တိုက်ရိုက်တင်ဆက်မှု - မတ် ၉

စစ်အာဏာရှင်ကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေသော ပြည်သူလူထုနှင့် လက်ရှိဖြစ်ပေါ်နေသော ပကတိအခြေအနေများကို သတင်းရယူဖော်ပြနေသော မီဒီယာများကို စစ်ကောင်စီက အရှိန်မြှင့် ဖိနှိပ်လာ သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြန့်ကျက်အား ကောင်းနေဆဲဖြစ်သည်။ 

Published on Mar 9, 2021
စစ်ကောင်စီတပ်ဖွဲ့က မတ် ၈ရက်တွင် ၂၄ နာရီနီးပါး ပိတ်ဆို့ ချေမှုန်းရန် ကြိုးပမ်းခဲ့သည့် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု။ဓာတ်ပုံ - Myanmar Now
စစ်ကောင်စီတပ်ဖွဲ့က မတ် ၈ရက်တွင် ၂၄ နာရီနီးပါး ပိတ်ဆို့ ချေမှုန်းရန် ကြိုးပမ်းခဲ့သည့် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု။ဓာတ်ပုံ - Myanmar Now

၁၆ : ၃၆ အင်းစိန် မီးရထားဝင်းရှိ ရပ်ကွက်  ဖြိုခွင်းခံရ

ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးနေသည့် စစ်အာဏာသိမ်းကောင်စီ၏ လက်နက်ကိုင် ရဲနှင့်စစ်သားများမှ ဒီနေ့ မတ်လ ၉ ရက် မွန်းတက် ၃ နာရီတွင် အင်းစိန်ဈေးရှေ့  မီးရထားဝင်းရှိ ပိန္နဲကုန်းရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ ရပ်ကွက်အဝင်ဂိတ်ပေါက်များ လမ်းလုံခြုံရေးတံခါးများအား ရိုက်ချိုးဖျက်ဆီးကာ အသံဗုံး ၆ ချက်ခန့် ပစ်ဖေါက်ခြိမ်းခြောက်ခဲ့သည်။

"အရင်နေ့တွေက အင်းစိန်ဈေးရှေ့မှာ ဆန္ဒပြနေတဲ့ လူငယ်တွေကို ဖြိုတာ ဒီနေ့က ရပ်ကွက်ထဲကို ဝင်ပစ်သွားတယ်။ ဂိတ်တံခါးတွေကို ရိုက်ချိုးတယ်။  အင်းစိန်သားတွေ ညီရဲ့လား လို့အော်ပြီး တလမ်းလုံးကို ဆဲသွားတယ်။ ဖမ်းဆီးခံရတာတော့ မရှိဘူး။ အားလုံးအိမ်ထဲမှာပဲဝင်နေကြတာ" ဟု ပိန္နဲကုန်းရပ်ကွက်ပြည်သူများမှ  ပြောသည်။

အင်းစိန် မြို့ နယ် ပေါက်တောဝ၊ ကမ်းနား၊ အင်းစိန်ဈေး စသည့်နေရာများတွင် စစ်အာဏာရှင်ကို  အလိုမရှိဆန့်ကျင်ကြောင်း ကျောင်းသားလူငယ်ပြည်သူများမှ  နေ့စဥ်လမ်းပေါ်ထွက် ဆန္ဒပြကြသည်

တဘက်မှာလည်း လက်နက်ကိုင် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ  ဆန္ဓပြသူများကို  အကြမ်းဖက် ရိုက်နက်ဖမ်းဆီးခြင်း၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ ပစ်ဖေါက်ခြင်းဖြင့်  နေ့စဥ် ဖြိုခွင်းနေသည်။

အင်းစိန် မီးရထားဝင်း မတ်-၉

၁၄ : ၃၀ ကမာရွတ်သတင်းဌာန စီးနင်းခံရ

ကမာရွတ်သတင်းဌာနကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နေ့လည်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြသည်။

ရန်ကုန်မြို့၊ လှည်းတန်း စံရိပ်ငြိမ် ၆ လမ်းရှိ ကမာရွတ်သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့က စီးနင်းပြီးနောက် ကမာရွတ်သတင်းဌာန တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းနှင့် အယ်ဒီတာချုပ်ကိုနေသန်မောင်တို့ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

ယမန်နေ့(မတ် ၈)ကလည်း ကုန်ဈေးတန်းလမ်းရှိ Myanmar Nowသတင်းဌာနရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ညပိုင်းတွင် ထုတ်ဝေခွင့်ပိတ်ပင်လိုက်ကြောင်း ကြေညာသည်။

ကမာရွတ်သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း

၁၄ : ၀၀ - စစ်ကောင်စီကို မန္တလေးမြို့အာခံဆဲ

စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ကြုံနေရသော်လည်း မန္တလေးမြို့ရှိ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြခဲ့ကြသည်။

မန္တလေး - မတ် ၉

၁၂ : ၃၀ - စမ်းချောင်း၌ လုံခြုံရေးတင်းကြပ်ထား

ယမန်နေ့က ၂၄ နာရီနီးပါးပိတ်ဆို့၍ ညလုံးပေါက်အဖမ်းအဆီးရှိခဲ့သည့် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းထိပ်တွင် ရဲတပ်ဖွဲ့က စခန်းချစောင့်ကြပ်နေသည်။ အာဏာသိမ်းပြီးနောက် နေ့စဉ် လူစုလူဝေး ဖြင့် ဆန္ဒပြလေ့ရှိသည့် အဆိုပါနေရာတစ်ဝိုက်တွင် အာဏာသိမ်းမှုကိုဆန့်ကျင်သူပြည်သူအများအပြား စုရုံးနိုင်ခြင်းမရှိသေးပေ။

၁၁ ၀၀ ရေးမြို့သပိတ်ဖြိုခွင်း

ရေးမြို့ ကမ်းနားလမ်းတွင် သပိတ်ဖြိုခွင်းခံနေရပြီး  ကရင် လူငယ် သုံးဦး အဖမ်းခံရသည်။ ရဲများ အချက် ၃၀ ခန့် ပစ်ဖောက်ကာ ဖြိုခွင်းနေသည်။ 

ရေးမြို့ မတ်-၉

၁၀ : ၃၀ လွိုင်ကော်သပိတ် ဖြိုခွင်းခံရ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ သေနတ်များ ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။

၁၀ : ၄၀ - သာကေတသပိတ်စပြီ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြင်တော်သာလမ်းပေါ်တွင် လူငယ်များကဦးဆောင်၍ စတင်လိုက်ပြီဖြစ်သည်။

၁၀ : ၃၀ - အင်းစိန်မြို့နယ် အာဏာရှင်တိုက်ပွဲ ခရီးဆက်ဆဲ

စစ်ကောင်စီတပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုကို နေ့စဉ်ကြုံတွေ့နေရသော်လည်း ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အင်းစိန်ပေါက်တောဝအနီး ရပ်ကွက်နေပြည်သူများက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေဆဲဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် မတ် ၃ရက်မှစ၍ ယနေ့တိုင် ဆန့်ကျင် ဆန္ဒပြနေသည့် ပေါက်တောဝတွင် ဆန္ဒပြပြည်သူ ၅၀ ဦးဝန်းကျင် ဖမ်းဆီးထိန်းသိမ်းခံရပြီးဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက အတည်ပြုသည်။

အင်းစိန်ပေါက်တောဝ မတ်-၉

၁၀ : ၂၅ - သီပေါမြို့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု

ရှမ်းပြည်နယ်၊ သီပေါမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုစတင်နေပြီဖြစ်သည်။

သတင်းဌာန ၅ ခုကို စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်

ပြည်တွင်းအခြေစိုက် သတင်းဌာန ၅ ခုကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့ (မတ် ၈) တွင် ကြေညာခဲ့သည်။

ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသော ပြည်တွင်းအခြေစိုက် မီဒီယာ ၅ ခုမှာ Mizzima၊ 7 Day၊ DVB၊ Khit Thit Media နှင့် Myanmar Now တို့ဖြစ်ပြီး အဆိုပါမီဒီယာများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ ဖြစ်စေ နည်းပညာတစ်ရပ်ရပ်အသုံးပြု၍ဖြစ်စေ ရေးသား၊ ထုတ်လွှင့်၊ ဖော်ပြခြင်းမပြုရန်ဟု ကြေညာချက်က ဆိုသည်။ 

ထို့ပြင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာန ရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့တွင် ဝင်ရောက်စီးနင်းခဲ့သည်။ 

စမ်းချောင်းမြို့နယ်တွင် ၂၄ နာရီနီးပါး ပိတ်ဆို့ခံရသူများအတွက် ရန်ကုန်တစ်မြို့လုံးဝန်းရံခဲ့ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အားကောင်းရာ မြို့နယ်တစ်ခုဖြစ်သည့် စမ်းချာင်းမြို့နယ်တွင် ယမန်နေ့က နံနက်ပိုင်းမှ ညပိုင်း ညဉ့်နက်သည်အထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကြား ပိတ်မိနေခဲ့သူများ အတွက်  ရန်ကုန်မြို့သူမြို့သားများ ယမန်နေ့ညပိုင်းတွင် လမ်းပေါ်ထွက်ခဲ့ကြသည်။ 

စမ်းချောင်းမြို့နယ်ရှိ အဓိကလမ်းများဖြစ်သည့် ကျွန်းတောလမ်းနှင့် ဗဟိုလမ်းဧရိယာတစ်ဝိုက်ရှိ ရပ်ကွက်နှင့် လမ်းသွယ်များအားလုံးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ကာ ခိုအောင်းနေသော ဆန္ဒပြသူများကို ဖမ်းဆီးနိုင်ရန် ထိုလက်နက်ကိုင်များက ညလုံးပေါက်နီးပါး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ 

ပိတ်ဆို့ထားသည့် လမ်းများကို ပြန်ဖွင့်ပေးရန် စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သူများအပါအဝင် ရန်ကုန်မြို့နယ်အနှံ့အပြား၌ ပြည်သူအများအပြားသည် ညမထွက်ရအမိန့်ကိုဖီဆန်ပြီး လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြသည်။ 

ယမန်နေ့ညပိုင်းက စမ်းချောင်းမြို့နယ်အပါအဝင် အခြားနေရာများ၌ ဖမ်းဆီးခံရသူအရေအတွက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို ဆက်လက်ဖော်ပြပါမည်။

ဂျပန်က စစ်ကောင်စီကို အချက်သုံးချက်တောင်းဆိုထား

ပြည်သူလူထုအပေါ် အကြမ်းဖက်မှုချက်ခြင်းရပ်ရန်၊ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီနည်းလမ်းကျနိုင်ငံရေးစနစ်အမြန်ဆုံးအကောင်အထည်ဖော်ရန် ဂျပန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးမှတစ်ဆင့် စစ်ကောင်စီကို တောင်းဆိုသည်။

ဂျပန်သံအမတ်ကြီး၏ မတ် ၈ နေပြည်တော်ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြား ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားသည့် ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံစဉ် ထိုသို့အသိပေးထားကြောင်း ဂျပန် သံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ဖြစ်ပျက်နေသည့်ကိစ္စရပ်များအပေါ် ဂျပန်နိုင်ငံက အလွန်အမင်းစိုးရိမ်ပူပန်နေကြောင်း စစ်ကောင်စီ ကို တိုက်ရိုက်ပြောကြားခဲ့သည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading