သတင်း

စစ်ကောင်စီလက်စလက်နဖျောက်သဖြင့် ဖမ်းဆီးခံရသူများအကြောင်း စုံစမ်းမရဖြစ်နေ 

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးခံထားရသူ ထောင်ချီရှိသော်လည်း စစ်ကောင်စီက လက်စလက်နဖျောက်ထားသဖြင့် မည်သို့မျှ စုံစမ်းမေးမြန်းမရဖြစ်နေကြောင်း သက်ဆိုင်ရာ မိသားစုဝင်များနှင့် တရားလွှတ်တော်ရှေ့နေများက ပြောသည်။

စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မိသားစုဝင်များပါမချန် ထင်ရာစိုင်းဖမ်းဆီးနေသည့် အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီးနေသဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ထိခိုက်နစ်နာမှုများကို အတည်ပြုရန် ခက်နေသည်ဟုလည်း ၎င်းတို့က ဆိုသည်။

အကောင်းပတိအနေအထားဖြင့် ညပိုင်းတွင်ဖမ်းဆီးခံခဲ့ရပြီးနောက် မနက်ပိုင်းတွင် အလောင်းသာ ပြန်ရသည့် ရင်နင်စရာ ဖြစ်ရပ်များလည်း ရှိနေသည်။

မတ် ၆ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်နှင့် မတ် ၈ ရက်ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရသူ NLD ပါတီဝင် ‘စု’ အသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံဦးဇော်မြတ်လင်းတို့ကို ဖမ်းဆီးခံရပြီး နောက်တစ်ရက်နံနက်တွင် အလောင်းသာပြန်ခဲ့ရပြီး သေဆုံးရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ မသိရသေးပေ။ 

“ကျည်ဆန်မှန်လို့ ဗိုက်ပွင့်ပြီးသေသွားတာလို့ မျက်မြင်ကောက်ချက်အရ သိရတယ်။ သေဆုံးရတဲ့ အကြောင်းအရာကို တိတိကျကျရှင်းပြတာမျိုးတော့ မရှိဘူး” ဟု ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံတွင် ရုပ်အလောင်းကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ဦးဇော်မြတ်လင်း၏ ဇနီးအား ကိုးကားလျက်  NLD ဗဟိုတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အတူ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်၏ မိသားစုဝင်များကလည်း သေဆုံးရသည့်အကြောင်းကို စစ်ကောင်စီလက်နက်ကိုင်များက တိကျရေရာစွာ ရှင်းပြခြင်းမရှိသေးဟု သိရသည်။ ဦးခင်မောင်လတ်ကို ညပိုင်းတွင်ဖမ်းဆီးပြီးနောက် နောက်တစ်နေ့ နံနက်စောစောတွင် အလောင်းလာထုတ်ရန် မိသားစုကို ရဲစခန်းမှတဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ည (မတ် ၉) ပဲခူးမြို့နေအိမ်၌ စစ်ကောင်စီလက်နက်ကိုင်များက တရကြမ်း ဝင်ရောက်ဖမ်းဆီးခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်လုံခြုံရေးတာဝန်ယူဖူးသူ NLD ပါတီဝင် ကိုဂျမား၏ အခြေအနေနှင့် ပတ်သက်၍လည်း မည်သို့မျှစုံစမ်း၍မရသေးကြောင်း NLD ဗဟိုတာဝန်ရှိသူအချို့က အတည်ပြုသည်။

“နိုင်ငံရေးသမားတွေ မပြောနဲ့။ လမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတာကို ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးတာခံရတဲ့ သာမန်ပြည်သူတွေ၊ လူငယ်တွေတောင် ဒီမှာရှိလား(ရန်ကုန်-အင်းစိန်ထောင်)၊ အမှုဖွင့်ထားလား၊ ကျန်းကျန်းမာမာရောရှိရဲ့လား၊ ရထားတဲ့ဒဏ်ရာတွေ အခြေအနေကောင်းလား သိရဖို့တောင် အင်မတန်ခက်ပါတယ်။ တွေ့ရဖို့ဆိုတာကတော့ဝေလာဝေးပါ”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါရှေ့နေသည် ရန်ကုန်မြို့ဆန္ဒပြပွဲများအတွင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ဥပဒေကြောင်းအရ အခမဲ့ကူညီဆောင်ရွက်ပေးနေသူဖြစ်ပြီး အပ်နှံသည့်အမှုအရေအတွက် များပြားလွန်းသဖြင့် ပျောက်ဆုံးနေသူဦးရေကို အကန့်အသတ်ထား၍ အဖွဲ့များခွဲကာ လက်ခံဆောင်ရွက်ပေးနေရသည်ဟု ဆိုသည်။

“စမ်းချောင်း၊ မြေနီကုန်း၊ လှည်းတန်းတစ်ဝိုက် မြို့နယ်တွေမှာ ဖမ်းခံရတဲ့လူငယ်တွေနဲ့ပတ်သက်ပြီးတော့ပဲ လောလောဆယ် လက်ခံထားတယ်။ ပျောက်ဆုံးနေသူဦးရေပိုများတဲ့ မြောက်ဥက္ကလာလိုမြို့နယ်တွေက မိသားစုတွေကို တခြားမိတ်ဆွေရှေ့နေတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့အင်းစိန်ထောင်အာဏာပိုင်များထံ ပျောက်ဆုံးနေသူများ၏အမည်စာရင်းကိုပေးပို့ပြီး ထောင်အတွင်း၌ ရှိမရှိ ရှေ့နေများက တရားဝင်မေးမြန်းနေသော်လည်း အတည်ပြုချက်ရရှိနိုင်ရန် လွန်စွာခက်ခဲနေသည်ဟု အဆိုပါတရားလွှတ်တော်ရှေ့နေက ဆိုသည်။ 

ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီး၌ပင် ပျောက်ဆုံးနေသည့် မိမိတို့၏မိသားစုဝင်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်းကောင်း သေသည်ရှင်သည်ကိုလည်းကောင်း  စုံစမ်းရခက်နေသဖြင့် နိုင်ငံအနှံ့ ဖမ်းဆီးခံရသူနှင့် ထိခိုက်သေဆုံးသူ အရေအတွက်သည်လည်း ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်ကြောင်းလည်း မိသားစုဝင်များနှင့် တရားလွှတ်တော်ရှေ့နေများက သုံးသပ်ကြသည်။ 

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို စစ်ကောင်စီ၏ လက်နက်ကိုင်များက နာရီပေါင်းများစွာ ပိတ်ဆို့ထားခဲ့သည့ မတ် ၈ ရက်ဖြစ်စဉ်အပြီး နှစ်ရက်အကြာတွင် ပျောက်ဆုံးနေသူများကို ထိန်းသိမ်းထားသည်ဟု သတင်းကြားရသည့်နေရာကို သွားရောက်စုံစမ်းသော် လည်း တိကျသည့်အဖြေ တစ်စုံတစ်ရာမရခဲ့ဟု သားပျောက်ရှာနေသူ မိခင်တစ်ဦးက ပြောသည်။

စမ်းချောင်းမြို့နယ်ရဲစခန်း၌ စုံစမ်းနေသည်မှာ အကြောင်းမထူးဖြစ်နေချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ စစ်တပ်ဝင်းတစ်ခုအတွင်းရှိသည်ဟု သတင်းကြား၍ ယနေ့နံနက်တွင် သွားရောက်စုံစမ်းရာတွင်လည်း “ဘူးခံပြီးတော့ပဲငြင်းတယ်၊ ဒီမှာဘယ်သူမှ မရှိပါဘူးလို့ပြောတယ်”ဟု အဆိုပါမိခင်က ပြောသည်။

အသိမိတ်ဆွေ သုံးဦးပျောက်ဆုံးနေခြင်းကြောင့် သက်ဆိုင်ရာမိသားစုနှင့်အတူ ကူညီစုံစမ်းပေးနေသူ တစ်ဦးကလည်း အဆိုပါ စစ်တပ်ဝင်းမှာ ရွှေပြည်သာမြို့နယ် အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ကန်သာယာမှတ်တိုင်းဘေးလမ်းကျဉ်းအတွင်း၌ရှိပြီး ရန်ကုန်၌ ဖမ်းဆီးခံရသူအချို့ ယင်းနေရာတွင်ရှိကြောင်း ခိုင်မာစွာကြားသိထားရသည်ဟု ပြောသည်။

“သူတို့က ဒီမှာမရှိဘူးငြင်းတယ်။ အဲဒီရှေ့မှာ ကျွန်မတို့ရှိနေတဲ့အချိန် နေ့လယ် ၁၂ ခွဲလောက်မှာပဲ စစ်သားတွေလိုက်လာတဲ့ Double Cab ကားနှစ်စီးနဲ့ အချုပ်ကားတစ်စီး အဲဒီဝင်းထဲကို ဝင်သွားတယ်” ဟု အထက်ပါ လိုက်ပါကူညီဆောင်ရွက်ပေးနေသူက ပြောသည်။

အဆိုပါ စစ်တပ်ဝင်းမှာ ယခင်က စစ်အကျဉ်းထောင်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ညပိုင်းအချိန်၌ပင် လုံခြုံရေးအစောင့်အရှောက်ယာဉ်တန်းဖြင့် အချုပ်ကားများ အဝင်အထွက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်ဟုလည်း ယနေ့နံနက်ပိုင်းတွင် ယင်းနေရာသို့ရောက်ရှိခဲ့သူအချို့က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနှင့်ချီသော နေ့စဉ်ရက်ဆက် ဆန္ဒပြပြည်သူ များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းပတမ်းကိုင်တွယ်နေချိန်တွင် နေ့စဉ်ဖမ်းဆီးခံရသူ ရာနှင့်ချီရှိပြီး လူမသိသူမသိ ဖြစ်ရပ်များစွာရှိနေနိုင်ကြောင်း အထက်ပါရှေ့နေများက သုံးသပ်သည်။

ရန်ကုန်၌ဖမ်းဆီးထားသူအချို့ကို ထိန်းသိမ်းထားသည်ဆိုသော ရွှေပြည်သာမြို့နယ်ရှိ စစ်တပ်ဝန်း။

ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်အတွင်း စစ်ကောင်စီက စက်သေနတ်ပင်သုံး၍ အကြမ်းတမ်းဆုံး ဖြိုခွင်းခဲ့သည့် မတ် ၃ ဖြစ်စဉ်တစ်ခုတည်းတွင် သေဆုံးသူဦးရေ ၃၀ ကျော်အထိရှိနိုင်ပြီး ပျောက်ဆုံးနေသူ အများအပြားရှိနေဆဲဖြစ်ကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းများက ခန့်မှန်းထားကြသည်။ 

အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူရှစ်ဦးကိုသာ Myanmar Now က အတည်ပြုထားနိုင်သေးသည်။

ထို့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုအတွင်း သေဆုံးသူဦးရေ ၁၃ ဦးထက် မနည်းရှိကြောင်း အတည်ပြုထားနိုင်ပြီးဖြစ်သော မန္တလေးမြို့တွင် မတ် ၅ ရက်က  စစ်ကောင်စီတပ်ဖွဲ့များ၏ ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံရသူများရှိသောလည်း အရေအတွက်မည်မျှရှိသည်ကို အတည်မပြုနိုင်သေးဘဲ သေဆုံးခဲ့သူတစ်ဦးကိုသာ အတည်ပြုထားနိုင်သည်။ 

အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များ၏ လက်တွင်သေဆုံးခဲ့သူမှာ အသက် ၂၁ နှစ် အရွယ် ကိုနိုင်မင်းကိုဖြစ်ပြီး စစ်တပ်ပိုင်မြဝတီရုပ်သံ၏ သတင်းထုတ်ပြန်ချက်အရသာ သေဆုံးသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ကိုနိုင်မင်းကို၏ အစ်မဖြစ်သူမငွေနှင်းဖြူက Myanmar Now ကို ပြောကြားထား သည်။ 

မတ်လ ၅ ရက် သေဆုံးခဲ့သည့် ကိုနိုင်မင်းကို၏ အလောင်းရရှိရေး နေရာစုံလိုက်လံစုံစမ်းနေသော်လည်း ယနေ့အချိန်ထိ အစအနပင် မသိရသေးကြောင်းလည်း မငွေနှင်းဖြူထံမှ သိရသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်မှုများမှာ နိုင်ငံအနှံ့ပေါ်ပေါက်နေပြီး ယမန်နေ့(မတ် ၉) ညပိုင်းကပင် တနင်္သာရီတိုင်း၊ မြိတ်မြို့၌ လူပေါင်း ၇၀ ကျော်ဖမ်းဆီးခံရကာ ၎င်းတို့အနက် ၄၅ ဦးခန့်ကို စစ်သားများက လူမဆန်စွာရိုက်နှက်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ စစ်ကောင်စီက လူပေါင်း ၁၇၀၀ ကျော်ကိုဖမ်းဆီးထားကြောင်း၊ သေဆုံးသူ ၆၀ ကျော်ရှိပြီဟု ခန့်မှန်းထားပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
 

Show More

Related Articles

Back to top button