သတင်း

မန္တလေးထိုင်သပိတ်မှ ဆန္ဒပြသူ ၈၄ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်

မန္တလေးမြို့တွင် ယမန်နေ့ (မတ် ၇) က စစ်ကောင်စီဆန့်ကျင်ရေးထိုင်သပိတ်၌ ဖမ်းဆီးခံထားရသူ ကျောင်းသားများအပါအဝင် ၈၄ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုအမှုဖွင့်လိုက်သည်။

ဆေးနှင့်နှီးနှောအဖွဲ့များ၊ အင်ဂျင်နီယာများ၊ တက္ကသိုလ်ပေါင်းစုံ၊ ကျောင်းသားသမဂ္ဂများ အပါအဝင် ပြည်သူ သောင်းချီခန့်သည် ယမန်နေ့ မတ် ၇ နံနက်ပိုင်းက မန္တလေး ၂၂ လမ်းနှင့် ၈၉ လမ်းတွင် ထိုင်သပိတ် ပြုလုပ်နေစဉ် စစ်တပ်နှင့်ရဲက အကြမ်းဖက်ဖြိုခွင်းခဲ့ခြင် းဖြစ်သည်။ 

ထိုသို့ဖြိုခွင်းခဲ့ရာ ၉၂ ဦး အဖမ်းခံရပြီး ၎င်းတို့ကို အိုးဘိုထောင်တွင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။ ၎င်းတို့အနက် ၈၄ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ Video Conferencing ဖြင့် ရမန်ယူခဲ့ပြီး လာမည့်ရုံးချိန်းအား မတ် ၂၂ သို့ ချိန်းဆိုထားသည်။ 

ထို ဖမ်းမိထားသူများကို အောင်မြေသာစံမြို့နယ်တရားရုံး၌ ယနေ့ ရမန်ယူမည် ဆိုသောသတင်းများကြောင့် ကျောင်းသားမိသားစုများအပါအဝင် ပြည်သူ့ရှေ့နေများအဖွဲ့က ယနေ့ လာရောက် စောင့်ဆိုင်းခဲ့သော်လည်း Video Conferencing ဖြင့် ရမန်ယူခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ရှေ့နေများအဖွဲ့ (အောင်မြေသာစံမြို့နယ်)မှ ရှေ့နေများကလည်း တရားစွဲဆိုခံရပါက ကူညီဆောင်ရွက်ပေး နိုင်ရန် ကျောင်းသားများ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားမိတ္တူများကို မိဘများထံမှ စာရင်းကောက်ယူခဲ့သည်။

တရားရုံးရှေ့ လာရောက်စောင့်ဆိုင်းနေသူများအားလည်း လူစုခွဲရန် သက်ဆိုင်ရာနယ်မြေစခန်းမှ ရဲအရာရှိ အပါအဝင် လက်နက်ကိုင်ရဲတပ်သား ၇ ယောက်က သတိပေးခဲ့ပြီး တရားရုံးအနီးရှီ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အတွင်း လက်နက်ကိုင်စစ်သား ၁၀ ယောက်ခန့်က အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေခဲ့သည်။

အသက်မပြည့်သေးသူ လူငယ် ၄ ယောက်ကိုမူ ခံဝန်ဖြင့် ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း ပြည်သူ့ရှေ့နေ (အောင်မြေသာစံမြို့နယ်)မှ ရှေ့နေဦးသန့်လွင်ဝင်းက ပြောသည်။ 

ဖမ်းခံရသူ ၉၂ ဦးအနက် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၉ ဦး ပါဝင်ပြီး အများစုမှာ ကျောင်းသားများဖြစ်၍ တချို့မှာ အသက်မပြည့်သေးသူများဖြစ်ပြီး တချို့မှာ ဆန္ဒပြပွဲကိုရပ်ကြည့်နေသူ အရပ်သား ဖြစ်သည်ဟု ကျောင်းသားများ၏ မိသားစုဝင်များက ဆိုသည်။

