တိုက်ရိုက်တင်ဆက်မှု - မတ် ၁၂

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ယမန်နေ့တွင် မြိုင်၊ မန္တလေး၊ မြင်းခြံ၊ ပဲခူးနှင့် မြောက်ဒဂုံတို့တွင် လူ ၁၁ ဦးအထိ သေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့သော် လည်း အာဏာရှင်စနစ်ကို အကြွင်းမဲ့အလိုမရှိသော ပြည်သူလူထုသည် ပုံသဏ္ဍန်မျိုးစုံဖြင့်ဖော်ဆောင်ကာ အာဏာရှင်စနစ်အဆုံးသတ်ရေး တိုက်ပွဲများအတွက် ကြံ့ကြံ့ခံဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။ 

Published on Mar 12, 2021
 အကြိမ်ကြိမ်အကြမ်းဖက်ဖြိုခွင်းခံရလေ့ရှိသော ရန်ကုန်မြို့၊ ဗဟိုလမ်းတွင် မတ် ၁၁ ရက်က စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး ဆန္ဒပြတောင်းဆိုနေစဉ်။
အကြိမ်ကြိမ်အကြမ်းဖက်ဖြိုခွင်းခံရလေ့ရှိသော ရန်ကုန်မြို့၊ ဗဟိုလမ်းတွင် မတ် ၁၁ ရက်က စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး ဆန္ဒပြတောင်းဆိုနေစဉ်။

၁၁ : ၃၀ - နေပြည်တော်၌ သွေးမအေးပါ

စစ်အာဏာသိမ်းမှုအမြစ်ဖြုတ်ရေး လူထုလှုပ်ရှားမှုများ မပေါ်ပေါက်စေရန် စစ်ကောင်စီက တင်းတင်းကြပ်ကြပ်၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်နေသော အုပ်ချုပ်ရေးမြို့တော်နေပြည်တော်၊ ပျဉ်မနားမြို့တွင် မတ် ၁၂ရက်က သပိတ်စစ်ကြောင်းလှည့်လည်ခဲ့သည်။

နေပြည်တော်၌ သွေးမအေးပါ

၁၁ : ၀၀ - မန္တလေးမြို့ ကြံ့ကြံ့ခံတော်လှန်နေဆဲ

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အသက်သေဆုံးရသည်အထိ ပစ်ခတ်၊ ရိုက်နှက်ဖြိုခွင်းခြင်း၊ ပြည်သူပိုင်ပစ္စည်းများဖျက်ဆီးခြင်းတို့ကို နေ့နေ့၊ ညည ကြုံနေရသော်လည်း မန္တလေးမြို့သူ၊ မြို့သားများက ကြံ့ကြံ့ခံ၍ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြဆဲဖြစ်သည်။

ယနေ့ (မတ် ၁၂)တွင် ရပ်ကွက်အလိုက် သပိတ်စစ်ကြောင်းအချို့ ထွက်၍ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

 ကြံ့ကြံ့ခံတော်လှန်နေဆဲ မန္တလေး

၁၀ : ၃၀ - မြန်မာပြည်မြောက်ဖျား၌လည်း စစ်အာဏာရှင်ကိုလက်မခံ

ကချင်ပြည်နယ် ပူတာအိုမြို့တွင် အင်အား ၁၀၀၀ ကျော်က စစ်အာဏာသိမ်းကောင်စီကိုဆန့်ကျင်ကြောင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရားမှု (CDM) တွင် ဝန်ထမ်းများပူးပေါင်းမှုကို ထောက်ခံကြောင်း  မြို့ပေါ်နေရာအနှံ့ခွဲ၍ သီးခြားစီ ဆန္ဒပြနေကြသည်။

ပူတာအို - မတ် ၁၂

၁၀ : ၁၀ - မန္တလေးသပိတ်စစ်ကြောင်းလူစုခွဲခဲ့ရ

မန္တလေး အမရပူရတွင် မြို့ခံသံဃာတော်များ၊ ကျန်းမာရေးနှင့်ပညာရေးဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများပါဝင်သော အင်အားထောင်ဂဏန်းရှိ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ သပိတ်စစ်ကြောင်းသည် ယနေ့ (မတ် ၁၂) နံနက် ၇ နာရီခွဲမှ စတင်ကာ စီတန်းလှည့်လည်ခဲ့ကြသည်။

နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီလက်နက်ကိုင်များ အမရပူရမြို့အတွင်း ရောက်ရှိလာသဖြင့် သပိတ် စစ်ကြောင်း လူစုခွဲခဲ့သည်။

မန္တလေး - မတ် ၁၂

၁၀ : ၀၀ - ကျောက်မဲသပိတ်စစ်ကြောင်းများခွဲ၍ ပြုလုပ်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမူ မပြုလုပ်ရန် စစ်တပ်နှင့် ရဲပိတ်ဆို့တားဆီးနေသော်လည်း လူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းအချို့လူစုခွဲဆန္ဒပြနေကြသည်။

ကျောက်မဲ - မတ် ၁၂

"ဆန္ဒပြ ပြည်သူများကိုစစ်​​ကောင်စီ၏တပ်ဖွဲ့များကပစ်ခတ်သတ်ဖြတ်​နေမှု တားဆီးနိုင်ရေး အပစ်ရပ်အကြား ၁၀ဖွဲ့ နည်းလမ်းရှာ​"

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ သပိတ် ကော်မတီ (GSC)တို့နှင့် လူထုဆန္ဒပြမှုပွဲများ ဖြိုခွင်းခံရမှုကို တားဆီးနိုင်ရေး ဆွေးနွေးရန် NCA လက်မှတ် ထိုး အပစ်ရပ် ဆယ်ဖွဲ့ တိုင်းရင်းသားခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အကြား ဘုံသဘောထားချမှတ်ရန် မတ် ၁၁ရက်ကဆွေးနွေးခဲ့ကြသည်။

စစ်ကောင်စီအကြမ်းဖက်ဖြိုခွင်းမှုကြောင့် ယမန်နေ့က သေဆုံးသူ ၁၂ဦးရှိ

စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်လက်အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ယနေ့ (မတ် ၁၁) ညနေပိုင်း ၅ နာရီအချိန်ထိ ဆက်သွယ်မေးမြန်းချက်များအရ မြိုင်၊ မြင်းခြံ၊ မန္တလေး၊ ပဲခူးနှင့် မြောက်ဒဂုံတို့တွင် လူ ၁၁ ဦးအထိသေဆုံးခဲ့ပြီး မကွေးတိုင်း အနောက်မြောက်ပိုင်းမြိုင်မြို့တွင် အဆိုးရွားဆုံးဖြစ်ကာ ၇ ဦးအထိ သေဆုံးခဲ့ရသည်။ ညပိုင်း၌ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့ရပြီး မတ် ၁၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦးအထိ ရှိခဲ့သည်။

စစ်ကောင်စီ၏အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ယနေ့ သေဆုံးသူ ၁၁ ဦးရှိ

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading