တိုက်ရိုက်တင်ဆက်မှု - မတ် ၁၁

အဓိကလမ်းမကြီးများ၌ များစွာသောလူစုလူဝေးဖြင့်ဆန္ဒပြမပြနိုင်ရန် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက နိုင်ငံ့အနှံ့အင်အားကုန်သုံး၍အကြမ်းဖက်ပိတ်ဆို့နေသော်လည်း အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး သံန္နိဌာန် ခိုင်မြဲစွာရှိနေကြောင်းကို ပြည်သူတို့က နည်းမျိးစုံသုံး၍သက်သေပြနေကြသည်။

နေ့စဉ် အင်အားအများအပြားပါဝင်သော သပိတ်စစ်ကြောင်းထွက်လေ့ရှိသည့် မန္တလေးမြို့၊ မြတောင်ကျောင်းတိုက် အနီးပတ်ဝန်းကျင်၌ မတ် ၈ ရက်က တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Myanmar Now

၁၅ :၂၃  တောင်ငူတွင် ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း တောင်ငူမြို့တွင် ဆန္ဒပြသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လည် ၂နာရီဝန်းကျင်က တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ​ရေခဲလမ်းထဲတွင် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေစဉ် စစ်ကား ၃ စီးခန့်ရောက်လာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောသည်။ 

“သေသွားတဲ့လူက (ဆန္ဒပြပွဲ)ဘေးနားမှာ ရပ်နေတာ။ စစ်သားတွေ လမ်းထဲဝင်လာပြီး သေနတ်ဖောက်တော့ အားလုံးက ပြေးကြတယ်။ သေသွားတဲ့လူလည်း လိုက်ပြေးတာ။ စစ်သားတွေက မပြေးနဲ့ မပြေးနဲ့ အော်ပီး ပစ်တဲ့အချိန်မှာ သူက ထိသွားတာ။ စစ်သားတွေက ချက်ချင်းပဲ အလောင်းကို ပြန်သယ်သွားတယ်”ဟု အထက်ပါ လူငယ်က ပြောသည်။ 

သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ် ကိုဝင်းဇော်ဦးဆိုသူဖြစ်ကြောင်း သိရသည်။ စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း ကိုဝင်းဇော်ဦးသာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာမမရှိခဲ့ကြောင်းသိရသည်။ 

၁၄ : ၄၈ မြောက်ဒဂုံတွင် ပြည်သူ တစ်ဦးသေဆုံး

ရန်ကုန် မြောက်ဒဂုံမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပြည်သူများအား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ ဝန်းကျင်က မြောက်ဒဂုံမြို့နယ် ၃၅ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနှင့် ဆရာခြုံလမ်းထောင်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် အတားအဆီးများပြင်ဆင်နေချိန်တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကလေးတွေက  စစ်သားတွေရဲတွေကိုလည်း မတွေ့ရတော့ သဲအိပ်တွေ ပြန်ကာနေကြတာ။ အဲဒီအချိန်မှာ ဘာမှလည်း သတိမပေးဘူး။ အသံဗုံးတွေ ဘာတွေနဲ့လည်း မခြောက်လှန့်ဘဲနဲ့ ကားတွေအကွယ်ကနေ ပစ်တာ။ လမ်းကြားထဲကလူတွေကတော့ ဆက်တိုက်ပစ်လာတာလို့ပြောတယ်။ ညီမက သူတို့ကိုကျွေးဖို့ ဖရဲသီးခွဲနေချိန်မှာ ထိပြီလို့ အသံကြားတော့ အဲဒီကလေးက ပုံပုံလေးလဲကျနေတာ။ သူက ဒိုင်းကာကို ဖောက်ပြီး ထိသွားတာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

ရဲတပ်ဖွဲ့က တရစပ်ပစ်ခတ်နေသဖြင့် ဆန္ဒပြသူများသည် ပုန်းလျှိုကွယ်လျှိုနေ၍ သေနတ်ထိမှတ်သူကို သယ်ထုတ်ကြရသည်ဟ ဆိုသည်။

သေဆုံးသူသည် ဒိုင်းကာကိုင်၍ ရှေ့တန်းမှ ပါသူ အသက် ၂၅ နှစ်အရွယ် ကိုချစ်မင်းသူဖြစ်ပြီး အကြမ်းဖက်ဖြိုခွင်းခံရသည့် နေရာမှာတင်သေဆုံးသွားသည်ဟု ဆန္ဒပြသူများက ဆေးကုသမှုပေးနေသည့် ပရဟိတအဖွဲ့ထံမှ သိရသည်။

အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြောက်ဒဂုံတွင် အမျိုးသားတစ်ဦးကျဆုံး

၁၄ : ၀၀ - မန္တလေး၌ ကျဆုံးသူ၏ဦးခေါင်းဒဏ်ရာ ချော်လဲ၍ရသည်ဟု သက်သေထွက်ခိုင်း

စစ်အာဏာသိမ်းမှုကိုနေ့စဉ်ရက်ဆက် ဆန့်ကျင်နေသည့် မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်းကို ယနေ့(မတ် ၁၁) နံနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းရာတွင် ဦးခေါင်းဒဏ်ရာဖြင့် ကျဆုံးခဲ့ရသည့် ပြည်သူတစ်ဦးကို ချော်လဲပြီးနောက် လျှာကိုက်မိကာ ကွယ်လွန်သည်ဟုမှတ်တမ်းတင်ရန် စစ်ကောင်စီတပ်ဖွဲ့က ကြိုးပမ်းခဲ့သည်။

ရုပ်သံမှတ်တမ်းထဲတွင် ရဲတပ်ဖွဲ့ဝင်တယောက်က သေဆုံးသူသည် ပြေးရင်းခလုတ်တိုက်ကာ မှောက်ရက်လဲကျကြောင်းပြောဆိုနေသလို နောက်တဦးမှ ပက်လက်လဲကျသဖြင့် နောက်စိ(ဦးနှောက်)ထိသွားကြောင်း ပြောဆိုသံများကြားနေရသည်။

ယနေ့နံနက်ပိုင်း၌ မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း လမ်း ၉၀ ပေါ်ရှိ ကိုးလုံးတကာဘုရားရှေ့အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက် အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက် သေများက ပြောသည်။

သေနတ်ဖြင့် ၁၂ ချက်ထက်မနည်းပစ်ခတ်ဖြိုခွင်းခံရမှုအတွင်းသေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း ခြေထောက်၌ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာရသူ အသက် ၂၄ နှစ်အရွယ် ကိုထက်တေဇာအောင်ကလည်း အတည်ပြုထားသည်။

မန္တလေးတွင် သေဆုံးသူ၏ဦးခေါင်းဒဏ်ရာကို ချော်လဲ၍ရသည်ဟု သက်သေထွက်ခိုင်း

၁၃ : ၂၂ မိုးကုတ်မြို့တွင် ၆ ဦးအဖမ်းခံရ

မန္တလေးတိုင်း မိုးကုတ်မြို့တွင် စစ်အာဏဦရှင်ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပြည်သူ ၆ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ 

၁၃ : ၁၁ မြိုင်တွင် စစ်ကောင်စီ၏ လက်ပါးစေရဲတို့ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး အနောက်မြောက်ပိုင်း မြိုင်မြို့တွင် ယနေ့ (မတ် ၁၁) နံနက်ပိုင်းက ဆန္ဒပြရန် လူစုရုံးနေစဉ် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းခံမှုကြောင့် ၆ ဦးသေဆုံးကြောင်း မြိုင်မြို့ဆေးရုံသို့ ရောက်ရှိ နေသူ မြို့ခံတစ်ဦးက Myanmar Now ကိုပြောသည်။

“ဒီမနက် ၉ နာရီလောက်မှာ ပစ်ခတ်မှုစဖြစ်တယ်။ ပထမတစ်ယောက်က ဆီးခုံထိပြီး ဆုံးသွားတဲ့ အတွက် ရေခဲတိုက်ကိုတန်းပို့လိုက်တယ်။ နောက်တစ်ယောက်ကလည်း ခေါင်းထပ်ခြမ်းကွဲပြီး ဦးနှောက် တောင် ပါမလာတော့ဘူး။ ဒါကြောင့် ရေခဲတိုက်ပဲ တန်းပို့လိုက်တယ်” ဟု အဆိုပါမြိုင်မြိုခံပြောသည်။

မြိုင်မြို့လယ်တွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြရန် လူစုရုံးနေစဉ် ၃ ယောက်စတင်အဖမ်းခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် အချင်းများရာမှ ပစ်ခတ်မှု စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“၁၁ လောက်မှာ နောက်တစ်ကြိမ်ပစ်ခတ်မှုဖြစ်တယ်။ အလောင်းသုံးလောင်း ထပ်ရောက်လာတယ်။ နောက်ပြီးတော့ တစ်ယောက်ထပ်ရောက်လာတယ်။ လောလောဆယ် အလောင်းတွေအရ ၆ ယောက် ဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု ဆေးရုံသို့ ရောက်ရှိနေသူ မြိုင်မြို့ခံက ပြောသည်။

မကွေးတိုင်း မြိုင်တွင် ပစ်ခတ်ဖြိုခွင်းခံရပြီး ၆ ဦးသေဆုံး

၁၂ : ၀၄ ကချင်ပြည်နယ်တွင် စစ်တပ်နှင့် KIA  တို့ တိုက်ပွဲဖြစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း အာဏသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

မိုးညှင်းခရိုင်အတွင်းရှိ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး တပ်စွဲထားသော စစ်တပ်စခန်းတစ်ခုကို ယနေ့နံနက်အစောပိုင်းတွင် KIA က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြိး ၁၀ နာရီဝန်းကျင်တွင် စစ်တပ်ဘက်က လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို အတည်ပြုသည်။ 

“အောက်ခြေသတင်းတွေက ပြည့်ပြည့်စုံစုံ မရသေးဘူး။ ကျွန်တော်တို့ ဗဟိုကနေတော့ စစ်တပ် စစ်စခန်း တွေကို ဝင်စီးဖို့၊ မြို့ပေါ်မှာ ဝင်ပြီးတိုက်ဖို့ ညွှန်ကြားတာမရှိဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် တစ်လကျော်ကတည်းက KIA တပ်မဟာ ၄ နှင့် ၆ တို့၏ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးတစ်ဝိုက်တွင် KIA တပ်စခန်းများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“သူတို့ (KIA)ရှေ့တန်းသမားအချင်းချင် ဘယ်လိုချိတ်ဆက်ပြီး ဝင်တိုက်တာလားဆိုတာတော့ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ဆက်ဆံရေးတင်းမာလာပြီး လတ်တလောတွင် အာဏာသိမ်းစစ်တပ်သည် KNU၊ RCSS တို့နှင့် လည်း ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားလျက်ရှိသည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း စစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်နေ

၁၁ : ၁၁ ဘူတာရုံလမ်းတွင် စစ်အာကာသိမ်းကောင်စီကို ဆက်လက် အာခံနေ

ရန်ကုန် လှိုင်မြို့နယ် ဘူတာရုံလမ်းတွင် အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုများကို နေ့စဉ်ကြုံတွေ့နေရသော်လည်း ပြည်သူများက နေ့စဉ်ဆက်လက်ဆန္ဒပြနေဆဲဖြစ်သည်။

လှိုင်မြို့နယ် ဘူတာရုံလမ်း မတ်-၁၁

၁၁ : ၀၇ အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုတ်သိမ်း 

ရက္ခိုင့်တပ်တော် (AA) ကို အသေအကြေတိုက်ခိုက်ခဲ့သော အာဏာသိမ်းစစ်တပ်က AA ကို အကြမ်းဖက် အုပ်စုအဖြစ်မှ ရုတ်သိမ်းကြောင်း ယနေ့ (မတ် ၁၁) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ခြင်းမရှိတော့သဖြင့် အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖြစ်လိုက်ခြင်းဖြစ် သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်တပ်ကြား အချိန် ၂ နှစ်နီးပါးကြာသော အသေအကြေတိုက်ပွဲများ ကြောင့် ထိခိုက်သေကြေဒဏ်ရာရရှိမှုများအပြင် ဒေသခံအရပ်သားပြည်သူ နှစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုတ်သိမ်း 

၁၀ : ၂၀ မိုးမလင်းမီ တော်လှန်ပြီ

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖြို ခွင်းခံရမှုကို ကြုံနေရသည့် ပဲခူးတိုင်း၊ ပြည်မြို့တွင် ယနေ့ နံနက် မိုးမလင်းမီကပင် အာဏာရှင် စနစ်အမြစ်ဖြုတ်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

မိုးမလင်းမီ တော်လှန်ပြီ

၁၀ :၁၀ တမူးခရိုင် အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ

ချင်းပြည်နယ် တမူးခရိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို ကျန်းမာရေးဝန်များနှင့် ပြည်သူများက ဦးဆောင်ချီတက်နေသည်။

ဆန္ဒပြပြည်သူများက စစ်အာဏာရှင်စနစ်ကို ပြန်လည်သက်သွင်းနေမှုကို ကန့်ကွက်ကြောင်း ကြွေးကြော်လျက်ရှိပြီး ပြည်သူများကို ပစ်ခတ်အကြမ်းဖက်နေသည့် စစ်တပ်ကို ရှုတ်ချနေသည်။

အာဏာသိမ်းစစ်တပ်ကိုဖြုတ်ချနိုင်ရန် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် အရှိန်မြှင့် ပါဝင်ကြပါရန် တမူးပြည်သူများက သံပြိုင်ဟစ်အော်တောင်းဆိုနေသည်။

၁၀  : ၀၀ - မန္တလေးသပိတ်စစ်ကြောင်းများစထွက်ပြီ

အာဏာဖီဆန်သည့်လှုပ်ရှားမှု (CDM)ကို မဆုတ်မနစ်ဆွဲကိုင်ထားကြသော မန္တလေးမြို့၊ မြန်မာ့မီးရထားဝန်ထမ်းများ သပိတ်စစ် ကြောင်းကို မတ် ၁၁ရက် နံနက်ပိုင်းက တွေ့ရစဉ်။

၈၁လမ်း၊ ၃၃ x ၃၄ ကြားအရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အသံဗုံးများသုံး၍ အကြမ်းဖက်ဖြိုခွင်းခံနေရပြီဖြစ်သည်။


မန္တလေး - မတ် ၁၁

၀၉ : ၁၅ - သန်လျှင်သပိတ်စစ်ကြောင်းချီပြီ

ရန်ကုန်တိုင်း၊ သန်လျှင်မြို့နယ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်စစ်ကြောင်းချီတက်ဆန္ဒပြနေသည်။

စစ်ကောင်စီလက်စလက်နဖျောက်သဖြင့် ဖမ်းဆီးခံရသူများအကြောင်းစုံစမ်းမရဖြစ်နေ 

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစကာ ဖမ်းဆီးခံထားရသူ ထောင်ချီရှိသော်လည်း စစ်ကောင်စီက လက်စလက်နဖျောက်ထားသဖြင့် မည်သို့မျှ စုံစမ်းမေးမြန်းမရဖြစ်နေကြောင်း သက်ဆိုင်ရာ မိသားစုဝင်များနှင့် တရားလွှတ်တော်ရှေ့နေများက ပြောသည်။

စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မိသားစုဝင်များပါမချန် ထင်ရာစိုင်းဖမ်းဆီးနေသည့် အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီးနေသဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ထိခိုက်နစ်နာမှုများကို အတည်ပြုရန် ခက်နေသည်ဟုလည်း ၎င်းတို့က ဆိုသည်။

အကောင်းပတိအနေအထားဖြင့် ညပိုင်းတွင်ဖမ်းဆီးခံခဲ့ရပြီးနောက် မနက်ပိုင်းတွင် အလောင်းသာ ပြန်ရသည့် ရင်နင်စရာ ဖြစ်ရပ်များလည်း ရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ စစ်ကောင်စီက လူပေါင်း ၁၇၀၀ ကျော်ကိုဖမ်းဆီးထားကြောင်း၊ သေဆုံးသူ ၆၀ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။

စစ်ကောင်စီလက်စလက်နဖျောက်သဖြင့် ဖမ်းဆီးခံရသူများအကြောင်းစုံစမ်းမရဖြစ်နေ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading