စစ်ကောင်စီ၏အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ယနေ့ သေဆုံးသူ ၁၁ ဦးရှိ

စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်လက်အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ယနေ့ (မတ် ၁၁) ညနေပိုင်း ၅ နာရီအချိန်ထိ ဆက်သွယ်မေးမြန်းချက်များအရ မြိုင်၊ မြင်းခြံ၊ မန္တလေး၊ ပဲခူးနှင့် မြောက်ဒဂုံတို့တွင် လူ ၁၁ ဦးအထိသေဆုံးခဲ့ပြီး မကွေးတိုင်း အနောက်မြောက်ပိုင်းမြိုင်မြို့တွင် အဆိုးရွားဆုံးဖြစ်ကာ ၇ ဦးအထိ သေဆုံးခဲ့ရသည်

Published on Mar 11, 2021

မြန်မာနိုင်ငံတွင် စစ်တပ်က မတရားသောနည်းဖြင့် ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်မှယနေ့အချိန်အထိ အမြို့မြို့အနယ်နယ်တွင် သန်းနှင့်ချီသော ပြည်သူလူထုက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်လျက်ရှိရာ စစ်ကောင်စီ၏ လက်နက်ကိုင်များက ကျည်အစစ်များအသုံးပြုကာ ပြင်းပြင်းထန်ထန် အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည်။ 

စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်လက်အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ယနေ့ (မတ် ၁၁) ညနေပိုင်း ၅ နာရီအချိန်ထိ ဆက်သွယ်မေးမြန်းချက်များအရ မြိုင်၊ မြင်းခြံ၊ မန္တလေး၊ ပဲခူးနှင့် မြောက်ဒဂုံတို့တွင် လူ ၁၁ ဦး အထိသေဆုံးခဲ့ပြီး မကွေးတိုင်း အနောက်မြောက်ပိုင်းမြိုင်မြို့တွင် အဆိုးရွားဆုံးဖြစ်ကာ ၇ ဦးအထိ သေဆုံးခဲ့ရသည်။ 

မြိုင် 

မြိုင်မြို့လယ်တွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြရန် လူစုရုံးနေစဉ် ၃ ယောက်စတင်အဖမ်းခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် အချင်းများရာမှ ပစ်ခတ်မှု စတင်ဖြစ်ပွားကာ ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၀ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

“မနက်က သုံးယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အချိန် ပထမတစ်ကြိမ် မျက်ရည်ယို ဗုံးတွေ လက်နက်တွေနဲ့ပစ်တယ်။ ပစ်တော့ သုံးယောက်ကျတယ်။ နောက်တစ်နာရီလောက် ကြာတော့ ဒုတိယအကြိမ် ထပ်ပစ်တယ်။ ထပ်ကျတယ်။  အားလုံးပေါင်း ၇ ယောက်ကျ တယ်” ဟု မြိုင်မြိုခံတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

မြိုင်မြို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူအားလုံးမှာ အမျိုးသားများဖြစ်ပြီး မြို့ပေါ်နှစ်ဦးနှင့် ကျန်သူများမှာ ရွာများမှဖြစ်ကြောင်း အသက်အားဖြင့် ၃၀ အထက် သုံးဦးနှင့် ကျန်သူများမှာ ၃၀ အရွယ်လူငယ်များဖြစ်သည်ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

“ပထမတစ်ယောက်က ဆီးခုံထိပြီး ဆုံးသွားတဲ့ အတွက် ရေခဲတိုက်ကိုတန်းပို့လိုက်တယ်။ နောက်တစ်ယောက်ကလည်း ခေါင်းထပ်ခြမ်းကွဲပြီး ဦးနှောက်တောင် ပါမလာတော့ဘူး။ ဒါကြောင့် ရေခဲတိုက်ပဲ တန်းပို့လိုက်တယ်” ဟု ဆေးရုံရောက်ရှိနေသူ အထက်ပါမြို့ခံက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ 

မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလဆန်း ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခံရခြင်းဖြစ် သည်ဟု ဆိုသည်။ 

“ပစ်တာကတော့ ရဲတွေပါပဲ။ အရင်နေ့ ရဲကလာညှိတယ်။ ဒီနေ့မထွက်ဖို့ပေါ့။ ပစ်မိန့်ကျထားတယ် ပြောတယ်။ ပစ်ခတ်ဖြိုခွင်းတာကတော့ မြိုင်မှာ ပထမဆုံးပါပဲ။ အရင်နေ့တွေက မရှိပါဘူး။ ဖမ်းတာ ဆီးတာတွေလည်း မရှိပါဘူး” ဟု အထက်ပါ မြို့ခံက ပြောသည်။

ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၇ ဦးအထိ သေဆုံးခဲ့ရသော မြိုင်မြို့သို့ ယနေ့ မွန်းလွဲပိုင်း တွင် ပခုက္ကူဘက်မှ စစ်ကားများရောက်ရှိလာကာ မြို့ခံများကို လိုက်လံဖမ်းဆီးမှုများ ရှိနေသည်ဟု သိရသော်လည်း အသေးစိတ် မသိရသေးပေ။ 

မန္တလေး

မန္တလေးမြို့တွင်လည်း ယနေ့တွင် မြတောင်သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီလက်နက်ကိုင်များက ၎င်းတို့ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်သော်လည်း ချော်လဲရာမှ သျှာကိုက် မိသဖြင့် သေဆုံးဖြစ်ကြောင်း မည်သူမှန်းမသိရသော အရပ်ဝတ်တစ်ဦးကို သက်သေခံကာ လိမ်လည်မှတ်တမ်း ယူခဲ့သည့် ရုပ်သံဖိုင်တစ်ခုလည်း ထွက်ပေါ်ခဲ့သည်။ 

“ကျွန်တော်တို့က မြတောင်စစ်ကြောင်းဒိုင်းကာအဖွဲ့ လမ်း ၉၀ ကိုလုံးတကာဘုရားရှေ့အရောက် ဖြိုခွဲတာ သေနတ် ၁၂ ချက်လောက်ပစ်တယ်၊ မျက်ရည်ယိုဗုံးရောပစ်တယ်။ ကျွန်တော်ရှေ့တင်တစ်ယောက်က ကျတာ အလောင်းသူတို့ဘက်က ကောက်သွားတယ်။ ကျွန်တော်လည်းပစ်ခံရတော့ မကယ်လိုက်နိုင်ဘူး”ဟု မျက်မြင် တွေ့ရှိခဲ့ရသူ ကိုထက်တေဇာအောင်က ပြောသည်။  ၎င်းကိုယ်တိုင်လည်း သေနတ်ကျည်ဆံထိမှန်သဖြင့် ခြေထောက်ဒဏ်ရာရရှိခဲ့သည်။

မြင်းခြံ

မြင်းခြံမြို့တွင်လည်း မတ်လ ၁၀ ရက် ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း မျက်လုံးကို ကျည်ဆန်ထိမှန်ခဲ့သူ အသက် ၂၂ နှစ်အရွယ် အမျိုးသားမှာ ယနေ့နေ့လယ်ပိုင်းတွင် သေဆုံးခဲ့ကြောင်း BBC Burmese သတင်းဌာနက ရေးသား ထားသည်။

မြောက်ဒဂုံ 

ရန်ကုန်မြောက်ဒဂုံမြို့နယ်တွင်လည်း ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းကိုကျည်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့ရသည်။

သေဆုံးသွားသူမှာ ၄၉ ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ကိုချစ်မင်းသူဖြစ်ပြီး အိမ်ထောင်ရှိအမျိုးသား တစ်ဦးဖြစ်ကာ ဇနီးဖြစ်သူနှင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးကျန်ရှိခဲ့ကြောင်း မြောက်ဒဂုံအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“မနက် ၁၀ နာရီလောက်က သွားတယ်ပေါ့။ သူဒိုင်းကာတွေ ဘာတွေယူပြီးတော့ သပိတ်စစ်ကြောင်းကို သွားတယ်။ ၁၀ နာရီခွဲလောက်မှာ ဒိုင်းကာကိုပေါက်ပြီးတော့ နားထင်ကနေပြီး မျက်လုံးကိုထိတယ်လို့ ကျွန်တော်သိထားရတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူ ကိုချစ်မင်းသူ၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်ဆောင်ထားပြီးဖြစ်သော်လည်း ဆရာဝန်က သေစာရင်းမထုတ်ပေးသေးကြောင်းလည်း အထက်ပါ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုသည်။

ပဲခူး

ပဲခူးမြို့တွင်တွင်လည်း ယနေ့ ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံရသဖြင့် တစ်ဦးသေဆုံးကာ အခြားသူ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆန်ထိပြီး ဒဏ်ရာရရှိသူများ လည်းရှိနေကြောင်း ပဲခူးမြို့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုမျိုးကိုက Myanmar Now ကို ပြောသည်။

“တစ်ယောက်သေတယ်။ တစ်ယောက်က အရိုးပေါ်တဲ့အထိကို ပွင့်သွားတယ်။ ခေါင်းထိပြီးတော့ သေဆုံးသွား တယ်။ သေဆုံးတဲ့သူက ဘယ်သူလဲဆိုတာ စုံစမ်းတုန်းပဲ။ အခုသိရတာက စကားမပြောတက်တဲ့သူဖြစ်တယ်။ လူလတ်ပိုင်းလို့သိရတယ်။ ခေါင်းကို ကျည်မှန်ပြီးမှ ဦးခေါင်းခွံပွင့်ပြီး ကျေသွားတာပေါ့။ ဦးခေါင်းခွံကျေပြီး တော့မှ လမ်းမပေါ်မှာ ကျန်ခဲ့တဲ့ သူ့ရဲ့ လျှာထိုးဦးထုပ်ထဲမှာ ဦးခေါင်းခွံအပိုင်းအဆတွေ ကျန်ခဲ့တယ်ပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များက စစ်ကားအစီး ၂၀ ခန့်ဖြင့် အင်အားအလုံးအရင်းသုံးကာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဘူတာကုန်း ပလပ်ဖောင်းပေါ်တွင် အပစ်ခံရခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာ ကြောင့် ဘူတာခုံးတံတားပေါ်ကျခဲ့ကြောင်း ကိုမျိုးကိုက ဆိုသည်။

“အင်အားအပြည့်နဲ့ ပတ်လည်ကနေပြီး ခါလည်းကရော ပိတ်ပြီးတော့ ဖြိုခွင်းတယ်ပေါ့။ ဖြိုခွင်းတဲ့အခါမှာ မျက်ရည်ယိုဗုံးသုံးတယ်။ ကျည်အစစ်သုံးတယ်။ အိမ်တွေထဲကို ဝင်ပုန်းတဲ့ကျောင်းသားပြည်သူတွေကို ဝင်ပြီးတော့မှ အိမ်ထောင်စုဇယားနဲ့ တိုက်စစ်ပြီးတော့မှ အကုန်လုံးကို ရိုက်ပြီးတော့မှ ဖမ်းသွားကြတယ်” ဟုလည်း ယနေ့ ပဲခူးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရသည့်အခြေအနေကို ပြောပြသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading