စမ်းချောင်းမြို့နယ် ပိတ်မိနေခဲ့ခြင်း 

စစ်ကောင်စီလက်နက်ကိုင်များရန်မှ လွတ်မြောက်ရန် အသက်လုပြေးလွှားရင်း စမ်းချောင်းမြို့နယ်အတွင်း နာရီပေါင်းများစွာ ပိတ်မိနေခဲ့သူ ရာနှင့်ချီရှိပြီး အတိအကျမသိရသေးသော်လည်း ဖမ်းဆီးခံခဲ့ရသူ အများ အပြားရှိကာ ပိတ်မိနေသူအများစုသည် နံနက်မိုးလင်းကာနီးအချိန်မှ ပြန်လည်လွတ်မြောက်နိုင်ခဲ့ကြသည်

Published on Mar 9, 2021
စမ်းချောင်းမြို့နယ် မအူပင်လမ်းတွင် ယမန်နေ့ညပိုင်းက အရပ်သားပြည်သူတစ်ဦး ဖမ်းဆီးခံခဲ့ ရစဉ်။ 
စမ်းချောင်းမြို့နယ် မအူပင်လမ်းတွင် ယမန်နေ့ညပိုင်းက အရပ်သားပြည်သူတစ်ဦး ဖမ်းဆီးခံခဲ့ ရစဉ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ အားကောင်းရာ မြို့နယ်တစ်ခုဖြစ်သော စမ်းချောင်းတွင် ဖြစ်သည်။ တနင်္လာနေ့ (မတ် ၈) နံနက်စောစောက ဒိုင်းကာများ၊ ဦးထုပ်များ ဆောင်းလျက် ဆန္ဒပြလူငယ်များ ထွက်လာကြသည်။ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်ဖော်ရန် ထွက်လာကြခြင်းဖြစ်သည်။ ခါတိုင်းနေ့များ နည်းတူ သပိတ်စစ်ကြောင်းထွက်ရန် လူစုကြသည်။ 

သို့သော် လူငယ်များလမ်းပေါ်ရောက်သည်နှင့် တစ်ပြိုင်နက် စစ်တပ်နှင့် ရဲများက သူတို့ကို လိုက်လံဖမ်းဆီးတော့ သည်။ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့်လည်း ပစ်ခတ်ဖြိုခွင်းလေသည်။ ဆန္ဒပြလူငယ်များလည်း နီးစပ် ရာရပ်ကွက်အတွင်း ဝင်ရောက်ပြေးလွှားရင်း နေအိမ်တိုက်ခန်းပိုင်ရှင်များကို တိုးလျှိုးတောင်းပန်ကာ ပုန်းခိုကြရတော့သည်။ 

အည်းငယ်ငြိမ်သက်သွားချိန် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆန္ဒထုတ်ဖော်နိုင်ရန် အပြင်ပြန်ထွက်လာကြသည်။ စစ်တပ်နှင့် ရဲများကလည်း အလွတ်မပေးဘဲ နောက်တစ်ကြိမ် လိုက်လံဖမ်းဆီး ပြန်သည်။ ဆန္ဒပြလူငယ်များလည်း နောက်တစ်ကြိမ် ဝင်ရောက်ပုန်းခိုကြရပြန်သည်။ 

ထိုသို့ အကြိမ်းအနည်းငယ်မျှ ထွက်လာလိုက် လိုက်လံဖမ်းဆီးလိုက်ဖြစ်ပွားပြီးနောက် စစ်တပ်နှင့် ရဲများက ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကြားရှိ ရပ်ကွက်တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်တော့သည်။ လမ်းသွယ်များပါ မကျန် ပိတ်ဆို့ခံလိုက်ရသောအချိန်သည် နေ့ခင်း ၁၂ နာရီ ဝန်းကျင်ခန့်သာ ရှိသေးသည်။ ရာနှင့်ချီသော ပိတ်မိခဲ့သူများတွင် Myanmar Now သတင်းထောက်အချို့လည်း ပါဝင်ခဲ့သည်။ အချို့သောနေအိမ်များတွင် တိုက် ခန်းတစ်ခုတည်း၌ပင် လူ ၅၀ ခန့်ပင် ညပ်သိပ်ကာ ပိတ်မိနေခဲ့သည်။ 

ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် စစ်ကားများ၊ ရဲများ ထပ်မံရောက်ရှိလာကာ အင်အားဖြည့်တင်းလျက် ဝိုင်းဝန်း နေယူကာ ပို၍တင်းတင်းကြပ်ကပ် ပိတ်ဆို့တော့သည်။ အချိန်ကြာသည်နှင့်အမျှ ပိတ်မိနေသူများအတွက် စိုးရိမ်မှုများလည်း မြင့်တက်လာသည်။ 

