ရန်ကုန် - မိုးအကုန်ဆောင်းအကူးနေ့အပူရှိန်က နွေကာလမွန်းတည့်နေလို ပြင်းထန်လွန်းပေမယ့် ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်ကလမ်းတွေပေါ် လျှောက်သွားနေကြတဲ့ အပြာရောင်တီရှပ်ဝတ် လူငယ်တစ်စုကတော့ ရာသီဥတုကို အမှုမထားနိုင်ဘဲ အလုပ်ရူပ်နေကြပါတယ်။
“ကျွန်ုပ်တို့အနာဂတ်ကိုပြောင်းလဲစေနိုင်သော ရွေးကောက်ပွဲကြီး မကြာမီ ကျင်းပတော့မည်" လို့ အသားလတ်လတ်၊ အရပ်ရှည်ရှည်လူငယ်တစ်ဦးက လက်ကိုင်အော်လံကတစ်ဆင့် အသံခပ်မှန်မှန်နဲ့ နှိုးဆော်နေပါတယ်။

"မဲစာရင်းတွင် မိမိတို့အမည်ပါမှသာလျှင် မဲပေးခွင့်ရှိမည်ဖြစ်သည့်အတွက် မဲစာရင်းများကို ကြည့်ရူစစ်ဆေးပေးပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်” ဆိုတဲ့ သူ့အသံက လှိုင်သာယာရဲ့ လူအစည်ကားဆုံး မီးခွက်စျေး ကားမှတ်တိုင်နားတဝိုက် ပျံ့လွင့်နေပါတယ်။
သူတို့ရဲ့ တီရှပ်မှာတော့“ကမ္ဘာကြီးကိုတောင်ပြောင်းလဲနိုင်တဲ့ လူငယ်တွေ”ဆိုတဲ့ စာတန်းကို အင်္ဂလိပ် ဘာသာနဲ့ ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။ သူတို့က နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲထည့်ဖို့၊ မဲစာရင်းစစ်ကြဖို့အတွက် လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတွေကို လိုက်လံနှိုးဆော်နေကြတာပါ။


မြန်မာပြည်မှာ ရွေ့ပြောင်းအလုပ်သမားတွေ အများဆုံး နေထိုင်ကြတဲ့၊ ၂ဝဝ၈ နာဂစ်မုန်တိုင်းဒဏ် ခံရအပြီး ရန်ကုန်ဘက် ရွေ့ပြောင်းလာသူတွေ အများစု ရှိနေကြတဲ့ လှိုင်သာယာဟာ မဲစာရင်းမှားယွင်းမှုများတဲ့ ရန်ကုန်ရဲ့မြိုနယ်တစ်ခုပါပဲ။ မဲစာရင်း ပုံမှန်မဟုတ်ခြင်းကြောင့် ဒီမြို့နယ်က ထောင်သောင်းချီတဲ့ဒေသခံများ၊ နိုင်ငံတလွှားက ပြည်သူအများအပြား မဲပေးခွင့် ဆုံးရှုံးသွားနိုင်တဲ့အလားအလာ ရှိနေပါပြီ။
အဲဒီလိုမဲပေးခွင့် ဆုံးရှုံးသွားကြမှာကို စိုးရိမ်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံပါတီအမတ်လောင်းတွေက မဲဆန္ဒရှင်များကို သူ့တို့ရဲ့ကိုယ်ရေးအချက်အလက်တွေ မဲစာရင်းမှာ မှန်မှန်ကန်ကန် ဖော်ပြထားခြင်း ရှိမရှိ သွားစစ်ဆေးကြဖို့ လှုံ့ဆော်တိုက်တွန်းနေကြပါတယ်။ သို့သော်လည်း မဲစာရင်း စစ်ဆေးဖို့၊ အမှားပြင်စေဖို့ အချိန်က ကုန်လွယ်လွန်း၊ မဲစာရင်းမှန်ဖြစ်ရေးလုပ်ငန်းက အဆင့်ဆင့်၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေအပေါ် စိတ်ဝင်စားမှုက ပိုပိုပြီးနည်းပါးလာနေပါတယ်။


“ လူအများစုက မဲပေးခွင့်ရှိလျက်သားနဲ့ မဲမပေးနိုင်မှာကို အင်မတန်စိုးရိမ်ပါတယ်ဗျာ” လို့ လှိုင်သာယာမှာ ဝင်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အမတ်လောင်းတစ်ဦးဖြစ်သူ ဒေါက်တာသန်းမြင့်က နေ့ခင်းနေပူပူအောက်မှာ မျက်နှာပေါ်က စီးကျနေတဲ့ ချွေးစတွေကို လက်ခုံနဲ့သုတ်ရင်း ပြောလိုက်တယ်။
