ခံရလို့ သေတာလို့ ပဲထင်တယ်၊ နောက်ပြီးတော့ ဗီဒီယိုထဲက အဲဒီလူကို ကျွန်တော်တို့မသိဘူး၊ ဆန္ဒပြတဲ့အထဲမှာလည်း မတွေ့ရဘူး၊ သူ့အကြောင်းလိုက်လို့မရဘူးဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

မောင်လင်းထက်နှင့်အတူ မြတောင်စစ်ကြောင်းတွင် နေ့စဉ်လိုက်ပါလေ့ရှိပြီး ယမန်နေ့က ဖြိုခွင်းခံရချိန် ၎င်းကိုယ်တိုင် လဲကျနေချိန် ခြေထောက်ရိုက်နှက်ခံရပြီး အသက်လုပြေးခဲ့ရသဖြင့် လူချင်းကွဲကွာခဲ့ကာ  Facebook ဖွင့်ကြည့်ရာမှ ၎င်း၏ သူငယ်ချင်းဖြစ်သူ သေဆုံးကြောင်း သိခဲ့ရသည်ဟုလည်း ဆိုသည်။ 

 

 

“ကျွန်တော်လဲကျနေတဲ့အချိန် လှမ်းရိုက်လိုက်တာခြေထောက်ထိသွားတယ်။ အခု ကျွန်တော့်ခြေထောက်လည်း ထောက်လို့မရတော့ဘူး၊ အသားရောအရိုးရော ကြေသွားတယ်”ဟု မောင်လင်းထက်၏ သူငယ်ချင်းက ပြောသည်။

စစ်ကောင်စီက သပိတ်စစ်ကြောင်းများကို ထိုသို့အကြမ်းဖက် နှိမ်နင်းဖြိုခွင်းနေသော်လည်း ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“ကြောက်တတ်ရင်နှစ်ခါသေတယ်။ ကျွန်တော်တို့ကြောက်လို့ ရပ်တန့်လိုက်မယ်ဆိုရင် သေသွားသူတွေကို ရှက်ဖို့ကောင်းတယ်။ ဒီတိုက်ပွဲက ကျွန်တော်တို့နိုင်ကိုနိုင်မှာ၊ ဆက်လုပ်သွားမယ်” ဟု မောင်လင်းထက်၏ သူငယ်ချင်းက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီက ရုပ်အလောင်းထုတ်မပေးသော်လည်း မောင်လင်းထက်၏ ဈာပနကို မန္တလေးမြို့မြောက်ပြင်(၉)လမ်းရှိ နေအိမ်တွင် ပြင်ဆင်ထားသည်ကို တွေ့ရသည်။

“ကျွန်တော့်သားအတွက် တမ်းမနည်းဘူး။ ကျွန်တော်တသက်လုံး ဂုဏ်ယူနေမှာ။ ကျွန်တော်တောင်းဆိုချင် ကျွန်တော့်သားအလောင်းကို သင်္ဂြိုလ်ခွင့်ရဖို့ပါပဲ" ဟု ဖခင်ဖြစ်သူ ဦးဇော်လင်းက ပြောသည်။"

လွန်ခဲ့သည့် မတ် ၅ ရက်ကလည်း မြတောင်ကျောင်းတိုက်အနီးဖြိုခွင်းမှုတွင် သေဆုံးခဲ့ရသည့် အသက် ၂၁ နှစ်အရွယ်ကိုနိုင်မင်းကို၏ရုပ်အလောင်းပြန်မရသဖြင့် မိသားစုကသဂြိုလ်ခွင့်ပင်မရဘဲ ရက်လည်ဆွမ်းသွပ်ခဲ့ရသေးသည်။

မန္တလေးတွင် သေဆုံးသူ၏ဦးခေါင်းဒဏ်ရာကို ချော်လဲ၍ရသည်ဟု သက်သေထွက်ခိုင်း

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading