စစ်တပ်ပိုင်စီးပွားရေးသာမက မိတ်ဖက်ကုမ္ပဏီများကို စီးပွားရေးပိတ်ဆို့ပေးရန် တောင်းဆိုမှုများ ရှိလာပြီးနောက် အများပိုင်ကုမ္ပဏီနှစ်ခုက Mytel တွင် ရင်းနှီးမြှုပ်နှံသည့် ရှယ်ယာများပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်
စစ်တပ်က အဓိက ထိန်းချုပ်ထားသည့် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ Mytel တွင် ရင်းနှီးမြှုပ်နှံ ထားသော အစုရှယ်ယာများကို ပြန်လည်ရောင်းချပြီး စီးပွားဖက်အဖြစ်မှ လက်တွဲဖြုတ်ရန် အများပိုင်ကုမ္ပဏီနှစ်ခုက ဆုံးဖြတ်လိုက်သည်။
ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုပူးပေါင်းထားသည့် Myanmar National Telecom Holding (MNTH) သည် Mytel တွင် အစုရှယ်ယာ ၂၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး အဆိုပါကုမ္ပဏီ ၁၁ ခုအနက် နိုင်ငံတကာစွမ်းအင်ထုတ်လုပ်ရေး (IPG) နှင့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး (GLAD) တို့က Mytel တွင် ရင်းနှီးမြှုပ်နှံထားသည့် အစုရှယ်ယာများကို ပြန်လည်ရောင်းချသွားမည်ဖြစ်သည်။

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများသာမက မိတ်ဖက်ကုမ္ပဏီများကို နိုင်ငံတကာမှ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar အဖွဲ့က ဖေဖော်ဝါရီ ၄ တွင် တောင်းဆိုလိုက်ပြီးနောက် IPG နှင့် GLAD ကုမ္ပဏီတို့သည် Mytel တွင် ပိုင်ဆိုင်သည့်ရှယ်ယာများကို ပြန်လည်ရောင်းချသွားမည်ဟု အသီးသီးကြေညာလိုက်ခြင်း ဖြစ်သည်။
“Mytel မှာရှိတဲ့ သူတို့ရဲ့ ရှယ်ယာတွေကို အလျင်အမြန်စွန့်ပစ်လိုက်ဖို့ သူတို့ကိုတောင်းဆိုပါတယ်။ တခြား Mytel ရှယ်ယာပိုင်ရှင်တွေကလည်း IPG နောက်ကိုလိုက်ရမှာဖြစ်ပြီး မြန်မာစစ်အုပ်စုနဲ့လုပ်နေတဲ့ သူတို့စီးပွားရေးကို အဆုံးသတ်ရပါမယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မတ် ၄ တွင် ပြောဆိုခဲ့သည်။


GLAD ကုမ္ပဏီတို့သည် အများပိုင်ကုမ္ပဏီ ၁၁ ခုပူးပေါင်းထားသည့် MNTH တွင် အစုရှယ်ယာ ၃ ဒသမ ၅၅ ရာခိုင်နှုန်းပိုင်ဆိုင်သော်လည်း Mytel အော်ပရေတာတစ်ခုလုံးတွင် သုည ဒသမ ၈၁၆၅ ရာခိုင်နှုန်းပိုင်ဆိုင်ကာ ရှယ်ယာများကို MNTH (သို့မဟုတ်) အခြားတတိယအဖွဲ့အစည်းများကို ရောင်းချသွားမည်ဟု ကုမ္ပဏီက ကြေညာထားသည်။
GLAD အများပိုင်ကုမ္ပဏီဥက္ကဋ္ဌမှာ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဟောင်း ဦးဝင်းအောင် ဖြစ်သည်။


IPG အများပိုင်ကုမ္ပဏီသည် စက်မှုဝန်ကြီးဟောင်းလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်ကြောင်း Justice For Myanmar က ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဒါရိုက်တာအဖွဲ့စာရင်းတွင်မူ ဦးနေအောင်၏ အမည်ကို မတွေ့ရှိရပေ။
အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ Mytel တွင် တပ်မတော်လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ပူးပေါင်းထားသည့် Myanmar National Telecom Holding (MNTH) ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်သည်။
ထို့ကြောင့် ပြည်တွင်းပြည်ပဖက်စပ်လုပ်ငန်းဖြစ်သည့် Mytel ကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပြီး Telecom International Myanmar ကုမ္ပဏီအမည်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျှက်ရှိကာ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် မြန်မာဘက်မှ ၆ ဦး၊ Viettel ဘက်မှ ၄ ဦးနေရာယူထားကြောင်း DICA ၏ မှတ်တမ်းများတွင် တွေ့ရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) တင်ပြသည့် Mytel ၏ အစီရင်ခံစာအရ စစ်တပ်အနေဖြင့် Mytel မှ အမြတ်ငွေများရရှိနေပြီး ဆယ်နှစ်ကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိနိုင်သည်ဟု Justice For Myanmar က ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









