ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး တပ်စွဲထားသော စစ်တပ်စခန်းတစ်ခုကို ယနေ့နံနက်အစောပိုင်း တွင် KIA က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြိး ၁၀ နာရီဝန်းကျင်တွင် စစ်တပ်ဘက်က လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း အာဏသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။
မိုးညှင်းခရိုင်အတွင်းရှိ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး တပ်စွဲထားသော စစ်တပ်စခန်းတစ်ခုကို ယနေ့နံနက်အစောပိုင်းတွင် KIA က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၁၀ နာရီဝန်းကျင်တွင် စစ်တပ်ဘက်က လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို အတည်ပြုသည်။
“အောက်ခြေသတင်းတွေက ပြည့်ပြည့်စုံစုံ မရသေးဘူး။ ကျွန်တော်တို့ ဗဟိုကနေတော့ စစ်တပ် စစ်စခန်း တွေကို ဝင်စီးဖို့၊ မြို့ပေါ်မှာ ဝင်ပြီးတိုက်ဖို့ ညွှန်ကြားတာမရှိဘူး”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် တစ်လကျော်ကတည်းက KIA တပ်မဟာ ၄ နှင့် ၆ တို့၏ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးတစ်ဝိုက်တွင် KIA တပ်စခန်းများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သူတို့ (KIA)ရှေ့တန်းသမားအချင်းချင် ဘယ်လိုချိတ်ဆက်ပြီး ဝင်တိုက်တာလားဆိုတာတော့ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ဆက်ဆံရေးတင်းမာလာပြီး လတ်တလောတွင် အာဏာသိမ်းစစ်တပ်သည် KNU၊ RCSS တို့နှင့် လည်း ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားလျက်ရှိသည်။


အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုက ဖေဖော်ဝါရီ ၂၀ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
စစ်အာဏာသိမ်းခြင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုအပါအဝင် လူထုလှုပ် ရှားမှုအားလုံးကို ထောက်ခံပြီး ထိုလှုပ်ရှားမှုများကို ပံ့ပိုးပေးနိုင်ရန် နည်းလမ်းရှာဖွေသွားမည်ဟုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










