သတင်း

ရုပ်အလောင်းထုတ်မပေး၍ သင်္ဂြိုဟ်ခွင့်မရဘဲ ရက်လည်ဆွမ်းသွတ်ခဲ့ရ

မန္တလေးမြို့တွင် မတ် ၅ ရက်က စစ်ကောင်စီလက်နက်ကိုင်များကြောင့် သေဆုံးခဲ့ရသူ ကိုနိုင်မင်းကို၏ ရုပ်အလောင်းထုတ်ယူခွင့် စစ်ကောင်စီက မပြုသဖြင့် သင်္ဂြိုဟ်ခွင့်ဆုံးရှုံးခဲ့သော်လည်း သူ့အတွက် ရက်လည်ဆွမ်းသွတ်ကို ယနေ့ (မတ် ၁၁) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အသက် ၂၁ နှစ်အရွယ် ကိုနိုင်မင်းကိုမှာ မတ် ၅ ရက်က မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း ဖြိုခွင်း ခံရချိန်တွင် ကာကွယ်ရန် သွားရောက်ခဲ့ရာမှ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်ကိုင်ကိုင်များ လက်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး မြဝတီရုပ်သံမှ ထုတ်ပြန်မှသာ ၎င်းသေဆုံးသည်ကို သိရှိခဲ့ရခြင်းဖြစ် သည်။ 

ကိုနိုင်မင်းကို၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ခွင့်ရရန် မန္တလေးနန်းတွင်းရှိ စစ်တပ်၊ နန်းရှေ့ယာယီစစ်ဆေးရုံ၊ အိုးဘိုထောင်နှင့် ပြင်ဦးလွင်အခြေစိုက် စစ်တပ်ရုံးများကို သွားရောက်စုံစမ်းခဲ့သော်လည်း တိကျသည့် အဖြေမရဘဲ ရက်လည်ဆွမ်းသွတ်ရန် တစ်ရက်အလို (မတ် ၁၀) ကျမှ သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း စစ်ကောင်စီ က မိသားစုဝင်များကို အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

“‌ရှေ့နေကနေတစ်ဆင့် စုံစမ်းလိုက်တော့မှ သင်္ဂြိုဟ်လိုက်ပြီတဲ့ ပြောတယ်။ မိသားစုက မျက်နှာလေးတောင် မမြင်လိုက်ရဘူးရှင်၊ ရက်စက်လိုက်ကြတာ” ဟု ကိုနိုင်မင်းကို၏ အစ်မဖြစ်သူ မငွေနှင်းဖြူက ပြောသည်။ 

ကိုနိုင်မင်းကို၏ ရုပ်အလောင်းကို မြင်တွေ့ခွင့်မရရှိခဲ့ဘဲ ၎င်းအတွက် ရက်လည်ဆွမ်းသွတ်ကို မိသားစုဝင်များက ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ အရှေ့ပတ္တာရပ်ရှိ နေအိမ်တွင် ပြုလုပ်ခဲ့ရသည်။

ကိုနိုင်မင်းကိုက ဓားဖြင့်ခုခံသဖြင့် ပစ်ခတ်ရသည်ဆိုသော စစ်တပ်ပိုင် မြဝတီရုပ်သံသတင်းမှာ အကြောင်းပြချက်ခိုင်လုံခြင်း မရှိကြောင်း မိသားစုဝင်နှင့် အခင်းဖြစ်ချိန်၌ အတူရှိခဲ့သော ကိုနိုင်မင်းကို၏ သူငယ်ချင်းများက ပြောသည်။

“သူက ခြေထောက်ကို သေနတ်မှန်တာ။ သူ့ကိုဆိုင်ကယ်နဲ့သယ်ပြေးတဲ့အချိန် ထပ်ပစ်ခံရတော့ ကြောက် ကြောက်နဲ့ မောင်းရင်းပြုတ်ကျလို့ မိသွားတာ။ ကျွန်တော်ထင်တယ်။ ဒီဒဏ်ရာနဲ့တော့ မသေဘူး။ ကျွန်တော်နဲ့အတူလာတာ၊ သူ့မျာ ဘာလက်နက်မှမပါဘူး။ ထပ်နှိပ်စက်ခံရလို့သေတာ။ ဒါကြောင့် အလောင်းပြန် မပေးတာ” ဟု ဖမ်းဆီးခံရစဉ်က အတူရှိနေခဲ့သူ ကိုနိုင်မင်းကို၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

ကိုနိုင်မင်းကိုသွားရောက်ကာကွယ်ခဲ့သည့် မြတောင်သပိတ်စစ်ကြောင်းမှာ ယနေ့တွင် ထပ်မံပစ်ခတ်ဖြို ခွင်းခံရပြီးနောက် အောင်မြေသာစံမြို့နယ် မြောက်ပြင်(၉)လမ်းနေ အသက် ၁၉ နှစ်အရွယ် မောင်လင်းထက်ဆိုသူ သေဆုံးခဲ့ပြီး ရာဘာကျည်ထိမှန်၍ အခြားသူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ 

သေနတ်ပစ်ခံရသဖြင့် သေဆုံးခဲ့သူ မောင်လင်းထက်၏အလောင်းကိုလည်း စစ်ကောင်စီလက်နက်ကိုင် များက ယူဆောင်သွားကြောင်း ဖြိုခွင်းခံရချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သည့် မျက်မြင်သက်သေများက ပြောသည်။ 

ရုပ်အလောင်းကိုသယ်ဆောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြသူဟုယူဆရသည့် ပြည်သူတစ်ဦးကို မောင်လင်းထက်ရရှိသော ဒဏ်ရာမှာ ပြေးလွှားရင်းချော်လဲ၍ လျှာကိုက်မိသည်၊ နောက်စေ့ပွင့်သည်ဟုပြောရန် ဖိအားပေးကာ မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည်။

မန္တလေးတွင် သေဆုံးသူ၏ဦးခေါင်းဒဏ်ရာကို ချော်လဲ၍ရသည်ဟု သက်သေထွက်ခိုင်း

ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးမှစ၍ မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးရသူ ၁၄ ဦးထက်မနည်း ရှိခဲ့ရပြီဖြစ်သည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီး၌ပင် ပျောက်ဆုံးနေသည့် မိမိတို့၏မိသားစုဝင်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်းကောင်း၊ သေသည်ရှင်သည်ကိုလည်းကောင်း  စုံစမ်းရခက်နေသဖြင့် နိုင်ငံအနှံ့ ဖမ်းဆီးခံရသူနှင့် ထိခိုက်သေဆုံးသူ အရေအတွက်သည်လည်း ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်ကြောင်း လူပျောက်ရှာနေသူ မိသားစုဝင်များနှင့် တရားလွှတ်တော်ရှေ့နေများက Myanmar Now ကို သုံးသပ် ပြောဆိုထားသည်။

စစ်ကောင်စီလက်စလက်နဖျောက်သဖြင့် ဖမ်းဆီးခံရသူများအကြောင်းစုံစမ်းမရဖြစ်နေ 
 

Show More

Related Articles

Back to top button