မြစ်ကြီးနား- ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ဟိုင် ကျေးရွာ အနီး ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ယနေ့ မနက်တွင် ထပ်မံတိုက်ခိုက်ခဲ့၍ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
"ဒီမနက် ၃နာရီ ကတည်းကနေ မိုးကောင်း နန့်ဟိုင် တပ်စခန်းကို KIA က လာဝင် ပစ်သွားတယ်ကြားတယ်။ မိုးကောင်းနဲ့ ကာမိုင်းကြားမှာ ရှိတဲ့ရွာပေါ။ တပ်ဘက်ကလည်း ဟတ်စကီးနှစ်စီးနဲ့ ပြန်စစ်ကူတိုက်တယ်လို့လည်းကြားတယ်။ သေနတ်သံတွေ ကြားတော့ ဒေသခံတွေ စစ်ရှောင်ကြတာလည်းရှိတယ်။ ဘယ်နှစ်ဦးတော့ မသိဘူး။ အဲဒီမှာ ထီခိုက်ဒဏ်ရာရတာ လေးယောက်လောက်ရှိတယ် ကလေးငယ်တွေ။ တပ်ကနေ ပစ်တဲ့ ကျည်ပေါ့" ဟု ဒေသခံတစ်ဦး က ပြောသည်။
တိုက်ပွဲဖြစ်စဉ်ကို ဒေသအခြေစိုက် Kachinwaves သတင်းဌာနက ဖော်ပြခဲ့ရာ ပစ်ခတ်သံများ ဆက်တိုက် ကြားနေရသည့် ရုပ်သံဖိုင်နှင့် ဘုရားကျောင်းတစ်ခုသို့ ဒေသခံများ တိမ်းရှောင် လာသည့် ပုံများကို တွေ့ရသည်။

KIA ကမတ်လ ၁၁ ရက်တွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက်နေ့တွင် ထပ်မံ တိုက်ခိုက်ခြင်းဖြစ်သည်။


ကေအိုင်အေ အရာရှိတစ်ဦးကမူ တပ်မတော် စခန်းများကို တိုက်ခိုက်ရန် ညွှန်ကြားထားမှု မရှိဟု ယနေ့ မနက်တွင်ပြောသည်။ ယနေ့ စစ်ရေး အခြေအနေများကိုလည်း မကြားမိသေးဟု ၎င်းကဆိုသည်။
"ရှေ့တန်းက တပ်မှူးတွေ ဘာကြောင့်တိုက်တယ်ဆိုတာ ကျွန်တော်တို့လည်း သူတို့ကို စစ်ဆေးနေဆဲ အနေအထားပဲဖြစ်ပါတယ်။ KIO အနေနဲ့တော့ မြို့ပေါ်မှာ ဝင်ပြီးမှ တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ နောက်ပြီးတော့ တပ်မတော် စခန်းတွေ ဝင်စီးတာမျိုးတွေ ဝင်ပြီးမှ တိုက်တာမျိုးတွေ မလုပ်ဖို့ နောက်ပြီး ပြည်သူလူထု ရှိတဲ့နေရာတွေ ရပ်ရွာတွေမှာ တိုက်ပွဲမဖြစ်အောင် ဆိုပြီးမှ ညွှန်ကြားထားတာ ရှိပါတယ် "ဟု အထက်ပါအရာရှိကပြောသည်။
KIA နှင့် အဏာသိမ်း စစ်တပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လွန်ခဲ့သည့် တစ်လကျော်ကတည်းက တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့သည်။ ယခုရက်ပိုင်းတွင် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖြစ်ပွားမှု မရှိဟု ကေအိုင်အေ အရာရှိကပြော သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