မဲစာရင်းမှာ ပါဝင်သူများအနက် ထက်ဝက်ကျော်လောက်က မြို့နယ်အတွင်းကနေ ပြောင်းရွေ့သွားကြပြီလို့ သူက ကျယ်ကျယ်လောင်လောင် ဖွင့်ထားတဲ့ မဲဆွယ်သီချင်းသံတွေကြားထဲကနေ အော်ပြောပါတယ်။
ကိုယ်ရေးအချက်အလက် မှားယွင်းနေ၊ သေဆုံးပြီးသူတွေနဲ့ မဲပေးခွင့်မရှိသူတွေရဲ့ အမည်တွေ ပါဝင်နေတဲ့ မဲစာရင်းနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာသာမက ပင်မရေစီးမီဒီယာတွေမှာလည်း ဝေဖန်ပြစ်တင်သံ သောသောညံနေပါပြီ။
ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းအမှားအတွက် သူတို့အသုံးပြုမိတဲ့ ကွန်ပြူတာပရိုဂရမ်ကို အပြစ်ဖို့သလို မဲစာရင်းအဆင်ပြေဖို့ ကိုယ့်အမည်၊ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်မှန်ကန်ကန် ဖြစ်မဖြစ် စစ်ဆေးဖို့ မဲဆန္ဒရှင်တွေမှာ တာဝန်ရှိတယ်လို့ တုန့်ပြန်ပါတယ်။
အမျိုးသားလွှတ်တော် အတွက် ဝင်ပြိုင်မယ့် NLD အမတ်လောင်း ဦးအေးဗိုလ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲဆန္ဒရှင်တွေကို မဲပေးဖို့စိတ်ပျက်သွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတာဖြစ်နိုင်တယ်လို့ ယူဆနေသူပါ။
“ပြည်သူလူထုကို မဲပေးတဲ့အချိန်မှာ စိတ်ပျက်အောင်လုပ်ထားတယ်။ ရိုးသားတဲ့ပုံတော့ မပေါ်ဘူး” လို့ ဦးအေးဗိုလ်က ပြောပါတယ်။
လှိုင်သာယာမှာ တွေ့ခဲ့ရတဲ့ဒေသခံတွေကတော့ မဲစာရင်းမှားယွင်းမှုကိစ္စမှာ စိုးရိမ်နေကြတာတွေ ရှိသလို အစိုးရနဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေအပေါ် ယုံကြည်ချက် အကြီးအကျယ် ကင်းမဲ့တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်သူတွေလည်း ရှိပါတယ်။
“မဲစာရင်းမှာ လူသေတွေပဲ ပါတယ်။ ရှင်နေတဲ့လူတွေတော့ မပါဘူး။ အဲဒီတော့ သွားကြည့်လည်း ဘာမှထူးမှာမဟုတ်ဘူး” လို့ အသက် ၃ဝ နီးပါး ရှိပြီဖြစ်တဲ့ မမိုးမိုးမြင့်က စျေးဆိုင်တစ်ဆိုင်မှာ စျေးဝယ်နေရင်းက မှတ်ချက်ချပါတယ်။
ပထမအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာ ပါဝင်တဲ့ လှိုင်သာယာ(၇)ရပ်ကွက်က ဦးအောင်သိန်းမြင့်တို့ မိသားစုရဲ့ အမည်တွေဟာ ဒုအကြိမ်မှာတော့ ပါမလာပါဘူး။ သို့သော်လည်း သူတို့ကတော့ မဲပေးခွင့်ရအောင် အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ ပြောပါတယ်။
“၁၉၉ဝတုန်းကလည်း (မဲ)ပေးဖူးတယ်။ မှတ်ပုံတင်ပြပြီး ပေးလိုက်တာပဲ။ ၂ဝ၁ဝတုန်းကလည်း မဲစာရင်းပါတယ်။ အခုဟာကြီးကတော့ကွာ … ရူပ်ယှက်ခတ်နေတာပဲ” လို့လည်း သူက စိတ်ပျက်လက်ပျက် ညည်းညူလိုက်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူများ မဲပေးခွင့်
ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်း သွားရောက် စစ်ဆေးခြင်း၊ မစစ်ဆေးခြင်းဟာ မဲဆန္ဒရှင်တွေရဲ့သဘောပါပဲ လို့ ပြောထားပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးရဲ့ ပြောဆိုတာတွေထဲမှာတော့ မဲဆန္ဒရှင်တွေက မဲစာရင်းကို လိုလိုလားလား သွားမစစ်ကြတဲ့အတွက် နိုင်ငံတဝန်းလုံး မဲစာရင်း မှန်ကန်ရေးအတွက် ၃ဝ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ် ဆိုတဲ့အချက် ပါဝင်ပါတယ်။
မဲစာရင်း ပြင်ဆင်လိုတယ် ဆိုရင်တော့ ပြင်ပေးဖို့ လျှောက်လွှာတင် တောင်းဆိုနိုင်တဲ့ အချိန်ကလည်း စက်တင်ဘာ ၂၇ မှာ ကုန်ဆုံးသွားပါပြီ။ သို့သော်လည်း ရွှေ့ပြောင်းသွားလာ နေထိုင်သူတွေ မဲပေးနိုင်ဖို့ကိုတော့ အောက်တိုဘာ ၁ဝ ရက်နေ့အထိ လမ်းဖွင့်ပေးထားပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာ တွေ့ရမှာပါ။
မြန်မာပြည် နေရာအသီးသီးမှာ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်က များသည်ထက် များလာပါပြီ။ လက်ရှိနေရာသစ်မှာ ရက်ပေါင်း ၁၈ဝ နေထိုင်ပြီးသူဆိုရင် အဲဒီရပ်ကွက်၊ ကျေးရွာမှာ သေချာပေါက် မဲပေးနိုင်တဲ့ အခွင့်အရေးရမယ့်သဘောပါ။ မဲပေးခွင့် လျှောက်ခြင်းအတွက် ရုံးအဝင်အထွက်လုပ်ရတာတွေ၊ လျှောက်လွှာမှာလိုအပ်ချက်တွေ ဖြည့်စွက်ရတာမျိုးလို စာရွက်စာတမ်း ကိစ္စတွေကို ကျော်ဖြတ်ရပါမယ်။ ရုံးကိစ္စ၊ စာရွက်စာတမ်းကိစ္စတွေကိုတော့ ရုံးဝန်ထမ်းအသိုင်းအဝန်းက မဟုတ်သူ အရပ်သား အများအပြားက တတ်နိုင်သမျှ ရှောင်ရှားလိုပြီး ဝန်ထုပ်ဝန်ပိုးအဖြစ် သဘောထားကြပါတယ်။
မဲပေးခွင့်ရရေး လျှောက်လွှာတင်တဲ့အခါ နေရာသစ်မှာ ရက်ပေါင်း ၁၈ဝ နေထိုင်ပြီးသူဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။ လျှောက်လွှာတင်တာ အဆင်မပြေဘူး၊ မပြည့်စုံဘူး၊ နေရာသစ်ရဲ့ အုပ်ချုပ်ရေးမှူးရုံးက ပူးပေါင်းဆောင်ရွက်မှု မရှိဘူး ဆိုရင်တော့ မဲပေးချင်တဲ့ အဲဒီ ရွှေ့ပြောင်းနေထိုင်သူ မဲဆန္ဒရှင်ဟာ သူ့ရဲ့အိမ်ထောင်စုစာရင်းရှိရာ နေရာဟောင်းတစ်ခုခုကို ပြန်သွားရပါမယ်။ နေရာဟောင်းရဲ့မဲစာရင်းမှာ သူ့အမည်ပါဝင်မယ်ဆိုရင်တော့ သူ မဲပေးခွင့်ရမှာပါ။
လှိုင်သာယာလူထုကို လှုံ့ဆော်တဲ့ လူငယ်များရဲ့ အဓိက တိုက်တွန်းချက်ကတော့ မဲစာရင်းကြည့်ရေး၊ ရွေးကောက်ပွဲနေ့မှာ မဲပေးကြရေး ဖြစ်ကြောင်း ကဗျာဆရာ ကိုဆောင်းခက ပြောပါတယ်။
“ ပြည်သူတွေက ရွေးကောက်ပွဲတွေ ကြုံခဲ့ဖူးတယ်လေ။ ရှေ့ကလုပ်တဲ့ရွေးကောက်ပွဲတွေက နိုင်ငံရဲ့ အပြောင်းအလဲကို ခေါ်ဆောင်မသွားနိုင်တဲ့အခါမှာ ရွေးကောက်ပွဲကို လူတွေက အယုံအကြည် မရှိတော့ဘူး” လို့ ကဗျာဆရာက မဲစာရင်းကြည့်ဖို့ လှုံ့ဆော်တဲ့စာသားပါ ကပ်ခွာစက္ကူကို လမ်းမီးတိုင်တစ်ခုမှာကပ်ရင်း သုံးသပ်ပါတယ်။
ယုံကြည်မှု
လူဟောင်းထွက်၊ လူသစ်ဝင်မှု များပြားတဲ့ လှိုင်သာယာလို့ ဆင်ခြေဖုံးဒေသမျိုးမှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းဟာ တိကျမှန်ကန်ဖို့ ပိုခက်ခဲပါလိမ့်မယ်။
စက်ရုံအလုပ်ရုံအများအပြားရှိတဲ့ လှိုင်သာယာမှာ ရွေ့ပြောင်းနေထိုင်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အာဏာရှင်အစိုးရ အဆက်ဆက် လက်ထက် မြေယာသိမ်းဆည်းမှုတွေကြောင့် နေထိုင်စရာမရှိတော့ဘဲ ကျူးကျော်လို့ အမည်ဆိုး ပေးခံထားရသူတွေဟာ လူဦးရေရဲ့ ထက်ဝက်ကျော်လောက် ရှိနေကြောင်း ဒေသခံတွေက ခန့်မှန်းပါတယ်။
ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က မဲပေးခွင့်လျှောက်လွှာတင်ကြပြီးရင်တော့ လှိုင်သာယာ နယ်မြေမှာ မဲဆန္ဒရှင် ၅သိန်းလောက်ထိ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
မဲစာရင်းနဲ့ ပတ်သက်တဲ့ ပြဿနာ နေရာတိုင်းမှာ ဖြစ်နေတယ် ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ သူက ပယ်ချပါတယ်။
ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်သူတွေရှိတဲ့ လူနေရပ်ကွက်တွေကို မဲစာရင်းအတွက်သွားရောက်ကြတယ်၊ သို့သော်လည်း ဒေသခံတွေဟာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်စားတာမျိုး မရှိရုံတင်မက စာရင်းကောက်၊ စစ်တမ်းကောက်တဲ့ အာဏာပိုင်တွေကိုပါ ရန်ပြုတာမျိုးနဲ့ ကြုံရတယ်လို့ သူက ရှင်းပြပါတယ်။
ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းရဲကျော်စွာမြင့်ကတော့ ရွှေ့ပြောင်းနေထိုင်သူတွေရင်ဆိုင်ရမယ့် မဲစာရင်းဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က စိတ်ဝင်စားမှု နည်းနေတယ်လို့ သုံးသပ်ပါတယ်။
"ရွေးကောက်ပွဲကော်မရှင်ဟာ ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေ ချမှတ်ဖြေရှင်းတာမျိုး ခုထိတော့ မတွေ့ရသေးပါဘူး" လို့ ကိုစိုင်းရဲကျော်စွာမြင့်က ရှင်းပြပါတယ်။
"ကျွန်တော်တို့မေးတော့ သူတို့ဒေသတွေမှာ သန်းခေါင်စာရင်းတွေရှိတယ်လို့ပဲ ကော်မရှင်က အမြဲပြောတယ်"
မဲစာရင်းကြည့်ကြဖို့အတွက် လှိုင်သာယာမှာ လှုံ့ဆော်နေတဲ့ အပြာရောင်တီရှပ်ဝတ်လူငယ်တွေ ရွေးချယ်ထားတဲ့ နေရာတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမား အများစု တည်ရှိရာ ရွှေပြည်သာ၊ မှော်ဘီ၊ ဒလမြို့နယ်တွေ ပါဝင်ပါတယ်။ ဒီဒေသတွေမှာကပ်ဖို့ မဲစာရင်းကြည့်ရေး လှုံ့ဆော်စာတန်းပါ ကပ်ခွာစာရွက် ၁၂,ဝဝဝ ရိုက်နှိပ်ထားတယ်လို့ ကဗျာဆရာကိုဆောင်းခရဲ့ ရှင်းပြချက်အရ သိရပါတယ်။
“ကျွန်တော်တို့က ဒါကိုဘာလို့လုပ်လဲ ဆိုတော့ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိလို့ လုပ်တာ။ သူတို့ကို စိတ်မချတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပြည်သူ သိအောင်လုပ်တာ။ ပြည်သူတွေ သိရင်တော့ ရွေးကောက်ပွဲကော်မရှင် လိမ်ရခက်တာပေါ့” လို့ ကဗျာဆရာက မော်တော်ယာဉ်တွေ၊ အနှေးယာဉ်တွေကြား ကားတစ်စင်းရဲ့မှန်ပေါ်ကို ကပ်ခွာစက္ကူတစ်ခု ကပ်လိုက်ရင်း ပြောလိုက်ပါတယ်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









