အပြာရောင်တီရှပ်ဝတ်လူငယ်တို့ရဲ့ လှုံ့ဆော်သံ

မဲစာရင်း စစ်ဆေးရေး၊ ရွေးကောက်ပွဲတွင် ပါဝင် မဲပေးကြရေးအတွက် ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင် တိုက်တွန်းနေသော တီရှပ်ပြာဝတ် လူငယ်များ  (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)
မဲစာရင်း စစ်ဆေးရေး၊ ရွေးကောက်ပွဲတွင် ပါဝင် မဲပေးကြရေးအတွက် ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင် တိုက်တွန်းနေသော တီရှပ်ပြာဝတ် လူငယ်များ (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)

ရန်ကုန် - မိုးအကုန်ဆောင်းအကူးနေ့အပူရှိန်က နွေကာလမွန်းတည့်နေလို  ပြင်းထန်လွန်းပေမယ့် ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်ကလမ်းတွေပေါ် လျှောက်သွားနေကြတဲ့ အပြာရောင်တီရှပ်ဝတ် လူငယ်တစ်စုကတော့ ရာသီဥတုကို အမှုမထားနိုင်ဘဲ အလုပ်ရူပ်နေကြပါတယ်။

“ကျွန်ုပ်တို့အနာဂတ်ကိုပြောင်းလဲစေနိုင်သော ရွေးကောက်ပွဲကြီး မကြာမီ ကျင်းပတော့မည်" လို့ အသားလတ်လတ်၊ အရပ်ရှည်ရှည်လူငယ်တစ်ဦးက လက်ကိုင်အော်လံကတစ်ဆင့် အသံခပ်မှန်မှန်နဲ့ နှိုးဆော်နေပါတယ်။

"မဲစာရင်းတွင် မိမိတို့အမည်ပါမှသာလျှင် မဲပေးခွင့်ရှိမည်ဖြစ်သည့်အတွက် မဲစာရင်းများကို ကြည့်ရူစစ်ဆေးပေးပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်” ဆိုတဲ့ သူ့အသံက လှိုင်သာယာရဲ့ လူအစည်ကားဆုံး မီးခွက်စျေး ကားမှတ်တိုင်နားတဝိုက် ပျံ့လွင့်နေပါတယ်။

သူတို့ရဲ့ တီရှပ်မှာတော့“ကမ္ဘာကြီးကိုတောင်ပြောင်းလဲနိုင်တဲ့ လူငယ်တွေ”ဆိုတဲ့ စာတန်းကို အင်္ဂလိပ် ဘာသာနဲ့  ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။ သူတို့က နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲထည့်ဖို့၊ မဲစာရင်းစစ်ကြဖို့အတွက် လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတွေကို လိုက်လံနှိုးဆော်နေကြတာပါ။

မြန်မာပြည်မှာ ရွေ့ပြောင်းအလုပ်သမားတွေ အများဆုံး နေထိုင်ကြတဲ့၊ ၂ဝဝ၈ နာဂစ်မုန်တိုင်းဒဏ် ခံရအပြီး ရန်ကုန်ဘက်  ရွေ့ပြောင်းလာသူတွေ အများစု ရှိနေကြတဲ့ လှိုင်သာယာဟာ မဲစာရင်းမှားယွင်းမှုများတဲ့ ရန်ကုန်ရဲ့မြိုနယ်တစ်ခုပါပဲ။ မဲစာရင်း ပုံမှန်မဟုတ်ခြင်းကြောင့် ဒီမြို့နယ်က ထောင်သောင်းချီတဲ့ဒေသခံများ၊ နိုင်ငံတလွှားက ပြည်သူအများအပြား မဲပေးခွင့် ဆုံးရှုံးသွားနိုင်တဲ့အလားအလာ ရှိနေပါပြီ။

အဲဒီလိုမဲပေးခွင့် ဆုံးရှုံးသွားကြမှာကို စိုးရိမ်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံပါတီအမတ်လောင်းတွေက မဲဆန္ဒရှင်များကို သူ့တို့ရဲ့ကိုယ်ရေးအချက်အလက်တွေ မဲစာရင်းမှာ မှန်မှန်ကန်ကန် ဖော်ပြထားခြင်း ရှိမရှိ သွားစစ်ဆေးကြဖို့ လှုံ့ဆော်တိုက်တွန်းနေကြပါတယ်။ သို့သော်လည်း မဲစာရင်း စစ်ဆေးဖို့၊ အမှားပြင်စေဖို့ အချိန်က ကုန်လွယ်လွန်း၊ မဲစာရင်းမှန်ဖြစ်ရေးလုပ်ငန်းက အဆင့်ဆင့်၊  ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေအပေါ် စိတ်ဝင်စားမှုက ပိုပိုပြီးနည်းပါးလာနေပါတယ်။

“ လူအများစုက မဲပေးခွင့်ရှိလျက်သားနဲ့ မဲမပေးနိုင်မှာကို အင်မတန်စိုးရိမ်ပါတယ်ဗျာ” လို့ လှိုင်သာယာမှာ ဝင်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အမတ်လောင်းတစ်ဦးဖြစ်သူ  ဒေါက်တာသန်းမြင့်က နေ့ခင်းနေပူပူအောက်မှာ မျက်နှာပေါ်က စီးကျနေတဲ့ ချွေးစတွေကို လက်ခုံနဲ့သုတ်ရင်း ပြောလိုက်တယ်။

မဲစာရင်းမှာ ပါဝင်သူများအနက် ထက်ဝက်ကျော်လောက်က မြို့နယ်အတွင်းကနေ ပြောင်းရွေ့သွားကြပြီလို့ သူက ကျယ်ကျယ်လောင်လောင် ဖွင့်ထားတဲ့ မဲဆွယ်သီချင်းသံတွေကြားထဲကနေ အော်ပြောပါတယ်။

ကိုယ်ရေးအချက်အလက် မှားယွင်းနေ၊ သေဆုံးပြီးသူတွေနဲ့ မဲပေးခွင့်မရှိသူတွေရဲ့ အမည်တွေ ပါဝင်နေတဲ့ မဲစာရင်းနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာသာမက ပင်မရေစီးမီဒီယာတွေမှာလည်း ဝေဖန်ပြစ်တင်သံ သောသောညံနေပါပြီ။

ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းအမှားအတွက် သူတို့အသုံးပြုမိတဲ့ ကွန်ပြူတာပရိုဂရမ်ကို အပြစ်ဖို့သလို မဲစာရင်းအဆင်ပြေဖို့ ကိုယ့်အမည်၊ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်မှန်ကန်ကန် ဖြစ်မဖြစ် စစ်ဆေးဖို့ မဲဆန္ဒရှင်တွေမှာ တာဝန်ရှိတယ်လို့ တုန့်ပြန်ပါတယ်။

အမျိုးသားလွှတ်တော် အတွက် ဝင်ပြိုင်မယ့် NLD အမတ်လောင်း ဦးအေးဗိုလ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲဆန္ဒရှင်တွေကို မဲပေးဖို့စိတ်ပျက်သွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတာဖြစ်နိုင်တယ်လို့ ယူဆနေသူပါ။

“ပြည်သူလူထုကို မဲပေးတဲ့အချိန်မှာ စိတ်ပျက်အောင်လုပ်ထားတယ်။ ရိုးသားတဲ့ပုံတော့ မပေါ်ဘူး” လို့ ဦးအေးဗိုလ်က ပြောပါတယ်။

လှိုင်သာယာမှာ တွေ့ခဲ့ရတဲ့ဒေသခံတွေကတော့ မဲစာရင်းမှားယွင်းမှုကိစ္စမှာ စိုးရိမ်နေကြတာတွေ ရှိသလို အစိုးရနဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေအပေါ် ယုံကြည်ချက် အကြီးအကျယ် ကင်းမဲ့တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်သူတွေလည်း ရှိပါတယ်။

“မဲစာရင်းမှာ လူသေတွေပဲ ပါတယ်။ ရှင်နေတဲ့လူတွေတော့ မပါဘူး။ အဲဒီတော့ သွားကြည့်လည်း ဘာမှထူးမှာမဟုတ်ဘူး” လို့ အသက် ၃ဝ နီးပါး ရှိပြီဖြစ်တဲ့ မမိုးမိုးမြင့်က စျေးဆိုင်တစ်ဆိုင်မှာ စျေးဝယ်နေရင်းက မှတ်ချက်ချပါတယ်။

ပထမအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာ ပါဝင်တဲ့ လှိုင်သာယာ(၇)ရပ်ကွက်က ဦးအောင်သိန်းမြင့်တို့ မိသားစုရဲ့ အမည်တွေဟာ ဒုအကြိမ်မှာတော့ ပါမလာပါဘူး။ သို့သော်လည်း သူတို့ကတော့ မဲပေးခွင့်ရအောင် အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့  ပြောပါတယ်။  

“၁၉၉ဝတုန်းကလည်း (မဲ)ပေးဖူးတယ်။ မှတ်ပုံတင်ပြပြီး ပေးလိုက်တာပဲ။ ၂ဝ၁ဝတုန်းကလည်း မဲစာရင်းပါတယ်။ အခုဟာကြီးကတော့ကွာ … ရူပ်ယှက်ခတ်နေတာပဲ” လို့လည်း သူက စိတ်ပျက်လက်ပျက် ညည်းညူလိုက်ပါတယ်။  

ရွှေ့ပြောင်းနေထိုင်သူများ မဲပေးခွင့်

ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်း သွားရောက် စစ်ဆေးခြင်း၊ မစစ်ဆေးခြင်းဟာ မဲဆန္ဒရှင်တွေရဲ့သဘောပါပဲ လို့ ပြောထားပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးရဲ့ ပြောဆိုတာတွေထဲမှာတော့ မဲဆန္ဒရှင်တွေက မဲစာရင်းကို လိုလိုလားလား သွားမစစ်ကြတဲ့အတွက် နိုင်ငံတဝန်းလုံး မဲစာရင်း မှန်ကန်ရေးအတွက် ၃ဝ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ် ဆိုတဲ့အချက် ပါဝင်ပါတယ်။

မဲစာရင်း ပြင်ဆင်လိုတယ် ဆိုရင်တော့ ပြင်ပေးဖို့ လျှောက်လွှာတင် တောင်းဆိုနိုင်တဲ့ အချိန်ကလည်း စက်တင်ဘာ ၂၇ မှာ ကုန်ဆုံးသွားပါပြီ။ သို့သော်လည်း ရွှေ့ပြောင်းသွားလာ နေထိုင်သူတွေ မဲပေးနိုင်ဖို့ကိုတော့ အောက်တိုဘာ ၁ဝ ရက်နေ့အထိ လမ်းဖွင့်ပေးထားပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာ တွေ့ရမှာပါ။

မြန်မာပြည် နေရာအသီးသီးမှာ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်က များသည်ထက် များလာပါပြီ။ လက်ရှိနေရာသစ်မှာ ရက်ပေါင်း ၁၈ဝ နေထိုင်ပြီးသူဆိုရင် အဲဒီရပ်ကွက်၊ ကျေးရွာမှာ သေချာပေါက် မဲပေးနိုင်တဲ့ အခွင့်အရေးရမယ့်သဘောပါ။ မဲပေးခွင့် လျှောက်ခြင်းအတွက် ရုံးအဝင်အထွက်လုပ်ရတာတွေ၊ လျှောက်လွှာမှာလိုအပ်ချက်တွေ ဖြည့်စွက်ရတာမျိုးလို စာရွက်စာတမ်း ကိစ္စတွေကို ကျော်ဖြတ်ရပါမယ်။ ရုံးကိစ္စ၊ စာရွက်စာတမ်းကိစ္စတွေကိုတော့ ရုံးဝန်ထမ်းအသိုင်းအဝန်းက မဟုတ်သူ အရပ်သား အများအပြားက တတ်နိုင်သမျှ ရှောင်ရှားလိုပြီး ဝန်ထုပ်ဝန်ပိုးအဖြစ် သဘောထားကြပါတယ်။ 

မဲပေးခွင့်ရရေး လျှောက်လွှာတင်တဲ့အခါ နေရာသစ်မှာ ရက်ပေါင်း ၁၈ဝ နေထိုင်ပြီးသူဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။ လျှောက်လွှာတင်တာ အဆင်မပြေဘူး၊ မပြည့်စုံဘူး၊ နေရာသစ်ရဲ့ အုပ်ချုပ်ရေးမှူးရုံးက ပူးပေါင်းဆောင်ရွက်မှု မရှိဘူး ဆိုရင်တော့ မဲပေးချင်တဲ့ အဲဒီ ရွှေ့ပြောင်းနေထိုင်သူ မဲဆန္ဒရှင်ဟာ သူ့ရဲ့အိမ်ထောင်စုစာရင်းရှိရာ နေရာဟောင်းတစ်ခုခုကို ပြန်သွားရပါမယ်။ နေရာဟောင်းရဲ့မဲစာရင်းမှာ သူ့အမည်ပါဝင်မယ်ဆိုရင်တော့ သူ မဲပေးခွင့်ရမှာပါ။

လှိုင်သာယာလူထုကို လှုံ့ဆော်တဲ့ လူငယ်များရဲ့ အဓိက  တိုက်တွန်းချက်ကတော့ မဲစာရင်းကြည့်ရေး၊ ရွေးကောက်ပွဲနေ့မှာ မဲပေးကြရေး ဖြစ်ကြောင်း ကဗျာဆရာ ကိုဆောင်းခက ပြောပါတယ်။

“ ပြည်သူတွေက ရွေးကောက်ပွဲတွေ ကြုံခဲ့ဖူးတယ်လေ။ ရှေ့ကလုပ်တဲ့ရွေးကောက်ပွဲတွေက နိုင်ငံရဲ့ အပြောင်းအလဲကို ခေါ်ဆောင်မသွားနိုင်တဲ့အခါမှာ ရွေးကောက်ပွဲကို လူတွေက အယုံအကြည် မရှိတော့ဘူး” လို့  ကဗျာဆရာက  မဲစာရင်းကြည့်ဖို့ လှုံ့ဆော်တဲ့စာသားပါ ကပ်ခွာစက္ကူကို လမ်းမီးတိုင်တစ်ခုမှာကပ်ရင်း သုံးသပ်ပါတယ်။

ယုံကြည်မှု

လူဟောင်းထွက်၊ လူသစ်ဝင်မှု များပြားတဲ့   လှိုင်သာယာလို့ ဆင်ခြေဖုံးဒေသမျိုးမှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းဟာ တိကျမှန်ကန်ဖို့ ပိုခက်ခဲပါလိမ့်မယ်။  

စက်ရုံအလုပ်ရုံအများအပြားရှိတဲ့ လှိုင်သာယာမှာ ရွေ့ပြောင်းနေထိုင်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အာဏာရှင်အစိုးရ အဆက်ဆက် လက်ထက် မြေယာသိမ်းဆည်းမှုတွေကြောင့် နေထိုင်စရာမရှိတော့ဘဲ  ကျူးကျော်လို့ အမည်ဆိုး ပေးခံထားရသူတွေဟာ လူဦးရေရဲ့ ထက်ဝက်ကျော်လောက် ရှိနေကြောင်း ဒေသခံတွေက ခန့်မှန်းပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က မဲပေးခွင့်လျှောက်လွှာတင်ကြပြီးရင်တော့ လှိုင်သာယာ နယ်မြေမှာ မဲဆန္ဒရှင် ၅သိန်းလောက်ထိ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

မဲစာရင်းနဲ့ ပတ်သက်တဲ့ ပြဿနာ နေရာတိုင်းမှာ ဖြစ်နေတယ် ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ သူက ပယ်ချပါတယ်။

ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်သူတွေရှိတဲ့ လူနေရပ်ကွက်တွေကို မဲစာရင်းအတွက်သွားရောက်ကြတယ်၊ သို့သော်လည်း ဒေသခံတွေဟာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်စားတာမျိုး မရှိရုံတင်မက စာရင်းကောက်၊ စစ်တမ်းကောက်တဲ့ အာဏာပိုင်တွေကိုပါ ရန်ပြုတာမျိုးနဲ့ ကြုံရတယ်လို့ သူက ရှင်းပြပါတယ်။  

ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းရဲကျော်စွာမြင့်ကတော့  ရွှေ့ပြောင်းနေထိုင်သူတွေရင်ဆိုင်ရမယ့် မဲစာရင်းဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က စိတ်ဝင်စားမှု နည်းနေတယ်လို့ သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ဟာ ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေ ချမှတ်ဖြေရှင်းတာမျိုး ခုထိတော့ မတွေ့ရသေးပါဘူး"  လို့ ကိုစိုင်းရဲကျော်စွာမြင့်က ရှင်းပြပါတယ်။

"ကျွန်တော်တို့မေးတော့ သူတို့ဒေသတွေမှာ သန်းခေါင်စာရင်းတွေရှိတယ်လို့ပဲ ကော်မရှင်က အမြဲပြောတယ်"

မဲစာရင်းကြည့်ကြဖို့အတွက် လှိုင်သာယာမှာ လှုံ့ဆော်နေတဲ့ အပြာရောင်တီရှပ်ဝတ်လူငယ်တွေ ရွေးချယ်ထားတဲ့ နေရာတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမား အများစု တည်ရှိရာ ရွှေပြည်သာ၊ မှော်ဘီ၊ ဒလမြို့နယ်တွေ ပါဝင်ပါတယ်။ ဒီဒေသတွေမှာကပ်ဖို့ မဲစာရင်းကြည့်ရေး လှုံ့ဆော်စာတန်းပါ ကပ်ခွာစာရွက် ၁၂,ဝဝဝ ရိုက်နှိပ်ထားတယ်လို့ ကဗျာဆရာကိုဆောင်းခရဲ့ ရှင်းပြချက်အရ သိရပါတယ်။

“ကျွန်တော်တို့က ဒါကိုဘာလို့လုပ်လဲ ဆိုတော့ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိလို့ လုပ်တာ။ သူတို့ကို စိတ်မချတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပြည်သူ သိအောင်လုပ်တာ။ ပြည်သူတွေ သိရင်တော့ ရွေးကောက်ပွဲကော်မရှင် လိမ်ရခက်တာပေါ့”  လို့ ကဗျာဆရာက မော်တော်ယာဉ်တွေ၊ အနှေးယာဉ်တွေကြား ကားတစ်စင်းရဲ့မှန်ပေါ်ကို ကပ်ခွာစက္ကူတစ်ခု ကပ်လိုက်ရင်း ပြောလိုက်ပါတယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading