စစ်အာဏာရှင်ကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေသော ပြည်သူလူထုနှင့် လက်ရှိဖြစ်ပေါ်နေသော ပကတိအခြေအနေများကို သတင်းရယူဖော်ပြနေသော မီဒီယာများကို စစ်ကောင်စီက အရှိန်မြှင့် ဖိနှိပ်လာ သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြန့်ကျက်အား ကောင်းနေဆဲဖြစ်သည်။
၁၆ : ၃၆ အင်းစိန် မီးရထားဝင်းရှိ ရပ်ကွက် ဖြိုခွင်းခံရ
ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးနေသည့် စစ်အာဏာသိမ်းကောင်စီ၏ လက်နက်ကိုင် ရဲနှင့်စစ်သားများမှ ဒီနေ့ မတ်လ ၉ ရက် မွန်းတက် ၃ နာရီတွင် အင်းစိန်ဈေးရှေ့ မီးရထားဝင်းရှိ ပိန္နဲကုန်းရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ ရပ်ကွက်အဝင်ဂိတ်ပေါက်များ လမ်းလုံခြုံရေးတံခါးများအား ရိုက်ချိုးဖျက်ဆီးကာ အသံဗုံး ၆ ချက်ခန့် ပစ်ဖေါက်ခြိမ်းခြောက်ခဲ့သည်။

"အရင်နေ့တွေက အင်းစိန်ဈေးရှေ့မှာ ဆန္ဒပြနေတဲ့ လူငယ်တွေကို ဖြိုတာ ဒီနေ့က ရပ်ကွက်ထဲကို ဝင်ပစ်သွားတယ်။ ဂိတ်တံခါးတွေကို ရိုက်ချိုးတယ်။ အင်းစိန်သားတွေ ညီရဲ့လား လို့အော်ပြီး တလမ်းလုံးကို ဆဲသွားတယ်။ ဖမ်းဆီးခံရတာတော့ မရှိဘူး။ အားလုံးအိမ်ထဲမှာပဲဝင်နေကြတာ" ဟု ပိန္နဲကုန်းရပ်ကွက်ပြည်သူများမှ ပြောသည်။
အင်းစိန် မြို့ နယ် ပေါက်တောဝ၊ ကမ်းနား၊ အင်းစိန်ဈေး စသည့်နေရာများတွင် စစ်အာဏာရှင်ကို အလိုမရှိဆန့်ကျင်ကြောင်း ကျောင်းသားလူငယ်ပြည်သူများမှ နေ့စဥ်လမ်းပေါ်ထွက် ဆန္ဒပြကြသည်


တဘက်မှာလည်း လက်နက်ကိုင် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ဆန္ဓပြသူများကို အကြမ်းဖက် ရိုက်နက်ဖမ်းဆီးခြင်း၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ ပစ်ဖေါက်ခြင်းဖြင့် နေ့စဥ် ဖြိုခွင်းနေသည်။


၁၄ : ၃၀ ကမာရွတ်သတင်းဌာန စီးနင်းခံရ
ကမာရွတ်သတင်းဌာနကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နေ့လည်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြသည်။
ရန်ကုန်မြို့၊ လှည်းတန်း စံရိပ်ငြိမ် ၆ လမ်းရှိ ကမာရွတ်သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့က စီးနင်းပြီးနောက် ကမာရွတ်သတင်းဌာန တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းနှင့် အယ်ဒီတာချုပ်ကိုနေသန်မောင်တို့ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။
ယမန်နေ့(မတ် ၈)ကလည်း ကုန်ဈေးတန်းလမ်းရှိ Myanmar Nowသတင်းဌာနရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ညပိုင်းတွင် ထုတ်ဝေခွင့်ပိတ်ပင်လိုက်ကြောင်း ကြေညာသည်။
ကမာရွတ်သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း
၁၄ : ၀၀ - စစ်ကောင်စီကို မန္တလေးမြို့အာခံဆဲ
စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ကြုံနေရသော်လည်း မန္တလေးမြို့ရှိ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြခဲ့ကြသည်။
၁၂ : ၃၀ - စမ်းချောင်း၌ လုံခြုံရေးတင်းကြပ်ထား
ယမန်နေ့က ၂၄ နာရီနီးပါးပိတ်ဆို့၍ ညလုံးပေါက်အဖမ်းအဆီးရှိခဲ့သည့် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းထိပ်တွင် ရဲတပ်ဖွဲ့က စခန်းချစောင့်ကြပ်နေသည်။ အာဏာသိမ်းပြီးနောက် နေ့စဉ် လူစုလူဝေး ဖြင့် ဆန္ဒပြလေ့ရှိသည့် အဆိုပါနေရာတစ်ဝိုက်တွင် အာဏာသိမ်းမှုကိုဆန့်ကျင်သူပြည်သူအများအပြား စုရုံးနိုင်ခြင်းမရှိသေးပေ။
၁၁ ၀၀ ရေးမြို့သပိတ်ဖြိုခွင်း
ရေးမြို့ ကမ်းနားလမ်းတွင် သပိတ်ဖြိုခွင်းခံနေရပြီး ကရင် လူငယ် သုံးဦး အဖမ်းခံရသည်။ ရဲများ အချက် ၃၀ ခန့် ပစ်ဖောက်ကာ ဖြိုခွင်းနေသည်။
၁၀ : ၃၀ လွိုင်ကော်သပိတ် ဖြိုခွင်းခံရ
ကယားပြည်နယ် လွိုင်ကော်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ သေနတ်များ ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။
၁၀ : ၄၀ - သာကေတသပိတ်စပြီ
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြင်တော်သာလမ်းပေါ်တွင် လူငယ်များကဦးဆောင်၍ စတင်လိုက်ပြီဖြစ်သည်။
၁၀ : ၃၀ - အင်းစိန်မြို့နယ် အာဏာရှင်တိုက်ပွဲ ခရီးဆက်ဆဲ
စစ်ကောင်စီတပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုကို နေ့စဉ်ကြုံတွေ့နေရသော်လည်း ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အင်းစိန်ပေါက်တောဝအနီး ရပ်ကွက်နေပြည်သူများက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေဆဲဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် မတ် ၃ရက်မှစ၍ ယနေ့တိုင် ဆန့်ကျင် ဆန္ဒပြနေသည့် ပေါက်တောဝတွင် ဆန္ဒပြပြည်သူ ၅၀ ဦးဝန်းကျင် ဖမ်းဆီးထိန်းသိမ်းခံရပြီးဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက အတည်ပြုသည်။
၁၀ : ၂၅ - သီပေါမြို့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု
ရှမ်းပြည်နယ်၊ သီပေါမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုစတင်နေပြီဖြစ်သည်။
သတင်းဌာန ၅ ခုကို စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်
ပြည်တွင်းအခြေစိုက် သတင်းဌာန ၅ ခုကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့ (မတ် ၈) တွင် ကြေညာခဲ့သည်။
ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသော ပြည်တွင်းအခြေစိုက် မီဒီယာ ၅ ခုမှာ Mizzima၊ 7 Day၊ DVB၊ Khit Thit Media နှင့် Myanmar Now တို့ဖြစ်ပြီး အဆိုပါမီဒီယာများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ ဖြစ်စေ နည်းပညာတစ်ရပ်ရပ်အသုံးပြု၍ဖြစ်စေ ရေးသား၊ ထုတ်လွှင့်၊ ဖော်ပြခြင်းမပြုရန်ဟု ကြေညာချက်က ဆိုသည်။
ထို့ပြင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာန ရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့တွင် ဝင်ရောက်စီးနင်းခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် ၂၄ နာရီနီးပါး ပိတ်ဆို့ခံရသူများအတွက် ရန်ကုန်တစ်မြို့လုံးဝန်းရံခဲ့
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အားကောင်းရာ မြို့နယ်တစ်ခုဖြစ်သည့် စမ်းချာင်းမြို့နယ်တွင် ယမန်နေ့က နံနက်ပိုင်းမှ ညပိုင်း ညဉ့်နက်သည်အထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကြား ပိတ်မိနေခဲ့သူများ အတွက် ရန်ကုန်မြို့သူမြို့သားများ ယမန်နေ့ညပိုင်းတွင် လမ်းပေါ်ထွက်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်ရှိ အဓိကလမ်းများဖြစ်သည့် ကျွန်းတောလမ်းနှင့် ဗဟိုလမ်းဧရိယာတစ်ဝိုက်ရှိ ရပ်ကွက်နှင့် လမ်းသွယ်များအားလုံးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ကာ ခိုအောင်းနေသော ဆန္ဒပြသူများကို ဖမ်းဆီးနိုင်ရန် ထိုလက်နက်ကိုင်များက ညလုံးပေါက်နီးပါး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ပိတ်ဆို့ထားသည့် လမ်းများကို ပြန်ဖွင့်ပေးရန် စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သူများအပါအဝင် ရန်ကုန်မြို့နယ်အနှံ့အပြား၌ ပြည်သူအများအပြားသည် ညမထွက်ရအမိန့်ကိုဖီဆန်ပြီး လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြသည်။
ယမန်နေ့ညပိုင်းက စမ်းချောင်းမြို့နယ်အပါအဝင် အခြားနေရာများ၌ ဖမ်းဆီးခံရသူအရေအတွက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို ဆက်လက်ဖော်ပြပါမည်။
ဂျပန်က စစ်ကောင်စီကို အချက်သုံးချက်တောင်းဆိုထား
ပြည်သူလူထုအပေါ် အကြမ်းဖက်မှုချက်ခြင်းရပ်ရန်၊ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီနည်းလမ်းကျနိုင်ငံရေးစနစ်အမြန်ဆုံးအကောင်အထည်ဖော်ရန် ဂျပန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးမှတစ်ဆင့် စစ်ကောင်စီကို တောင်းဆိုသည်။
ဂျပန်သံအမတ်ကြီး၏ မတ် ၈ နေပြည်တော်ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြား ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားသည့် ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံစဉ် ထိုသို့အသိပေးထားကြောင်း ဂျပန် သံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ဖြစ်ပျက်နေသည့်ကိစ္စရပ်များအပေါ် ဂျပန်နိုင်ငံက အလွန်အမင်းစိုးရိမ်ပူပန်နေကြောင်း စစ်ကောင်စီ ကို တိုက်ရိုက်ပြောကြားခဲ့သည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













