ထိုင်းရောက် မြန်မာအလုပ်သမားအများစု ရွေးကောက်ပွဲနဲ့ လွဲချော်

မဟာချိုင်၊ ထိုင်းနိုင်ငံ - လွန်ခဲ့တဲ့ ၂၅ နှစ်ကာလ အသေးစိတ်အဖြစ်အပျက်တွေကို သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေမယ့် မသန်းသန်းအေးဟာ အဲဒီတုန်းက အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်လို့ ပထမဆုံး မဲပေးခွင့်ရခဲ့ပြီး စိတ်လှုပ်ရှားခဲ့ရတာကိုတော့ ကောင်းကောင်း သတိရနေပါသေးတယ်။ ဘယ်သူ့ကိုမဲပေးခဲ့တယ်ဆိုတာတော့ သိပ်မမှတ်မိဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက ကိုယ်စားလှယ်ကိုပဲ မဲပေးခဲ့တာဖြစ်ဖို့ များပါတယ်။ မွန်ပြည်နယ် မြို့လေးတစ်မြို့မှာ မဲပေးခဲ့တုန်းက မဲပုံးထဲ မဲပြားလေးထည့်ခဲ့ရတာကို သူက အခုထိ မြင်ယောင်နေပါသေးတယ်။

မသန်းသန်းအေး ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်နေတာ အခုဆိုရင် နှစ် ၂ဝ နီးပါးရှိသွားပါပြီ။ “မဲပေးဖို့ ပြန်ချင်တယ်။ အရမ်းစိတ်အား ထက်သန်ပါတယ်။ ဒေါ်စုကိုပဲ မဲပေးမှာပေါ့။ ကောင်းတဲ့သူရရင် ကိုယ့်နိုင်ငံအတွက် ကောင်းတာပေါ့။ ကိုယ့်နိုင်ငံကောင်းစားရင် ကိုယ်လည်း ကောင်းစားတာပေါ့” လို့ သူက ရယ်မောရင်း ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ အောက်တိုဘာ ၁၇ မှာ ကြိုတင်မဲပေးကြတဲ့ထဲ မသန်းသန်းအေး ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ သူ့လိုပဲ မဲမပေးနိုင်တဲ့သူတွေ သိန်းနဲ့ချီပြီး ရှိနေပါတယ်။

ဘန်ကောက်မြို့က မြန်မာသံရုံးမှာ မဲပေးဖို့ စာရင်းပေးထားသူ အရေအတွက်က ၃,ဝဝဝ လောက်ပဲရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကို Myanmar Now က ဖုန်းဆက် မေးမြန်းရာမှာ ဘန်ကောက်မြို့ မြန်မာသံရုံးအထိလာပြီးမဲပေးနိုင်ဖို့ မှတ်ပုံတင်ထားသူ အရေအတွက်ဟာ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ အရေအတွက်ထက် အများကြီး နည်းလွန်းနေတယ်လို့ ဆိုပါတယ်။

အခုလို အရေအတွက် အင်မတန်နည်းရတဲ့ အကြောင်းတွေထဲမှာ မဲစာရင်းပေးရမယ့် လုပ်ငန်းစဉ်တွေကို မသိတာ၊ အစိုးရအရာရှိတွေကို မယုံကြည်တာ၊ အလုပ် မအားတာ၊ ခရီးသွားလာခွင့် ကန့်သတ်ခံထားရတာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေကတော့ သာမန်မြန်မာပြည်သူတွေဟာ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုပဲ မဲပေးကြမယ်၊ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးကြမှာ မဟုတ်ဘူးဆိုတာ သိလို့ အစိုးရအနေနဲ့ အခုလို အခြေအနေမျိုးတွေကို ဖြစ်အောင် တမင်လုပ်ဆောင်တာဖြစ်ကြောင်း ပြောကြပါတယ်။

မသန်းသန်းအေးရဲ့ နံဘေးမှာ ထိုင်နေတဲ့ မမိုးစက်အေးက “အစိုးရက သိတယ်လေ။ ကျွန်မတို့ အားလုံးကို မဲပေးခွင့်ပြုလိုက်ရင် NLD ကိုပဲ မဲတွေပုံပေးကြမယ်ဆိုတာ” လို့ ပြောပါတယ်။

မဲပေးခွင့်မရခြင်း

မြန်မာအာဏာပိုင်တွေကတော့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ရေး မှတ်ပုံတင်ရမယ့် အစီအစဉ်တွေ ပြုလုပ်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုတင်မဲပေးဖို့ကို လွန်ခဲ့တဲ့ ၄ လ ကတည်းက ကြေညာခဲ့တာပါ။ နိုင်ငံခြား မြန်မာသံရုံးတွေထဲမှာ ကျွန်တော်တို့သံရုံးက ကြေညာတာ ပထမဆုံးပါ။ သူတို့မဲပေးနိုင်အောင် ကူညီဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတာမှန်ပေမယ့် ရွေးကောက်ပွဲ မဲပေးရေးနဲ့ ပတ်သက်လို့ သူတို့ဘက်ကလည်း စည်းကမ်းဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်” လို့ သံအမတ်ကြီး ဦးဝင်းမောင်က ဆိုပါတယ်။

ရွေးကောက်ပွဲထက် သူတို့အလုပ်ကိုပဲ စိတ်ဝင်စားတယ်လို့ အရင်တုန်းက ပြောထားခဲ့တဲ့သူတွေက ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ စိတ်ပြောင်းသွားကြပြီး မဲပေးဖို့ သံရုံးကို အကူအညီတောင်းလာကြကြောင်း သံအမတ်ကြီးက ပြောပါတယ်။

“မဲပေးဖို့အတွက်စာရင်းပေးရမယ့် နောက်ဆုံးရက်ကို တစ်လ တိုးပေးလိုက်ပါတယ်။ အခု သတ်မှတ်ရက်လွန်သွားလို့ ကျွန်တော်တို့လည်း ဘာမှ လုပ်ပေးလို့မရပါဘူး” လို့ သံအမတ်ကြီးက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက သံရုံး ၄၄ ခုက ရရှိတဲ့ အချက်အလက်များအရ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲပေးဖို့ ၃၇ နိုင်ငံကနေ စာရင်းပေးထားသူ ၃၅,ဝဝဝ ရှိကြောင်း ပြောပါတယ်။

မြို့တော်ဘန်ကောက်အနီး စမွတ်စခွန်ခရိုင်တစ်ခုထဲမှာပဲ လာရောက်အလုပ်လုပ်ကိုင် နေတဲ့ မြန်မာပြည်သားအလုပ်သမား ငါးသိန်းခန့် ရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကွန်ရက်မှ ကိုစိုင်းစိုင်းက ပြောပါတယ်။

အစိုးရရဲ့ခွင့်ပြုချက်နဲ့ ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေသူများသာ မဲပေးခွင့်ရှိမယ် ဆိုတဲ့ သတ်မှတ်ချက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်မရကြောင်း သူက ပြောပါတယ်။

ယခုအခါ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပေမယ့် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာပြည်သားအများစုဟာ တရားမဝင် ရောက်ရှိလာသူများဖြစ်လို့ မဲပေးခွင့် ရသူစာရင်းထဲမှာ မပါတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

သံအမတ်ကြီးဦးဝင်းမောင်ကတော့ သံရုံးဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ပုံစာမှာ ဖြည့်သွင်းပြီး မဲပေးခွင့် ရရေးအတွက် လာရောက်စာရင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

"ပုံစံ ၁၅ ဖြည့်ပြီး ပို့ပေးတဲ့သူတိုင်းကို ကျွန်တော်တို့ တင်ပေးပါတယ်" လို့ သံအမတ်ကြီးက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတချို့က သူတို့အနေနဲ့ ဝက်ဘ်ဆိုက်မသုံးနိုင်သလို သံရုံးကိုလည်း လျှောက်လွှာသွားမတင်နိုင်တာကြောင့် တာဝန်ရှိသူ အဆင့်ဆင့်ကနေ ပို့ပေးရတယ်လို့ ပြောပါတယ်။

ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေ

ထိုင်းနိုင်ငံမှာ မဲပေးခွင့်မရသူတွေအတွက်ကတော့ မြန်မာနိုင်ငံကို ပြန်ပေးရုံပါပဲ။ ဒီနေရာမှာလည်း အခက်အခဲတွေရှိနေပါတယ်။ အလုပ်ရှင်တွေကလည်း သူတို့ကို ခွင့်ပေးဖို့ မလွယ်ပါဘူး။

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရွေးကောက်ပွဲနဲ့ မဲပေးခွင့်က သူတို့ဘဝမှာ ပထမဆုံးအကြိမ်ပါပဲ။ သူတို့ Facebook က သတင်းတွေကို ဖတ်ရတော့ သူတို့စိတ်ဝင်စားပြီး မဲပေးချင်လာတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်” လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကွန်ရက်က စိုင်းစိုင်းက ပြောပါတယ်။

“စက်ရုံတွေကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထောင်နဲ့ချီပြီး ခန့်ထားတာကြောင့် အိမ်ပြန်ဖို့ ခွင့်မပေးနိုင်ဘူး။ ပြန်ခွင့်ပေးလိုက်ရင် စက်ရုံတွေကို ပိတ်မှဖြစ်မယ်”
အလုပ်ကနေ သုံးရက်ဆက်တိုက်ပျက်မယ်ဆိုရင် အလုပ်ရှင်တွေက အလုပ်ဖြုတ်ပစ်တာတွေလည်း ရှိတယ်လို့ သူကဆိုပါတယ်။

ဒီလိုအေခြေအနေကြောင့် မဟာချိုင်ဒေသ တာယာစက်ရုံတစ်ရုံမှာ ရခိုင်ပြည်နယ်က လာပြီး အလုပ်လုပ်နေတဲ့ အသက် ၃၃ နှစ်အရွယ် စိုးစိုးထွန်းအတွက် အိမ်ပြန် မဲပေးဖို့ မဖြစ်နိုင်တော့ပါဘူး။

“ကျွန်တော် လွယ်လွယ်ကူကူသွားလို့ရမယ်ဆိုရင်တော့ ပြန်ပြီးမဲပေးချင်ပါတယ်။ ဒါပေမယ့် ၁ဝ ရက်လောက်တော့ အချိန်ယူရလိမ့်မယ်။ ကျွန်တော်က ရန်ကုန်ကိုအရင်ပြန်ပြီးမှ ရခိုင်ဘက်ကို ပြန်တက်ရမှာ” လို့ သူက ဆိုပါတယ်။

မြန်မာအလုပ်သမားတွေ အိမ်ပြန်မဲပေးရေးအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ထုတ်ပေးဖို့ အဆင့်သင့်ပဲလို့ မြန်မာသံရုံးက ပြောပါတယ်။

အလုပ်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ သံရုံးထောက်ခံစာတွေ ရပြီ ဆိုရင်တောင်မှ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ရင်း ပြန်ရောက်တဲ့အခါ မဲစာရင်းထဲ ကိုယ့်နာမည်ပါမှ မဲပေးခွင့်ရမှာပါ။ Myanmar Now က သွားရောက်မေးမြန်းခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားအများစုကတော့ မဲစာရင်း မစစ်ရသေးဘူးလို့ ဆိုပါတယ်။

မဲပေးခွင့်မရခြင်းဟာ အခွင့်အရေးဆုံးရှုံးခြင်းပဲဆိုတာကို အလုပ်သမားတွေ သိနေကြတယ်လို့ စိုင်းစိုင်းက မှတ်ချက်ချပါတယ်။

“အမတ်လောင်းတိုင်းက ၉၉ မဲစီ ရထားကြပြီ ဆိုပါစို့၊ ကျွန်တော့်မဲကြောင့် အမတ်လောင်းတစ်ယောက်က မဲအရေအတွက် ၁ဝဝ ရတဲ့သူ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ မဲတွေက အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မယ်ဆိုတာ နားလည်ထားပါတယ်” လို့ စိုင်းစိုင်းက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading