"စစ်ခွေးဆိုတော့ ကိုက်တတ်တယ်" ဟုပြောကာ စစ်သားများက မနားတမ်းရိုက်နှက် 

တနင်္သာရီတိုင်း မြိတ်မြို့တွင် ယမန့်နေက ဖမ်းဆီးခံရသူ ၇၀ ကျော်အနက် ၄၅ ဦးကို စစ်သား ၁၀ ဦးခန့်က လူမဆန်စွာ အလှည့်ကျမနားတမ်း ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည် 

မြိတ်မြို့တွင် ဖမ်းဆီးခံရပြီးနောက် စစ်သားများ၏ လူမဆန်စွာရိုက်နှက်ခဲ့ရာ ရရှိခဲ့သော ဒဏ်ရာ များကို တွေ့ရရှိရစဉ်။ 

“သူတို့က အလှည့်ကျမနားတမ်းရိုက်တယ်။ ဒူးက အကြာကြီးမထောက်နိုင်တော့ တစ်ခါလဲကျရင် တစ်ခါ ရိုက်ခံရတယ်။ အများကြီးအရိုက်ခံရတယ်" ဟု နာကြည်းစွာ ပြောဆိုလာသူမှာ မြတ်မြို့မှ အသက် ၃၀ အရွယ် အမျိုးသားဖြစ်သည်။

တနင်္သာရီတိုင်း မြိတ်မြို့တွင် ယမန်နေ့ (မတ် ၉) က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ဖမ်းဆီးခံရ ပြီးနောက် စစ်သားများက လူမဆန်စွာ ရိုက်နှက်စစ်ဆေးခဲ့ပုံကို ပြန်လည်ပြောပြခြင်းဖြစ်သည်။

"အများကြီးအရိုက်ခံရတယ်။ မှတ်တောင် မမှတ်မိဘူး။ ဒူးမထောက်နိုင်တော့ဘူး။ မှောက်ကျသွားရင် ပြန်ထရတယ်။ သူတို့က အမြဲတမ်းရိုက်နေတာ” ဟုလည်း ၎င်းက ပြောသည်။

မြတ်မြို့ ကွက်သစ်ရပ်ကွက် D လမ်းအတွင်း ဆန္ဒပြရန် လူစုနေချိန် နံနက် ၉ နာရီဝန်းကျင်တွင် စစ်တပ်နှင့် ရဲများက လမ်းကိုနှစ်ဖက်ပိတ်ဆို့ကာ အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူ ၇၀ ကျော်ကို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အမျိုးသား ၄၅ ယောက်ခန့်နှင့် အမျိုးသမီး ၂၅ ယောက်ခန့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အသက်အရွယ်အားဖြင့် ကိုးတန်းကျောင်းသားအရွယ်မှ အသက် ၃၀ ဝန်းကျင်အတွင်း အများဆုံးဖြစ်သည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဖမ်းဆီးခံရသူများအနက် အမျိုးသား ၄၅ ယောက်ခန့်သည် အားလုံးရိုက်နှက်ခံခဲ့ရပြီး ဒူးထောက်ခိုင်းကာ သံခါးပတ်ခေါင်း၊ သစ်သားတုတ်၊ ပိုက်များနှင့် ရိုက်နှက်ခဲ့သည့်အပြင် အချို့သောသူများကို ချိန်းကြိုးဖြင့် အကြမ်းပတမ်းရိုက်နှက်ခဲ့သည်ဟု ထိုသို့ရိုက်နှက်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ အဆိုပါ အမျိုးသားက ပြောသည်။ 

Myanmar Now က ရရှိထားသော ဓာတ်ပုံမှတ်တမ်းများအရ ရိုက်နှက်စစ်ဆေးခံခဲ့ရသူများတွင် ကျောပြင်၊ တင်ပါးနှင့် ရင်ဘတ်နေရာများတွင် သံခါးပတ်ခေါင်းရာများ၊ ချိန်းကြိုးဖြင့် ရိုက်နှက်ခံထားရသည့် အက်ကွဲဒဏ်ရာများ တွေ့ရှိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများတွင် ဟစ်ကြွေးသီဆိုလေ့ရှိသည့် ‘ကမ္ဘာမကြေဘူး’သီးချင်းနှင့် ‘စစ်အာဏာရှင်အလိုမရှိ’ စသော ကြွေးကြော်သံများကို ထပ်တလဲလဲသီဆိုခိုင်းရင်း ရိုက်နှက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။ 

“သပိတ်စစ်ကြောင်းမှာ ဘယ်လိုအော်သလဲ။ သီချင်းဘယ်လိုဆိုသလဲ။ လက်ဘယ်နှစ်ကြောင်း ထောင်သလဲ၊ ဆိုခိုင်ပြီး ရိုက်တယ်။ အမေစုပုံ တက်တူးထိုးတာလို့လည်း သီးသန့်ခေါ်ပြီး ရိုက်တယ်။ ငါတို့ကို စစ်ခွေး ခေါ်တာ။ ငါတို့က စစ်ခွေးဆိုတော့ ခွေးဆိုတာက ကိုက်တတ်တယ်လို့ ပြောပြောပြီးတော့ ရိုက်တာ။ အမျိုးမျိုးပေါက်ကရတွေ ဆဲတယ်။ သူတို့ခိုင်းတာကို လုပ်လည်း ရိုက်တယ်။ မလုပ်လည်း ရိုက်တယ်။ သူတို့က အမြဲတမ်းရိုက်တယ်” ဟု ရိုက်နှက်ခံခဲ့ရသူ အမျိုးသားက ပြောသည်။

ယောက်ျားလေးများကို အင်္ကျီချွတ်ခိုင်းပြီး ခေါင်းပေါ်လက်တင်၍ ခေါင်းငုံ့နေသည့်အနေအထားဖြင့် ဒူးထောက်ခိုင်းကာ စစ်သား ၁၀ ယောက်က တရစပ် မနားတမ်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ခေါင်းကမော့သွားရင် ငုံ့ထား၊ ငုံ့ထားလို့ ခိုင်းတယ်။ သူတို့မျက်နှာမြင်မှာ ကြောက်လို့။ ကျွန်တော်တို့က ခြေထောက်ညောင်းတာ မခံနိုင်တော့တဲ့အတွက်ကြောင့် ရိုက်ရင်လည်း ရိုက်ပလေ့စေပြီးပြီး လဲကျတယ်။ တန်းစီပြီးထိုင်ခိုင်းတယ်။ သူတို့က ဟိုဘက် ဒီဘက် ခေါက်တုံ့ခေါက်ပြန်သွားပြီး ရိုက်တာ။ အခန်းထဲမှာရှိနေတုန်း တောက်လျှောက်ရိုက်တယ်” ဟု ၎င်းက အမျိုးသားက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူများအနက် ရာဘာကျည်ထိမှန် ထိမှန်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးကိုသာ တပ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ပြီး အခြားသူအားလုံးကို မြိတ်မြို့လေဆိပ်အနီးရှိ လေတပ်အတွင်းခေါ်ဆောင်ကာ ညှင်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဖမ်းဆီးခံရသူအများစုမှာ ကျောင်းသားဖြစ်ပြီး မြတ်မြို့ရဲတပ်ဖွဲ့ဝင်များက မရိုက်နှက်ပြောဆိုခဲ့သော်လည်း စစ်သားများက မရမက တရစပ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။

"သူတို့ပြောတာက နေပြည်တော်ကလာတာလို့ ပြောတယ်။ လာဖမ်းတဲ့အချိန်မှာ မြိတ်ကရဲတွေပါတယ်။ မြိတ်ကရဲတွေက ကျောင်းသားတွေကို မရိုက်ဖို့ပြောတယ်။ ဖမ်းဖို့ နေပြည်တော်ကလာတယ်ဆိုပြီး စစ်သားတွေက ရိုက်တာ" ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

အကြမ်းဖက်ဖြိုခွင်းခံရစဉ်က ဆန္ဒပြလူငယ်များသည် ရပ်ကွက်နေအိမ်များအတွင်း ပြေးဝင်ပုန်းခိုခဲ့ကြသော်လည်း စစ်ကောင်စီလက်နက်ကိုင်များက သေနတ်များပစ်ခတ်ကာ အကြမ်းပတမ်း လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

နေအိမ်များအတွင် ထိုသို့ပုန်းခိုနေစဉ် လက်နက်ကိုင်တပ်ဖွဲ့များက အိမ်တံခါးကို ကန်ဖွင့်လျက် ရာဘာကျည်ဖြင့် ၃ ပေအကွာမှ ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

“အိမ်ထဲမှာပုန်းနေရင်းနဲ့ကို တံခါးကို ကန်ဖွင့်ပြီး အနီးကပ် ရာဘာကျည်နဲ့ နှစ်ချက် လည်ပင်းကိုချိန်ပြီး ပစ်လိုက်တာပါ။ အပေါက် လေးပေါက်ပါ။ အဲဒီကောင်တွေ (စစ်တပ်နဲ့ရဲ)က အိမ်ရှင်တွေကိုပါ ဖမ်းသွားတာပါ”ဟု ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ပြောသည်။

 

ဖမ်းဆီးခံရသည့် မိန်းကလေးများကို အော်ဟစ်ကာ "နင်တို့တွေကို ငါတို့ ကြိုက်သလို လုပ်လို့ရတယ်။ ထောင် ၆ လအထိ ချပစ်လိုက်လို့ရတယ်လို့ ခြိမ်းခြောက်တယ်" ဟု ဖမ်းဆီး ခံခဲ့ရသူအမျိုးငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

ဖမ်းဆီးခံရသူများတွင် အသက်မပြည့်သေးသူများလည်းပါရှိရာ စစ်သားများက "နင်တို့ အသက်တွေက ငယ်သေးတယ်၊ ဒီမိုကရေစီဆိုတာ ဘာလဲသိလို့လား" ဟု မေးမြန်းပြောဆိုခဲ့ကြောင်းလည်း အဆိုပါအမျိုးသမီးက ဆိုသည်။

နေအိမ်များအတွင်း ပုန်းခိုနေစဉ် အကြမ်းပတမ်းဝင်ရောက်ဖမ်းဆီးစဉ်က မိန်းကလေးအချို့ ရိုက်နှက်ခံရသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

"မိန်းကလေးတစ်ယောက်ကို သေနတ်နဲ့ထုတာ ခေါင်းကွဲသွားတယ်။ လေးချက် ချုပ်လိုက်ရတယ်။ နောက် မိန်းကလေးတစ်ယောက်ကို မျက်နှာကို ခြေထောက်နဲ့ ပိတ်ကန်လိုက်တာ။ မျက်နှာ ဖူးယောင်သွားတယ်" ဟု အထက်ပါ အမျိုးသမီးငယ်က ပြောသည်။

၎င်းတို့ကို ပြန်လွှတ်ပေးချိန်တွင် "နိုင်ငံရေးက နင်တို့လူငယ်တွေနဲ့ မဆိုင်ဘူး။ ထပ်လုပ်ရင် ထောင်တစ်ခါတည်း ချမှာလို့" ဟု စစ်သားများက ပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။

"ပြန်ကောင်းသွားရင် ထပ်လုပ်လို့ရတဲ့နေရာ အကုန်လုပ်မှာ။ ဒီပွဲက ရှုံးလို့မရဘူး။ အားလျှော့လို့လည်း မရဘူး။ အာဏာရှင်စနစ် စတင်ကတည်းက သူတို့စိတ်ကြိုက် သူတို့ပါးစပ်ထဲက ပုဒ်မတွေနဲ့ အကုန်လုပ်တာ။ အဲဒီစနစ်ကြီးကို မကြိုက်တာ။ အခု ညီမတို့က အင်တာနက်တောင် အကန့်အသတ်နဲ့ သုံးနေရတာ။ ကိုဗစ်တောင် ဒီလောက်မဆိုးဘူး။ အာဏာရှင်စနစ်က ပိုဆိုးနေတာ" ဟုလည်း အဆိုပါအမျိုသမီးငယ်က ပြောသည်။

ဖမ်းဆီးခံရသူများအနက် မိန်းကလေး ၆ ယောက်နှင့် ယောက်ျားလေး ၂၉ ယောက်ကျန်ရှိခဲ့ပြီး ၎င်းတို့ကို ပုဒ်မ မတပ်ဘဲ ထောင်တစ်လချလိုက်သည်ဟု အဆိုပါ အမျိုးသမီးငယ်က ပြောကြားသော်လည်း မြိတ်မြို့ ဖမ်းဆီးခံရသူများအနက် ပြန်လည်လွတ်မြောက်လာသူ အရေအတွက်နှင့် ဆက်လက်ထိန်းသိမ်းခံထားရ သူအရေအတွက်ကိုမူ အတိအကျ မသိရသေးပေ။

ဖမ်းဆီးခံခဲ့ရသူများအနက် မြိတ်မြို့အကျဉ်းထောင်သို့ ပို့ဆောင်ခံရသူများ ရှိသည့်နည်းတူ တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိဘများက လာရောက်ထုတ်ယူသဖြင့် ပြန်လည်လွတ်မြောက်လာသူများလည်း ရှိသည်။

“ခံဝန်ကတိထိုးရတယ်။ နောက်တစ်ခါမလုပ်တော့ဘူးဆိုတဲ့အကြောင်း။ တကယ်လို့ ဒုတိယအကြမ်းဖမ်းမိတယ်ဆိုလို့ရှိရင် အလောင်းပဲပြန်ရမယ်ဆိုတဲ့ အကြောင်းပြောတယ်” ဟု အချက်ပေါင်းများစွာ ရိုက်နှက်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ အမျိုးသားက ပြောသည်။

ကျန်းမာရေးအခြေအနေရ ခေတ္တနားရန်လိုအပ်သော်လည်း အာဏာရှင်တော်လှန်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဆိုသော အဆိုပါအမျိုးသားက အရေးတော်ပုံအောင်မြင်အောင် လုပ်ဆောင်ကြရန်နှင့် စစ်တပ်လက်ထဲ အဖမ်းမခံကြရန်လည်း ဆန္ဒပြပြည်သူများကို တိုက်တွန်းသည်။ 

“တကယ်လို့ ဖမ်းမိခဲ့မယ်ဆိုရင် သူတို့က မတရားရိုက်တာ။ သေအောင်ရိုက်တာ။ လုံးဝ လူစိတ်မရှိဘူး။ သူတို့က လက်နက်အားကိုးနဲ့၊ ကျွန်တော်တို့မှာ လက်နက်မှရှိတော့ ခေါင်းငုံ့ခံရတယ်။ လုံးဝ မကျေနပ်ဘူး။ အိမ်ကအဖေ၊ အမေကတောင် တစ်ခါမှ မရိုက်ဖူးဘူး။ တကယ့်ရက်ရက်စက်စက်ပေါ့။ အရင်တုန်းကဆို ဒီလိုနှိပ်စက်တာတွေကို ရုပ်ရှင်ထဲမှာပဲ ကြည့်ဖူးတာ။ တကယ်ခံစားရတယ်။ လုံးဝမကျေနပ်ဘူး။ အရေးတော်ပုံ အောင်မှဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading