သေနတ်ဖြင့် ၁၂ချက်မနည်း ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးသွားသူ၏ဒဏ်ရာကို ဆန္ဒပြသူဟုယူဆရသောအရပ်ဝတ်တစ်ဦးအား သက်သေထား၍ ပြေးလွှားရင်းချော်လဲကာ လျှာကိုက်မိ၍ဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့က အတင်းအကြပ်ထွက်ဆိုခိုင်းခဲ့သည်
မန္တလေးမြို့တွင် ယနေ့ (မတ် ၁၁) နံနက်ပိုင်းက မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်လက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းရာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ရသူပြည်သူတစ်ဦးနှင့် ပတ်သက်၍ ချော်လဲပြီး လျှာကိုက်မိကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းတင်ရန် စစ်ကောင်စီက ဖိအားပေးခဲ့သည်။
Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် ဗီဒီယို၌ သွေးအိုင်ထဲ၌ လဲကျသေဆုံးနေသည့် လူငယ်တစ်ဦး၏ နံဘေးတွင် ဆန္ဒပြသူဟု ယူဆရသူ အရပ်ဝတ်ဖြင့်တစ်ဦးကိုထိုင်ခိုင်း၍ အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တ စ်ဦးက “သူ့ဟာသူ ဦးဆက်ပွင့်သွားတာ (ဦးခေါင်းနောက်ဖက်) အဲဒါလေးကို ဒီကောင့်ကို ပြောခိုင်းပြီးတော့ အဲဒီမှာရိုက်(ဗီဒီယို)”ဟု ပြောနေ သည်ကို တွေ့ရသည်။

သို့သော် အလောင်းနံဘေးထိုင်နေသော အရပ်ဝတ်ဖြင့်လူက ဦးခေါင်းဒဏ်ရာမရှိကြောင်း စစ်ကောင်စီ တပ်ဖွဲ့ထံ ပြန်လည်ပြောကြားခဲ့သည့်အတွက် “ခလုတ်တိုက်လဲပြီး မျက်နှာနဲ့ မှောက်ရက်ကျတာပေါ့၊ မျက်နှာနဲ့ မှောက်ရက်ကျတာ၊”ဟု အလောင်းကိုစစ်ဆေးခြင်းလည်းမရှိ၊ မတ်တပ်ရပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များထဲမှ တစ်ဦးက ဝင်ရောက်ပြောဆိုသည်ကို အဆိုပါရုပ်သံ၌ ကြားရသည်။
အလောင်းနံဘေးတွင် ထိုင်နေသည့် အရပ်ဝတ်က ထပ်မံ၍ “လျှာကိုက်မိလောက်တယ်”ဟု ထင်ကြေးပေးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက “လျှာကိုက်မိတာ မဟုတ်ဘူးဟေ့ကောင်၊ သွေးထွက်တယ်ဆို ကတည်းက ခလုတ်တိုက်ပြီးနောက်စေ့နဲ့ကျတာပဲနေမှာ”ဟု တုန့်ပြန်သည်ကို တွေ့ရသည်။


“နောက်စေ့နဲ့မကျဘူးဆရာ”ဟု အရပ်ဝတ်ဖြင့်လူက ပြန်ပြောရာတွင် ခန္ဓာကိုယ်အနှံ့အပြား၌ ကျည်ဆန်ရာရှိ မရှိ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးခိုင်းသည်။


အရပ်ဝတ်ဖြင့်လူက အလောင်းကိုမှောက်ချီ၊ လှန်ချီပြု၍ စစ်ဆေးနေချိန်စက္ကန့်ပိုင်းအတွင်း သေနတ်ဒဏ်ရာရှိမရှိ စစ်ကောင်စီတပ်ဖွဲ့က နှစ်ကြိမ်မေးမြန်းသည့်အခါ “မရှိဘူးဆရာ”ဟုသာ စစ်ဆေးနေသူက ပြန်ဖြေသည်။
ထို့နောက် ချက်ခြင်းပင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက “အဲဒါဘာဖြစ်လို့၊ ပြေးရင်းလွှားရင်းနဲ့ မျက်နှာနဲ့ကျတယ်၊ လျှာကိုက်မိသွားတယ်။ ဟုတ်တယ်နော်။ သေချာတယ်နော်။ မှတ်တမ်းတင်ထား၊ မှတ်တမ်းတင်ထား” ဟု ပြောပြီး သက်သေအဖြစ်မေးခြင်းဖြစ်ကြောင်း၊ နောင်မှဟိုလိုဒီလိုမပြောရန် လိုကြောင်း အရပ်ဝတ်ဖြင့်ပုဂ္ဂိုလ်အား သတိပေးခဲ့သည်။
ယနေ့နံနက်ပိုင်း မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်းကို လမ်း ၉၀ ပေါ်ရှိ ကိုးလုံးတကာ ဘုရားရှေ့ အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက် အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
သေနတ်ဖြင့် ၁၂ ချက်ထက် မနည်းပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း သေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း မြင်တွေ့ခဲ့သူ ဦးထက်တေဇာအောင်က ပြောသည်။
၎င်းကိုယ်တိုင်သည်လည်း ခြေထောက်၌ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာရသူ ဖြစ်ပြီး “ကျွန်တော်တို့က မြတောင်စစ်ကြောင်းဒိုင်းကာအဖွဲ့ လမ်း၉၀ကိုလုံးတကာဘုရားရှေ့အရောက် ဖြိုခွဲတာ သေနတ် ၁၂ချက်လောက်ပစ်တယ်မျက်ရည်ယိုဗုံးရော ပစ်တယ် ကျွန်တော်ရှေ့တင်တစ်ယောက်က ကျတာ အလောင်းသူတို့ဘက်က ကောက်သွားတယ် ကျွန်တော်လည်းပစ်ခံရတော့ မကယ်လိုက်နိုင်ဘူး”ဟု လည်းက ပြောသည်။
ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ဆန္ဒပြပွဲများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာ တွင် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ရပြီဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