လက်နက်ကိုင်များက အဆိုပါထိုင်သပိတ်ကို ယမန်နေ့က နှစ်နာရီကျော်ကြာအောင် ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး ကျောင်းသားများကို အန္တရာယ်ကင်းရန် ဝှက်ထားပေးခဲ့သော ၂၂ လမ်းနှင့် ၈၉ လမ်းဝန်းကျင်ရှိ ရပ်ကွက်များအတွင်းသို့  ညအချိန် ထပ်မံဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရပ်ကွက်လမ်းထိပ်၌ လုံခြုံရေးအရ ကာရံပိတ်ဆို့ထားသော အတားအဆီးများအား ဖျက်ဆီးခြင်း၊ နေအိမ်များအားလေးခွတို့ဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

“ပြည်သူလူထုက ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်ကိုမသိလို့ ကူညီနေတာမဟုတ်ဘူး။ လမ်းမထက်ကရော၊ အိမ်ထဲကပြည်သူတွေပါ အာဏာရှင်စနစ်ကို လက်မခံလို့ ကိုယ်ပိုင်အသိစိတ်နဲ့ တွန်းလှန်နေတာဖြစ်လို့ ကျွန်တော်ကတော့ ပြည်သူတစ်ရပ်လုံးကို ယုံကြည်တယ်ဗျ” ဟု ထိုင်သပိတ်စစ်ကြောင်း၏ ဦးဆောင်သူ ကိုတေဇစန်းက ဆိုသည်။  

မန္တလေးမြို့၌ ရဲနှင့်စစ်တပ်ပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့များက နေ့စဉ် အကြမ်းဖက်ဖြိုခွင်းနေသဖြင့် သေဆုံးထိခိုက်ဒဏ်ရာရသူများ၊  ဖမ်းဆီးခံရခြင်းများရှိသော်လည်း မြို့ခံလူထုများက နည်းလမ်းအမျိုးမျိုး အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြမှုများအား နေ့စဉ်နေရာအနှံ့ ဆောင်ရွက်လျက်ရှိသည်။ 

“အာဏာရှင်တွေ လက်တစ်ဆုံးအကြမ်းဖက်တဲ့လုပ်ရပ်ကြောင့် လူထုအနေနဲ့ အကြောက်တရားတွေနဲ့ ငြိမ်သွား မယ်ဆိုရင် ရာသက်ပန်ငြိမ်နေရမှာ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အာဏာရှင်ဆန့်ကျင်ရေးကို အနိုင်ရအောင် တိုက်ပွဲ ဝင်သွားကြဖို့ လိုပါတယ်”ဟု ကိုတေဇစန်းက ပြောသည်။ 

ပြီးခဲ့သည့် မတ် ၅ ကလည်း မန္တလေးမြို့တွင်း အင်ဂျင်နီယာနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့၏ သပိတ်စစ်ကြောင်း လှည့်လည်ချီတက်နေသည်ကို လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဆန္ဒပြပွဲ သွားရောက်ဝန်းရံခဲ့သူ အသက် ၂၇ နှစ်အရွယ် ကိုဇော်မျိုးကိုသည် လည်ပင်းကို ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့သည်။ 

မတ် ၃ က လူတစ်ဦး သေဆုံးခဲ့သည့် မြင်းခြံမြို့ ဆန္ဒပြပွဲဖြိုခွင်းမှုတွင်လည်း ဆန္ဒပြသူ ၆ ဦး အဖမ်းခံရကာ မြင်းခြံထောင်၌ ချုပ်နှောင်၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်။ 

သတင်းမီဒီယာသမားများကိုလည်း အဆိုပါပုဒ်မဖြင့် ချုပ်နှောင်ဖမ်းဆီးမှုများ ရှိနေပြီး Myanmar Now သတင်းထောက် အပါအဝင် သတင်းသမား ကိုးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button