လူထုဆန္ဒပြမှုများအား ဖြိုးခွင်းမှုအား တားဆီးရေး၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ သပိတ် ကော်မတီ (GSC) တို့နှင့် ဆွေးနွေးဆက်ဆံရေးဆိုင်ရာ ဘုံသဘောထားချမှတ်ရေး စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူများကပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအား စစ်ကောင်စီ၏ တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်နေမှုများကို တားဆီးနိုင်ရေး NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်၁၀ ဖွဲ့အကြား နည်းလမ်းရှာဆွေးနွေးနေကြောင်းတိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့က ပြောကြားသည်။
NCA လက်မှတ်ထိုး အပစ်ရပ်ဆယ်ဖွဲ့ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို မတ်လ၁၁ ရက်က ကျင်းပခဲ့သည်။ လူထုဆန္ဒပြမှုများအား ဖြိုးခွင်းမှုအား တားဆီးရေး၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ သပိတ် ကော်မတီ (GSC) တို့နှင့် ဆွေးနွေးဆက်ဆံရေးဆိုင်ရာ ဘုံသဘောထားချမှတ်ရေး စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူများကပြောသည်။

“အားလုံးစိတ်ပူတာကတော့သေကြေပျက်စီးပြီးတော့ ပစ်ခတ်ရိုက်နှက်သတ်ဖြတ် နေတာကိုတော့ အမြန်ရပ်အောင် နည်းလမ်းရှာဖို့ပေါ့။
CRPHကိစ္စတို့ GSC ကိစ္စတို့ကတော့ ဘုံသဘောထားတော့မရသေးဘူး။ မနက်ဖြန်လောက်မှ တစ်ခုခုထွက်မယ်” ဟု PPST အဖွဲ့ဝင်ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။


NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက ကြားကျကျ ဖြင့် ဆက်သွယ်လိုသည့် အခြေအနေမျိုးဆွေးနွေးကြကြောင်းလည်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ အသိအမှတ်ပြုခြင်း၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းက ခဏထားအုံးကြားကျကျ Coordination လောက်တော့ ဆက်သွယ်ဆက်ဆံတာ တွေတော့ ရှိမယ်။ ဒါပေမဲ့ တစ်ဖက်ဖက်ကို ဇောင်းပေးပြီးတော့ တကယ် အလေးအနက် ပါသွားတဲ့ ပုံစံတော့ မရသေးဘူးလို့ အကြမ်းဖျင်းသတ်မှတ်တာပေါ့” ဟု ၄င်း ကဆိုသည်။


အခြားတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးကလည်း CRPH နှင့် GSC အပေါ် တစ်ဖက်စောင်းနင်းဖြစ်ပါက အန္တရာယ်များသည်ဟု ဆွေးနွေးမှု အချို့ရှိကြောင်းလည်း ပြောသည်။
“ကိုယ်တို့က စစ်တပ်နဲ့ ဆွေးနွေးဘက်ဖြစ်ခဲ့တယ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးဘက်ဖြစ်ခဲ့တယ်ဆိုတဲ့အမြင်ရှိပြီးတော့မှ ဒီနေ့ ပြည်သူလူထု နာနေတဲ့အပေါ်မှာ မခံစားနိုင်ကြဘူး။ အဲဒါတွေကို ဘယ်လိုငြိမ်အောင်လုပ်မလဲဆိုတဲ့ အဓိက စဉ်းစားချက်။အခု ဒီလောက်ဖြစ်နေတာကို ဘယ်လိုတားနိုင်မလဲပေါ့။ ပြည်သူတွေဘဝကို အများကြီးကြည့်ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
အပစ်ရပ်ဆယ်ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့သည် CRPH ကိုယ်စားလှယ် ဒေါက်တာဆာဆာနှင့် သီးခြားစီ ဆွေးနွေးညှိနှိုင်းထားသည်။
အပစ်ရပ် ၁၀ ဖွဲ့က တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပြီး ၊ စစ်အာဏာသိမ်းကောင်စီနှင့်နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ရပ်ဆိုင်းထားမည်ဟု ကြေညာထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