ည ၈ နာရီ ဝန်းကျင်တွင် စစ်တပ်နှင့်ရဲများက ဧည့်စာရင်းစစ်မည်ဖြစ်ကြောင်း လော်စပီကားများဖြင့် အော်ဟစ် သတိပေးသည်။ နေအိမ်တွင် လူပိုလူလျှံများရှိပါ လာအပ်ရန်နှင့် အိမ်ထောင်စုစာရင်းပြင်ပ နေထိုင်သူများရှိပါက အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်းလည်း အော်ဟစ်ခြိမ်းခြောက်သည်။

မည်သည့်အိမ်ကမျှ လက်ခံထားသူများကို သွားအပ်ခြင်း မပြုကြပေ။ ညသည်မှောင်မိုက်သည်ထက်မှောင်မိုက် လာသည်။ စစ်တပ်နှင့် ရဲများကလည်း အင်အားအလုံးအရင်းဖြင့် နေရာယူပိတ်ဆို့ထားဆဲဖြစ်သည်။ ရာနှင့်ချီ သော ပိတ်မိနေသူများ ကံကြမ္မာ ရုတ်တရက်ထိတ်လန့်ခြောက်ခြားစရာ ဖြစ်လာသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်သံများ ပွက်လောညံလာသည်။ ရန်ကုန်ရှိ ကုလသမဂ္ဂရုံး အပါအဝင် အနောက်နိုင်ငံသံရုံးများကလည်း လက်နက်ကိုင်များအနေဖြင့် ပိတ်ဆို့ထားမှုကို အဆုံးသတ်ရန် ပိတ်မိနေသူများ အဖမ်းခံရခြင်းမရှိစေရန် လွတ်မြောက်စေရန် ညတွင်းခြင်း ကြေညာချက်များ ထုတ်ပြန်ကြ သည်။ စမ်းချောင်းတွင် ပိတ်မိနေသူများအတွက် စိုးရိမ်ပူပန်မှုများက လူမှုကွန်ရက်မှတဆင့် နိုင်ငံတကာအထိ ပင်ရောက်ရှိနေတော့သည်။

နာရီပေါင်းများစွာ ပိတ်မိနေသူများအတွက် ရန်ကုန်သည် ပူလာသည်။ ရန်ကုန်လူထုသည် ဆူလာသည်။ မြို့နယ် အသီးသီးရှိ ရန်ကုန်ပြည်သူများ လမ်းပေါ်ထွက်လာကာ စမ်းချောင်းကို ပိတ်ဆို့ထားသော လက်နက်ကိုင်များကို ဖိအားပေးတော့သည်။ 

ဝိုင်းဝန်းပိတ်ဆို့ထားသော လက်နက်ကိုင်များကလည်း နေအိမ်မီးများ ပိတ်ထားရန် အော်ဟစ်သတိပေးလျက်ရှိ သည့်နည်းတူ သေနတ်များအဆက်မပြတ် ပစ်ဖောက်လျက် ခြိမ်းခြောက်ကြသည်။ ထို့နောက်တွင် တချို့နေအိမ် များကို ဝင်ရောက်ရှာဖွေခဲ့သည်။ စမ်းချောင်းတွင် ယမန်နေ့ညပိုင်းက ပိတ်မိ နေခဲ့သော Myanmar Now သတင်း ထောက်များ၏ အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ဆန္ဒပြသပိတ်စစ်ကြောင်း နှင့်အနီးဆုံးဖြစ်သည့် ကျွန်းတောလမ်းတလျှောက်ရှိ နေအိမ်များကို သဲကြီးမဲကြီး ဝင်ရောက်ရှာဖွေခဲ့သည်ဟု သိရသည်။ 

“ပိတ်မိတဲ့လူအရေအတွက်က တိုက်ခန်းတစ်ခန်းထဲမှာကို လူ ၂၀-၃၀ ဝန်းကျင်ပိတ်မိတာတွေရှိတယ်။ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ အဝတ်အစားလဲပြီး ပြန်ထွက်သွားနိုင်တဲ့သူတွေလည်းရှိတယ်။ အများကြီးတော့ မပြန်နိုင်ဘူး။ ညက ပိတ်မိတဲ့သူစာရင်းကတော့ ရာနဲ့ချီရှိနိုင်တယ်” ဟု စမ်းချောင်းတွင် နာရီပေါင်းများစွာ ပိတ်မိ နေခဲ့သူ Myanmar Now သတင်းထောက်က ပြောသည်။ 

အဆိုပါ Myanmar Now သတင်းထောက်သည် စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ နေ့ခင်း ၁၂ နာရီမှ ယနေ့ (မတ် ၉) နံနက် ၃ နာရီကျော်အထိ ပိတ်မိနေခဲ့သူဖြစ်သည်။ 

ပုန်းအောင်းနေရာသို့ လာရောက်အစစ်အဆေး ခံခဲ့ရသော်လည်း ဖမ်းဆီးမခံရဘဲ လွတ်မြောက်လာသူများလည်း ရှိခဲ့သည်။ စတင်ပုန်းခိုစဉ်ကတည်းကပင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပါက မည်သို့တုံ့ပြန်ပြောကြားမည်ကို အိမ်ရှင်နှင့် တိုင်ပင်ထားခဲ့သည်ဟု ဝင်ရောက်စစ်ဆေးခံခဲ့ရသော်လည်း အဖမ်းမခံရဘဲ လွတ်မြောက်ခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

"ဧည့်စာရင်းစစ်မယ်၊ လူပိုလူလျှံရှိရင်လာအပ်လို့ကြေညာတော့ အိမ်ရှင်က တစ်ချက်တွေသွားတယ်။ လာစစ်ရင် အိမ်ရှင်ကို အထိအခိုက်မခံဘူး။ ကျွန်မတို့ပဲ အဖမ်းခံမယ်လို့ပြောတော့ အိမ်ရှင်ကလည်း ဘယ်သူ့မှ အပါမခံနိုင် ဘူးပြောပါတယ်။ ည ၁၁ လောက်မှာ ရဲတွေရောက်လာတယ်။ တိုင်ပင်ထားတဲ့အတိုင်းပဲပြောတယ်။ မိန်းကလေး တွေပဲဖြစ်လို့လားတော့ မသိဘူး၊ သိပ်ကျေနပ်ပုံမရပေမယ့် သူတို့ (ရဲများ) လှည့်ပြန်သွားတယ်" ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ 

၎င်းတို့ပုန်းခိုခဲ့သည့် အခန်းမှ မည်သူမျှ အဖမ်းမခံခဲ့ရသော်လည်း အနီးရှိ အခန်းတစ်ခန်းကို ဝင်ရောက်စစ်ဆေးပြီး နောက် အိမ်ရှင်အမျိုးသားနှင့် ၎င်း၏ သားနှစ်ဦးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုလည်း ၎င်းက ဆိုသည်။

“အတူတူပုန်းတဲ့သူတွေထဲမှာ အသက် ၁၆၊ ၁၇ အရွယ် ကလေးတွေလည်း ပါတယ်။ တစ်ညလုံးကတော့ တကယ့် ငရဲပဲ။ ကြောက်တာတော့ ကြောက်တယ်။ သူတို့က ပြေးလို့မရအောင်လုပ်ပြီးမှ လိုက်ခြောက်နေတာလေ” ဟုလည်း အဆိုပါအမျိုးသမီးက ပြောသည်။ 

စမ်းချောင်းမြို့နယ် အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း ၎င်း၏အိမ်ရှင်က ဆန္ဒပြလူငယ်များကို လက်ခံပေးရန် မေတ္တာရပ်ခံခဲ့သဖြင့် လူငယ်သုံးဦးကို လက်ခံထားရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့က အပေါ်ဆုံးလွှာပေါ့။ တိုက်ခန်းငှားတဲ့သူက သူ့အိမ်မှာ ၅ ယောက်လောက်ထားမယ်။ ၃ ယောက် လောက်ကို ညီမအိမ်မှာထားပါရစေလို့ ပြောတယ်။ ညီမလည်း ထားလိုက်တယ်။ ကလေးတွေကို ကျွေးမွေးပြီး ထားတယ်။ ငိုရင်လည်း ချော့ပေးတယ်” ဟု ဆန္ဒပြလူငယ်များကို လက်ခံထားရှိခဲ့သူ အဆိုပါအမျိုးသမီးက ဆိုသည်။

စစ်တပ်နှင့် ရဲများရောက်လာပြီး စစ်ဆေးရာတွင် လာရောက်ပုန်းခိုနေသည့် လူငယ်သုံးဦးတွင် မှတ်ပုံတင်ပါသူ တစ်ဦးသာရှိပြီး နေရာများလည်း မတူသည့်အတွက် မိသားစုဝင်များဖြစ်သည်ဟု ပြောဆိုရန် အခက်တွေ့ခဲ့သည် သည်ဟု ၎င်းက ဆိုသည်။ 

“ညီမအိမ်မှာ မိန်းခလေးနှစ်ယောက်ထဲဆိုတော့ ပြေးလာတဲ့ သုံးယောက်တည်းက မိန်းကလေးနှစ်ယောက်က အတူတူနေလိုက်တယ်။ ကောင်လေးတစ်ယောက်ပါတယ်။ တံခါးလာခေါက်တော့ မိန်းကလေးတွေက နှစ်ယောက်တစ်ခန်းနေလိုက်တယ်။ ကောင်းလေးက မျက်နှာကြက်ပေါ် တက်ပုန်းတယ်။ သူတို့ (စစ်နှင့် ရဲ) ဝင်လာတဲ့အချိန် ဘယ်နှစ်ယောက်နေလဲ မေးတော့ ၄ ယောက်နေတယ်ပြောလိုက်တယ်။ ကောင်လေးကို သူတို့ မြင်သွားတယ်။ ဘယ်လိုတွေ့သွားလဲ မသိဘူး။ ပါသွားတယ်” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

ထို့နောက်တွင် ရဲများ နောက်တစ်ခေါက်ပြန်ရောက်လာပြီး စခန်းမှူးနှင့် လိုက်လံတွေ့ဆုံရန် အချုပ်ကားဆီ ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့ရှေ့၌ပင် ဖမ်းဆီးသွားသည် လူငယ်အား မေးမြန်းစစ်ဆေးသည်ဟု ဆိုသည်။

“မင်းနဲ့သူနဲ့ ဘာတော်လဲ။ ဒီတိုင်းဝင်ပုန်းတာလားလို့ ရဲက မေးတယ်။ ကောင်းလေးက  ဟုတ်တယ်လို့ ဝန်ခံလိုက်တယ်။ ဒီအမျိုးသမီးက မင်းနဲ့ ဘာမှမတော်ဘူးဆိုတာ သေချာလားလို့ ရဲကထပ်မေးတော့ ကောင်လေးက သေချာတယ်။ ကျွန်တော်ဝင်ပုန်းလိုက်တာပါလို့ပြောတယ်။ အဲဒါဆိုရင် မင်းနဲ့ပါသွားတဲ့ နှစ်ယောက်ပေးလို့ ပြောတယ်။ ကောင်းလေ မကြီး ထုတ်ပေးပါလို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း ထုတ်ပေးလိုက်ရတယ်” ဟု ရဲများက ထပ်မံစစ်ဆေးခဲ့ပုံက အဆိုပါအမျိုးသမီးက ပြောပြသည်။

“ကလေးတွေက သတ္တရှိတယ်ဗျ။ ညီမအခန်းကိုပြန်ပြီး ညီမလေးတို့ သူတို့သိသွားပြီလို့ ပြောလိုက်တယ်။ ကလေးတွေက အမရတယ်။ သုံးယောက်အတူတူလာပြီး နှစ်ယောက်ကျန်နေခဲ့ရင် စိတ်မလုံဘူး။ သူတို့လိုက်သွား မယ်လို့ ပြောတယ်။ လာတာက ရဲနဲ့ စစ်သားတွေ ၁၂ ယောက်လောက်ရှိမယ်” ဟု ထိုလူငယ်များကို လက်ခံခဲ့သူ အမျိုးသမီးက ပြောသည်။ 

စစ်တပ်နှင့် ရဲများက နာရီပေါင်းများစွာ ပိတ်ဆို့ထားခဲ့သည့် စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ညပိုင်းက ပိတ်မိ နေသူများအနက် ဖမ်းဆီးခံခဲ့ရသူများရှိသော်လည်း အတိအကျ မသိရသေးပေ။ နံနက် ၃ နာရီကျော်ခန့်တွင် စစ်တပ်နှင့် ရဲများ မရှိတော့သဖြင့် ပိတ်မိနေသူများ ထွက်လာနိုင်ခဲ့ကြသည်။ အခြား မြို့နယ်များသို့ အခမဲ့ပို့ ဆောင်ပေးသည့် ကားများလည်းရောက်လာကာ နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးကြသည်။ 

အဆက်မပြတ် ပစ်ဖောက်နေသော သေနတ်သံများ၊ အသံဗုံးသံများ ဆူညံလျက် ယမန်နေ့ညပိုင်းက စမ်းချောင်မြို့နယ်သည် ကမ္ဘာပျက်သည့်အလား ရှိခဲ့သည်။ ရာနှင့်ချီသော ပိတ်မိနေသူများသည်လည်း ထိတ်လန့်ခြောက်ခြားစွာဖြင့် အရှည်ကြာဆုံးသော ညကိုဖြတ်သန်းခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်ကာ လအတွင်းက နာဇီလက်နက်ကိုင်များရန်မှ လွတ်မြောက်ရန် အသက်လု ပြေးလွှားပုန်းခိုခဲ့ကြရသော ဂျူးလူမျိုးများနှယ်ပင်ဖြစ်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading