တိုက်ရိုက်တင်ဆက်မှု - မတ် ၈

စစ်ကောင်စီတပ်ဖွဲ့က ရန်ကုန်နှင့် မြို့တချို့တွင် စစ်မြေပြင်အလား နေ့နေ့ညည ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်နေသော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သောလူထုက ငြိမ်းချမ်းသောနည်းလမ်းပေါင်းစုံဖြင့် တော်လှန်နေဆဲဖြစ်သည်။

Published on Mar 8, 2021
ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ ရတနာလမ်းသပိတ်ကို မတ် ၇ရက်က စစ်ကောင်စီ တပ်ဖွဲ့အကြမ်းဖက် ဖြိုခွင်းစဉ်။ ဓာတ်ပုံ - Myanmar Now
ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ ရတနာလမ်းသပိတ်ကို မတ် ၇ရက်က စစ်ကောင်စီ တပ်ဖွဲ့အကြမ်းဖက် ဖြိုခွင်းစဉ်။ ဓာတ်ပုံ - Myanmar Now

၁၄ : ၂၀ မြစ်ကြီးနားတွင် နှစ်ဦး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းကက်သလစ်ဘုရားကျောင်းရှေ့တွင် စစ်အာဏာရှင်ကို တော်လှန်နေသည့် ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လူငယ်နှစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခွင်းမှုဖြစ်စဉ်အတွင် ၂ ဦး ပြင်းထန်ဒဏ်ရရှိကာ အများအပြားဖမ်းဆီးခံထားရသည်ဟု သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

၁၄ : ၀၇ ဖျာပုံ၌  အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပြည်သူ တစ်ဦးသေဆုံး

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင် စစ်အာဏဦရှင်ကျဆုံးရေးဆန္ဒပြရန် စုရုံးနေသည့် ပြည်သူများအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက နှစ်ဖက်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ခွဲစိတ်မှု့မလုပ်ရသေးသည့်အတွက် ကျည်အစစ်လား ရာဘာလားမသိရသေးပါ။ ဆေးခန်းမရောက်ခင် ဆုံးသွားပါတယ်”ဟု ဖျာပုံမြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသူသည် အသက် ၃၀ အရွယ် ဦးသီဟဦး ဆိုသူဖြစ်ကြောင်း သိရသည်။

ဖျာပုံမြို့နယ် အမှတ် (၉)ရပ်ကွက်နဲ့ အမှတ်(၁၁) ရပ်ကွက်ကြား ၇ လမ်းနှင့် ၉လမ်းမှာ သပိတ်စစ်ကြောင်း စုရုံးနေသည့်အချိန် စစ်တပ်နှင်ရဲတို့က နှစ်ဖက်ညှပ် ပစ်ခတ်ဖြိုခွင်းကြခြင်းဖြစ်သည်။ ထို့အပြင် အကြမ်းဖက်ဖြိုခွင်းခံရမှုဖြစ်စဉ်အတွင်း ဆရာမများနှင့် လူငယ် ၁၂၀ နီးပါး အဖမ်းခံရကြောင်း ဒေသခံများကပြောသည်။ 

ဆန္ဒပြရန် မနက်ခင်း လူစုချိန်ကတည်းက ဖြိုခွဲခြင်းဖြစ်ပြီး လူငယ်များ၊ ကျောင်းဆရာမများ အပါအဝင် လူဦးရေ အနည်းဆုံး ၁၀၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးသဖြင့် ပြန်လွှတ်ပေးရန် ဖျာပုံမြို့အတွင်း လှည့်လည်နေသည့် သပိတ်စစ်ကြောင်းများ စုပေါင်း၍ တောင်းဆိုချိန်တွင် လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးမည် ဆိုသဖြင့် စစ်ကြောင်းများ လူစုခွဲပေးခဲ့သေးသည်။

သို့သော် စစ်ကောင်စီတပ်ဖွဲ့က အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် လူစုခွဲသွားသော သပိတ်စစ်ကြောင်းများ ပြန်လည်စုဝေးလာပြီး ဖမ်းဆီးခံရသူများလွှတ်ပေးရန် ထပ်မံအရေးဆိုချိန် နေ့လယ် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်ဖြိုခွဲမှုတွင် အနည်းဆုံး လူ ၈ ဦးခန့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် ကုသနေသည်ဟု ဆိုသည်။ အပြင်းအထန် ဒဏ်ရာ ရရှိနေသူများကို ရန်ကုန်သို့ ပို့ဆောင်ရန် စီစဉ်နေကြောင်းဆိုသည်။

၁၃ :  ၀၅ - ဗဟိုလမ်းသပိတ်ထပ်မံဖြိုခွင်းခံရ

ယနေ့ နံနက်ပိုင်းကတည်းက ဆန္ဒပြပြည်သူများ လူစု၍မရအောင် လိုက်လံဖမ်းဆီးနေသည့် ဗဟိုလမ်း သပိတ်ကို စစ်ကောင်စီတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံးများသုံးကာ ဖြိုခွင်းနေပြီဖြစ်သည်။

၁၂ : ၃၈ ကျွန်းတောလမ်းသပိတ်ကို ဒုတိယအကြိမ်ထပ်မံဖြိုခွင်း

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် စစ်အာဏာရှင်တော်လှန်နေသည့် ပစ်သူများအား စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ထပ်မံဖြိုခွင်းနေပြီဖြစ်သည်။ 

စစ်ကောင်စီ၏လက်နက်ကိုင်အဖွဲ့များသည် ဆန္ဒပြပြည်သူများအား အသံဗုံးများဖြင့် ပစ်ခတ်ဖြိုးခွင်းနေသလို ရပ်ကွက်ထဲ လိုက်လံဖမ်းဆီးနေကြသည်။ 

၁၁ : ၅၀ - ဆန္ဒပြလူအုပ်ကို စစ်ကားဖြင့်တိုက်၊ ပြင်းထန်ဒဏ်ရာရသူအချို့ရှိ

မန္တလေးမြို့၊ မနော်ဟရီ ၅၇ လမ်းပေါ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြ ပြည်သူများကို ယနေ့ (မတ် ၈) တွင် စစ်ကား နှစ်စီးက တိုက်ပြေးရာ လူ ၆ ဦးဒဏ်ရာရရှိခဲ့ပြီး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဒဏ်ရာ ပြင်းထန်သူနှစ်ဦးမှာ အောင်ပင်လယ် ၄၄ လမ်းနေ အသက် ၂၂ နှစ်အရွယ် မမြသွေးခြယ်နှင့် မြရည်နန္ဒာ ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်ဟန်လင်းအောင်တို့ဖြစ်ကြောင်း ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းထံမှ သိရသည်။

ဆန္ဒပြနေသူများကို စစ်ကား နှစ်စီးက တိုက်ပြေး

၁၁ : ၄၅ - မူဆယ်နှင့် လားရှိုးတွင် ပစ်ခတ်ဖြိုခွင်း၊ ပြည်သူအချို့ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် လားရှိုးမြို့များတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်များ အသုံးပြုကာ ပစ်ခတ်ဖြိုခွင်းနေသည်။ 

လားရှိုးမြို့ လူထုသပိတ်စစ်ကြောင်းကို ရပ်ကွက်လမ်းများအထိ ဝင်ရောက်ပစ်ခတ် ဖြိုခွင်းနေခြင်းဖြစ်သည်။ 

မူဆယ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ကျည်အစစ် အသုံးပြု ပစ်ခက်ဖြိုခွင်း၍ ပြည်သူတစ်ဦး ကျော ကုန်းတွင် ထုတ်ခြင်းပေါက်ဒဏ်ရာရခဲ့သဖြင့် အဆုတ်ထိခိုက်မှု ရှိမရှိ၊ အသက်အန္တရာယ် ရှိမရှိ စောင့်ကြည့်ကုသနေရဆဲဖြစ်သည်။
 

၁၁ : ၄၀ - စမ်းချောင်း၌ ပြည်သူတစ်ဦးသေနတ်ဒဏ်ရာရ

ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု အားကောင်းရာ မြို့နယ်တစ်ခုဖြစ်သည့် စမ်းချောင်းမြို့နယ် တွင် ယနေ့ (မတ် ၈) နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က ရာဘာကျည်ဖြင့် ပစ်ခတ်ခံရသဖြင့် လူတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ စမ်းချောင်းမြို့နယ် ကျိုက်လတ်လမ်းတွင် ထိုသို့ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

၁၁ : ၃၄ တောင်ငူ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်ဖြိုခွင်းနေ

ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူစုကွဲခဲ့သည်။ 

တောင်ငူမြို့တွင် လုံခြုံရေးရယူနေသည့် အရံတပ်ရင်းအချို့ကို တိုက်ခိုက်ရေးတပ်မတစ်ခုဖြင့် အစားထိုးမည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။

တောင်ငူ မတ်-၈

၁၁ : ၃၀ တိုက်ကြီးတွင် စစ်အာဏာရှင်တော်လှန်သူ ၅ဦးအဖမ်းခံရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိခွင်းခဲ့သည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဖြစ်စဉ်အတွင်း ပြည်သူ ၅ ဦးအဖမ်းခံကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ ရဲယူနီဖောင်းဝတ် လက်နက်ကိုင်များက ပြည်သူတို့၏ နေအိမ်များအတွင်းသို့ပင်  ဝင်၍ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတို့ကို အကြမ်းဖက်ဖမ်းဆီးနေကြကြောင်း မျက်မြင်သက် သေတစ်ဦးကပြောသည်။


တိုက်ကြီးသပိတ်စစ်‌‌​ကြောင်း

၁၀ : ၃၀ - စမ်းချောင်း၌ လူစုရန်ခက်နေဆဲ

စစ်အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် လူထောင်၊ သောင်းချီစုဝေးဆန္ဒပြခဲ့သည့် ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းတစ်ဝိုက်တွင် ပြည်သူတို့လူစု၍ပင်မရစေရန် စစ်ကောင်စီတပ်ဖွဲ့က ယာဉ်တန်းဖြင့် လှည့်လည် ထိန်းချုပ်နေသည်။

၁၀ : ၂၅- မန္တလေး၌ မြို့သစ်များပါမချန် လုံခြုံရေးတင်းကြပ်ထား

မန္တလေးမြို့ အောင်သာယာမြို့သစ်အတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်များက လမ်းမများပေါ်တွင် အင်အား ငါးဆယ်ခန့်ဖြင့် လှည့်လည်သွားလာလျက်ရှိပြီး၊ စျေးဆိုင်များကို ပိတ်ခိုင်းခြင်း၊ ရပ်ကွက်က ပြုလုပ်ထားသည့် အရံအတားများကို ဖယ်ရှားခြင်း၊ နေအိမ်များအတွင်းမှ ကြည့်နေသူများကို လေးခွဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေပြီး ၄၅ လမ်း၊ မနော်ဟရီလမ်းထောင့်တွင် ရပ်တန့်၍ စစ်ကောင်စီ တပ်ဖွဲ့က နေရာယူထားသည်။ 

၁၀ : ၂၀ - မစိုးရိမ်စစ်ကြောင်းအခြေအနေ

မန္တလေးမြို့၊ မစိုးရိမ်စာသင်တိုက်မှထွက်ခွာလာသော စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း နှင့် စစ်ကောင်စီတပ်ဖွဲ့များထိပ်တိုက်တွေ့နေပြီဖြစ်သည်။

၀၉ : ၅၉ ဗြဟ္မာစိုရ်လမ်းသိပိတ်ဖြိုခွင်းခံသော်လည်း ဆက်လက်ဆန္ဒပြ

တောင်ဥက္ကလာပမြို့နယ် ဗြဟ္မာစိုရ်လမ်းအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရန် ပြည်သူများစတင်စုဝေးခြင်းပင်မပြုရသေးမီ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးသည်။

ဖိနှိပ်ဖြိုခွင်းမှုများရှိနေသော်လည်း တောင်ဥက္ကလာပမြို့နယ်  ဗြဟ္မာစိုရ်လမ်းရှိ ထိုင်သပိတ်စစ်ကြောင်းသည် ပြန်လည်စတင်နေပြီဖြစ်သည်။

 

၀၉ : ၅၈ - သထုံတွင် လက်ကိုင်ဖုန်းများစစ်ဆေးခံနေရ

မွန်ပြည်နယ်၊ သထုံမြို့၊ ပေါ်တော်မူဘုရားလမ်းတွင် ယနေ့နံနက် ၉ နာရီခန့်ကစတင်ပြီး ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်နှင့်ကားများကို ရဲတပ်ဖွဲ့က တားဆီးကာ လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း သိရသည်။

သထုံတွင် ရဲများက လမ်းသွားလမ်းလာများ၏ ဖုန်းယူစစ်

၀၉ : ၅၀ - မြောက်ဥက္ကလာသပိတ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြရန် သုဓမ္မာလမ်း၊ ကန်သာယာပန်းခြံရှေ့တွင် လူငယ်များက ပြင်ဆင်နေပြီဖြစ်သည်။ မတ်လ ၃ ရက်က အကြမ်းဖက်ဖြိုခွင်းခံရမှုများကြောင့် လူသေဆုံးမှုများရှိခဲ့ သော်လည်း မြောက်ဥက္ကလာပမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်များ အားကောင်းနေဆဲဖြစ်သည်။

မြောက်ဥက္ကလာ

၀၉ : ၄၆  - ထားဝယ်သပိတ်စစ်ကြောင်းကို KNU ကာကွယ်

ကရင်အမျိုးသားအစည်းရုံး(KNU)တပ်မဟာ ၄ တပ်ဖွဲ့ဝင်များသည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ပြည်သူများ၏ သပိတ်စစ်ကြောင်းကို ရှေ့ဆုံးမှ ကာကွယ်၍ လိုက်ပါစောင့်ကြပ်ပေးနေသည်။

 ထားဝယ်အရှေ့ခြမ်းသပိတ်စစ်ကြောင်းကို KNU ကာကွယ်

၀၉ : ၄၅ - အာဏာရှင်စနစ်ဆန့်ကျင်သူရာနှင့်ချီ ရုံးထုတ်ရန်ရှိ

အာဏာသိမ်းမှုဆန့်ကျင်ရေး မန္တလေးမြို့ထိုင်သပိတ် ယမန်နေ့က ဖြိုခွင်းခံရစဉ် စစ်ကောင်စီက ဖမ်းဆီး သွားခဲ့သည့် ပြည်သူ ၁၀၀ ကျော်ကို အောင်မြေသာဇံတရားရုံး၌ ရုံးထုတ်စစ်ဆေးရန်ရှိသည်။ 

မန္တလေးတိုင်း ဝန်ကြိးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့တော်ဝန် ဦးရဲလွင်တို့ကိုလည်း အဆိုပါတရားရုံး၌ပင် ယနေ့ရုံးထုတ်စစ်ဆေးရန်ရှိသည်။

၀၉: ၃၀ - ကျောက်မဲမြို့သပိတ်စစ်ကြောင်းစတင်ထွက်ခွာ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် လူထောင်ချီပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်း စတင်ထွက်ခွာနေပြီဖြစ်သည်။

ကျောက်မဲမြို့

၀၉ : ၀၀ - သပိတ်မစမီ တားဆီးနေ

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်ပြုလုပ်နေသည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း၌ ပြည်သူတို့လူစုသည်နှင့်ပင် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖြိုခွင်းဖမ်းဆီးနေသည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ လမ်းသွယ်များ၊ လမ်းမများတွင် ယနေ့ နံနက် အစောပိုင်းမှစ၍ မော်တော် ယာဉ်များဖြင့် စစ်ကောင်စီတပ်ဖွဲ့က လှည့်လည်နေသည်။

စမ်းချောင်းမြို့နယ် မအူပင်လမ်းတဝိုက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များသည် ပြည်သူတို့ကို ဖမ်းဆီး၊ တိုက်ခိုက်ရန် သစ်ပင်များနောက်ကွယ်၌ ပုန်းအောင်း၍ နေရာယူထားသည်ကို မျက်မြင်တွေ့ရသည်။

ထို့အတူ နေ့စဉ်ရက်ဆက်ဆန္ဒပြလေ့ရှိသည့် ကြည့်မြင့်တိုင်မြို့နယ်၊ ဗားကရာလမ်း၊ မြောက် ဥက္ကလာ မြို့နယ် သုဓမ္မာလမ်းတို့တွင်လည်း ဆန္ဒပြပြည်သူများစုဝေးနိုင်ခြင်းမရှိသေးပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading