အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာမှသာ AA ကိုအမြစ်ပြတ် ချေမှုန်းနိုင်မည်ဖြစ်ကြောင်း တချိန်က ပြောကြားခဲ့သော်လည်း အာဏာမသိမ်းမီ ရက္ခိုင့်တပ်တော်နှင့် အလျင်အမြန် ပြေလည်မှုရယူပြီး နောက် အာဏာသိမ်းပြီးတစ်လကျော်အကြာတွင် အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည်
ရက္ခိုင့်တပ်တော် (AA) ကို အသေအကြေတိုက်ခိုက်ခဲ့သော အာဏာသိမ်းစစ်တပ်က AA ကို အကြမ်းဖက် အုပ်စုအဖြစ်မှ ရုတ်သိမ်းကြောင်း ယနေ့ (မတ် ၁၁) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ခြင်းမရှိတော့သဖြင့် အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖြစ်လိုက်ခြင်းဖြစ် သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်တပ်ကြား အချိန် ၂ နှစ်နီးပါးကြာသော အသေအကြေတိုက်ပွဲများ ကြောင့် ထိခိုက်သေကြေဒဏ်ရာရရှိမှုများအပြင် ဒေသခံအရပ်သားပြည်သူ နှစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်တပ်နှင့် AA တို့ကြား ၂၀၁၈ ခုနှစ် အကုန်ပိုင်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ မတ်လတွင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။


ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားစဉ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေ ညာမှသာ AA ကိုအမြစ်ပြတ် ချေမှုန်းနိုင်မည်ဖြစ်ကြောင်း စစ်တပ်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြား ခဲ့သည်။
ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာသတ်မှတ်ခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မပြုခဲ့သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်အကြား မကျေမလည်ဖြစ်ခဲ့သည်။


ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် AA အား တိုက်ထုတ်ရန် စစ်တပ်ဘက်က တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ စစ်သင်္ဘောများပါ အသုံးပြုတိုက်ခိုက်ခဲ့ရပြီး ထိုအသေအကြေတိုက်ပွဲများအတွင်း နှစ်ဖက်လက်ကိုင်များ အကျအဆုံး အထိအခိုက်များခဲ့သည်။
ယမန်နှစ် မတ်လအတွင်း AA စစ်တပ်ခြေမြန်တပ်ရင်းတစ်ခုလုံးနီးပါး အပြုတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်မှ တပ်ရင်းမှူးအပါအဝင် စစ်သည် ၂၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။
AA နှင့်ပတ်သက်၍ အမြဲတမ်းသဘောထားတင်းမာခဲ့သည့် စစ်တပ်သည် ရွေးကောက်ပွဲမတိုင်မီတွင် သဘောထားပျော့ပြောင်းလာပြီး ဂျပန်အစိုးရအထူးကိုယ်စားလှယ်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ကြာားဝင်စေကာ AA စေ့စပ်ညှိနှိုင်ရေး ကြိုးပမ်းခဲ့သည်။
ထို့နောက် AA နှင့် စစ်တပ်တာဝန်ရှိသူများ တိတ်တဆိတ်တွေ့ဆုံ ညှိနှိုင်းမှုများရှိလာပြီး ရွေးကောက်ပွဲကာ လမှစတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရုတ်တရက် ရပ်တန့်ခဲ့ကြသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။







