အာဘော်ဆောင်းပါး
ရန်ကုန် – နေ့လယ်အစောပိုင်း ပြင်ပတွင် လင်းလင်းချင်းချင်းရှိသော်လည်း ဓမ္မာရုံအတွင်းမှာတော့ မှောင်တောင်တောင်ဖြစ်နေသည်။ စာရွက်များကပ်ထားသော ဘုတ်ပြားများကို နံရံနှင့်၊ တိုင်များအနှံ့ ထောင်ထားသည်။

ဓမ္မာရုံဝင်ပေါက်နှင့်အဝေးဆုံးဘုတ်ပြားတွင် ကပ်ထားသော အေဖိုးစာရွက်အလယ်ပိုင်းတွင် ကျွန်မအမည်ကို အမေနှင့် အစ်မအမည်တို့ကြားတွင် တွေ့ရသည်။
အမည်ဘေးတွင်ရေးထားသော အချက်အလက်များကို ဆက်၍ရှာရာ မှတ်ပုံတင်နံပါတ်မှန်၊ မွေးနေ့မှန်ပြီး မွေးသက္ကရာဇ်မှားနေသည်ကို တွေ့ရသည်။ ဤအမှားမှာ မဲဆန္ဒရှင်စာရင်း ပထမအကြိမ် ကြေညာကတည်းက တွေ့ခဲ့သဖြင့် လျှောက်လွှာပုံစံ ၃(က) တင်ပြီး ပြင်ဆင်ခဲ့ရသည့်အမှား။ ယခုလည်း မှားပြန်ပြီ။


ရပ်ကွက်လူကြီးများက ဖော်ဖော်ရွေရွေ၊ တောင်းတောင်းပန်ပန်။ ဤအမှားရှိသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေးခွင့်မရမည်ကိုမပူနှင့်ဟု ဆိုကြသည်။
“ဒါ ကွန်ပြူတာဆော့ဖ်ဝဲက ဖြစ်တာ။ တချို့လူတွေများဆို သူတို့နာမည်က ပထမတစ်ခေါက်တုန်းကပါပြီး အခုတစ်ခေါက်ကျ မပါတော့ဘူး” ဟု လူကြီးတစ်ဦးက ကျွန်မကို တိုးတိုးပြောပြသည်။ ထိုသူများနှင့်ယှဉ်လျှင် ကျွန်မကံကောင်းသည်ဆိုသော သဘောလားမသိ။


ကျွန်မ၏မဲပေးပိုင်ခွင့် မည်သည့်အကြောင်းနှင့်မျှ မပျက်စေလို၍ ပုံစံ ၃(က) နောက်တစ်စောင် ဖြည့်ပြီး တင်လိုက်သည်။
လာမည့်ရွေးကောက်ပွဲတွင် မဲပေးခြင်းသည် ကျွန်မတစ်သက်တာတွင် ပထမဦးဆုံးအကြိမ် မဲပေးရသည့် အတွေ့အကြုံဖြစ်လာပါလိမ့်မည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ကျွန်မ အသက်ငယ်သေး၍ မဲမထည့်ခဲ့ရ။ မလွတ်လပ်၊ မမျှတဟု အများပြောကြသော၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကျွန်မ နိုင်ငံခြားရောက်နေပြီး ကျွန်မတို့မဲဆန္ဒနယ် (ရန်ကင်းမြို့နယ်)တွင်၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မရှိခဲ့ပါ။
နိုင်ငံရပ်ခြားတွင် ဆယ်စုနှစ် နှစ်ခုနီးပါးနေခဲ့၍ အခြားနိုင်ငံသားခံယူရန် အခွင့်ရခဲ့သော်လည်း မြန်မာပတ်စ်ပို့ကို လက်မလွှတ်ခဲ့ပါ။ တတိယနိုင်ငံတစ်ခုသို့ သွားလိုလျှင် ရက်သတ္တပတ်များစွာစောင့်ခဲ့ရ၊ မြန်မာနိုင်ငံသားဖြစ်၍ နိုင်ငံတကာလေယာဉ်ကွင်းများတွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၏ အသေးစိတ် စိစစ်မေးမြန်းခြင်း ခံရသည်မှာလည်း မရေတွက်နိုင်တော့ပါ။
ထိုသို့သော စိတ်အနှောင့်အယှက်ဖြစ်စရာများကိုတောင့်ခံခဲ့ပြီးမှ ကျွန်မနိုင်ငံကမဲပေးပိုင်ခွင့်ကို လက်မလွှတ်ချင်ပါ။
လွန်ခဲ့သည့်နှစ်၅ဝအတွင်း ပြည်သူလူထု၏အသက်၊ သွေး၊ ချွေး များစွာ စတေးခဲ့ပြီးမှ ပေါ်ပေါက်လာသော အခွင့်အရေးကို ရယူခြင်းသည် ကျွန်မအနေဖြင့် အနည်းဆုံး လုပ်နိုင်သည့် အရာတစ်ခုပင်ဖြစ်ပါသည်။
စိတ်ပျက်လက်ပျက်
ကျွန်မအမည်ကို မဲဆန္ဒရှင်စာရင်းတွင်တွေ့၍ ပျော်လိုက်ရသောအပျော်မှာ ကြာကြာမခံရှာ။ ကိုယ်စားလှယ်လောင်းစာရင်းကိုကြည့်ချိန်တွင် ပျောက်သွားရှာသည်။ နာမည် နည်းနည်းကြားဖူးသော ကိုယ်စားလှယ်လောင်းတစ်ဦးမှလွဲ၍ အားလုံးက ကျွန်မအတွက် မျက်နှာစိမ်းများဖြစ်နေသည်။
ကျွန်မကို စိတ်တက်ကြွ အားကျအောင်လုပ်နိုင်သော ကိုယ်စားလှယ်လောင်း၊ ဒီမိုကရေစီကျင့်ထုံးများနှင့့်် ကိုက်ညီသည့်မူဝါဒ ကိုင်စွဲသော ကိုယ်စားလှယ်လောင်း၊ မြန်မာပြည်တိုးတက်ကြီးပွားအောင် ပြုလုပ်ရာတွင် အဆင်းရဲဆုံး၊ ချောင်ထိုး မျက်ကွယ်အပြုခံရဆုံးဖြစ်နေသူများ မကျန်ရစ်အောင် လုပ်နိုင်မည့် အစီအစဉ်ရှိသည့် ကိုယ်စားလှယ်လောင်းကိုသာ မဲပေးချင်ပါသည်။
သို့သော်လည်း မဲဆွယ်မှုအစပြုသည်မှာ တစ်လကျော်လာသည်၊ ကိုယ်စားလှယ်လောင်းများကို မျက်နှာချင်းဆိုင် တွေ့ကာ မူဝါဒမေးဖို့မပြောနှင့် သူတို့ဆီမှ လက်ကမ်းစာရွက်များပင် မရသေးပါ။ သက်တောင့်သက်သာမရှိသည့် ပုံစံကြီးများဖြင့် ရိုက်ထားသော ဓာတ်ပုံများပါသည့် မဲဆွယ်ပိုစတာတို့ကိုတော့ တွေ့နေရပါသည်။ သူတို့၏မူဝါဒ သဘောထားများကိုမူ မသိရပါ။
ထို့ကြောင့် သူတို့၏ကျောထောက်နောက်ခံပါတီကိုသာ ကျွန်မ ကြည့်ရပါတော့သည်။ ထိုအခါ စိတ်တိုင်းမကျဖွယ် ရွေးချယ်စရာများသာ တွေ့ရပါသည်။
၁၉၈ဝ ပြည့်လွန်နှစ်များတွင် ကြီးပြင်းကာ ၁၉၉ဝ နောက်ပိုင်းနှစ်များတွင် တက္ကသိုလ်ခဏတဖြုတ်တက်ခဲ့ရသော ကျွန်မသည် ဆန္ဒပြမှုများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခြင်း၊ ပြည်သူများအပေါ် အကြင်နာမဲ့စွာ ပြုမူခြင်းများကို ကြုံခဲ့ရပါသည်။ ဤအတွက်ကြောင့် စစ်အစိုးရလက်ထက်တွင် အာဏာရှိခဲ့သောသူများ ပါဝင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတို့ကို မဲထည့်ရန် ခက်ခဲပါသည်။
မြန်မာနိုင်ငံ အတိုင်းအတာ တစ်ခုထိ ပြောင်းလဲသွားပြီဆိုသည်ကို လက်ခံပါသည်။ ယခုလို နေရပ်ပြန်ကာ ကျွန်မအလွန်နှစ်သက်သော သတင်းထောက်အလုပ်ကို လုပ်နိုင်ခြင်း၊ ဤအမြင်အာဘော်ကို ရေးနိုင်ခြင်းကပင်လျှင် မြန်မာနိုင်ငံ၏ ပြောင်းလဲခြင်းကို ဖော်ပြနေပါသည်။
သို့သော်လည်း ကြောက်ရွံ့မှုများ၊ သွေးထွက်သံယိုမှုများမှာ လတ်လတ်ဆတ်ဆတ်ပင် ရှိနေသေးသောကြောင့် မေ့လိုက်ရန်၊ ခွင့်လွှတ်ရန် မလွယ်သေးပါ။
လမ်းစမလျှောက်ခင်ကပင် ဦးတော်တင်တတ်ခဲ့သော ကျွန်မသည် နိုင်ငံရေးအခြေအနေ မပြောင်းလဲရေးအတွက် ဘာသာရေးကို ခုတုံးလုပ်နေမှုများကို မနှစ်မြို့ပါ။
အမျိုးသား၊ သံဃာတို့က မြန်မာအမျိုးသမီးများကို “ကာကွယ်ရန်” ဟူသော အကြောင်းပြချက်ဖြင့် ကျွန်မတို့၏ အခွင့်အရေးများကို ထိန်းချုပ်သော ဥပဒေများ အတည်ပြုရေး ဆောင်ရွက်ခဲ့ကြသည်။ နှောင့်ယှက်သူ၏ အမျိုးဘာသာကို မကြည့်ဘဲ အမျိုးသမီးများကို အမှန်တကယ် ကာကွယ်ကူညီနိုင်သော ဥပဒေများကိုမူ ကြန့်ကြာစေရန် လုပ်ဆောင်မှုများ ရှိနေသည်။
အလုပ်ကြိုးစားသော၊ ကိုယ့်အားကိုယ်ကိုးသော အမျိုးသမီးတစ်ဦးအနေဖြင့် ဤသို့သော အနေအထားများကို သဘောမတူနိုင်ပါ။
တွေးခေါ်၊ မေးမြန်း၊ စူးစမ်းခွင့်ရှိသော နိုင်ငံသားတစ်ဦးအနေဖြင့်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်သူလူထု ထောက်ခံရေးအတွက် လုပ်ဆောင်စဉ် မူဝါဒ ပီပီပြင်ပြင်မပြနိုင်သည်ကိုလည်း မနှစ်သက်ပါ။ NLD သည် မြန်မာနိုင်ငံကို ချုံးချုံးကျစေခဲ့သော၊ အထက်ပြောသမျှနာခံရသော အုပ်ချုပ်ရေးပုံစံကို ကျင့်သုံးနေသလိုပင်။ ထို့ပြင် အစွန်းရောက်ဝါဒီများကို လိုက်လျောကာ အစ္စလမ်ဘာသာဝင် အမတ်လောင်း တစ်ဦးတစ်ယောက်ကိုမှ မရွေးချယ်ခြင်းကိုလည်း ဘဝင်မကျဖြစ်မိပါသည်။
ပါတီငယ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ မူဝါဒနှင့် ရပ်တည်ချက်များကို မသိရသေးသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ဤပါတီကြီးနှစ်ခုမှလွဲ၍ တခြားရွေးချယ်စရာမရှိဟု ခံစားရပါသည်။
ကျွန်မ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော မဲပေးနိုင်သည့်အခွင့်အရေး ယခုရရှိပါပြီ။ မည်သူ့ကို မဲပေးရမည် ဆိုသည်ကိုတော့ ပြောရခက်၊ ဆုံးဖြတ်ရခက် ဖြစ်နေတော့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











