ဖမ်းဆီးခံရသူစုစုပေါင်း ၁၀၀ ကျော်တွင် အမျိုးသမီးငယ်အများစုပါဝင်ပြီး အချုပ်ကား ၃ စီးဖြင့် အောင်မင်္ဂလာကားကြီးဝန်းအနီး ထောက်လှမ်းရေးတပ်သို့ ခေါ်ဆောင်သွားသည်ဟု မြို့ခံများက ဆိုသည်
မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအနီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က ယနေ့(မတ် ၁၀) နံနက် ၁၀ ခွဲခန့်တွင် အင်အားသုံးဖြိုခွင်းခဲ့ပြီး လူငယ် ၁၀၀ ကျော်ဖမ်းဆီးခဲ့ကြောင်း မျက်မြင်များက ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က အင်အားသုံးပစ်ခတ်ဖမ်းဆီးခြင်းကြောင့် လူငယ်အများအပြား သည် ကန်သာယာပန်းခြံနှင့် စိန်ဂေဟာဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်ခိုလုံချိန်တွင် အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများလွတ်မြောက်ရန် ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သူ မြောက်ဥက္ကလာပမြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။
“ဝင်ပြီးဖြိုခွဲတဲ့အချိန်မှာ စိတ်ဂေဟာထဲကိုပြေးတာ။ ပြေးတဲ့အချိန်မှာ စိန်ဂေဟာထဲကို ဝင်သမျှကလေးတွေကို အကုန်လုံးကို ဖမ်းမိသလိုဖြစ်သွားတာ။ ကလေးတွေဖမ်းမိသွားတဲ့အချိန်မှာ ကလေးတွေအားလုံးကို ဒူးထောက်ပြီး၊ လက်ခေါင်းပေါ်တင်ခိုင်းပြီး ပါးတွေရိုက်တယ်ခင်ဗျ” ဟု အဆိုပါမြို့ခံက Myanmar Now ကို ပြောသည်။
ဖမ်းဆီးခံသူအရေအတွက်အတိအကျကို သီးခြားအတည်မပြုနိုင်သော်လည်း ဖမ်းဆီးခံရသူ ၁၀၀ မှ ၂၀၀ အတွင်းရှိနိုင်ပြီး အချုပ်ကား ၃ စီးဖြင့်ခေါ်ဆောင်သွားသည်ကိုတွေ့ရကြောင်း မြို့ခံများက ဆိုသည်။


ဖမ်းဆီးခံရသည့်လူငယ်များအနက် အမျိုးသမီးအများအပြားပါဝင်ပြီး Myanmar Now က ကြည့်ရှုခွင့်ရ သည့် ရုပ်သံမှတ်တမ်းများအရ ဖမ်းဆီးထားသည်များကို ကန်သာယာပန်းခြံထဲအတွင်း နှစ်ယောက်တစ်တွဲ စီတန်းခိုင်းနေသည်ကို တွေ့ရှိရသည်။
ယနေ့တွင် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာသပိတ်ကို လူငယ်များဦးဆောင်ကျင်းပခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က အင်အား ၁၅၀ ကျော်ဖြင့် ဗွေဆော်ဦး ဖြိုခွင်းခဲ့ပြီး လူငယ်အများအပြား ဖမ်းဆီးပြီးနောက် စစ်တပ်နှင့် ရဲအင်အား ၁၀၀ ကျော် ထပ်မံဖြင့်တင်းခဲ့ကြောင်း မြို့ခံများက ဆိုသည်။


မနက်ပိုင်းတွင် ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ရော်ဘာကျည်နှင့် မျက်ရည်ယိုဗုံး ထိမှန်သူအများအပြားလည်း ရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သူမှာ ဆီးအိမ်ကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဆေးကုသမှုပေးထားသည်ဟု မြို့ခံများက ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့သည် ကန်သာယာပန်းခြံအနီး ဥဇ္ဇနာလမ်းပေါ်ရှိ နေအိမ်မျာပေါ်သို့ တက်၍ ပုန်းခိုနေသူများကိုဖမ်းဆီးသည့်အပြင် အိမ်ရှင်များကိုလည်း ရိုက်နှက်ဖမ်းဆီးသွားသည်ဟု အဆိုပါလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ဒလန်တွေရဲ့ပြောဆိုမှုကြောင့် အိမ်တွေထိပါ လိုက်ပြီးဖမ်းဆီးတာတွေ တော်တော်များတယ်” ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရန် ကန်သာယာမီးပွိုင်တွင် မြို့ခံပြည်သူများက လက်များမြောက်၍ ဝိုင်းဝန်းတောင်းဆိုလာချိန်တွင် ရဲနှင့် စစ်တပ်က ရော်ဘာကျည်၊ မီးခိုးဗုံး၊ အသံဗုံးများဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့ကြောင်း လူမှုကွန်ရက် တိုက်ရိုက်တင်ဆက်နေသည့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။
ပစ်ခတ်ဖြိုခွင့်မှုများရှိသော်လည်း ပြည်သူလူထုအနေဖြင့် ရသည့်နည်းဖြင့် ကြံ့ကြံ့ခံ တောင်းဆိုခြင်းကြောင့် နေလယ် ၂ နာရီကျော်အထိ အခြေအနေတင်းမာခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက လူထုကြား မျက်ရည်ယိုဗုံးအများအပြားပစ်ဖောင်ရှင်းလင်းပြီး ဖမ်းဆီးထားသူများကို ခေါ်ဆောင်သွားခဲ့သည်။
အဖမ်းဆီခံရသည့် လူငယ်များကို အောင်မင်္ဂလာအဝေးပြေးကွင်းအနီးရှိ စစ်ထောက်လှမ်းရေး တပ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ယင်းတပ်အနီးရှိ ပြည်သူများက ဖမ်းဆီးထားသူများပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုခဲ့ရာ လက်နက်ကိုင်များက သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း မြို့ခံများက ဆိုသည်။
မြောက်ဥက္ကလာမြို့နယ်တွင် မတ် ၃ က စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စခန်းများ အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် လူ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိသည်ဟု မြို့နယ် အခြေစိုက်လှုမှုကူညီရေးအသင်းများထံမှ သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








