မြန်မာ့အရေး ကြားဝင်လိုကြောင်း တရုတ်လေသံပစ် 

မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်ကြောင်း နိုင်ငံတကာနှင့် အာဆီယံအသိုင်းအဝိုင်းကို သတိပေးပြော ကြားခဲ့သူ တရုတ်နိုင်ငံက စစ်တပ်အာဏာသိမ်းပြီးတစ်လကျော်အကြာ နိုင်ငံတကာဖိအားများတိုးပွားလာနေချိန် တွင် ကြားဝင်စေ့စပ်ပေးလိုကြောင်း လူသိရှင်ကြား လေသံပစ်လာသည်

ဖေဖော်ဝါရီ ၁ ရက်နေ့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးရှေ့တွင် စစ်အာဏာရှင် အလိုမရှိသော ပြည်သူများ ဆန္ဒထုတ်ဖော်ခဲ့စဉ်။  (ဓာတ်ပုံ − Myanmar Now) 

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှာ ပါဝင်ပတ်သက်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ပြောကြားကြောင်း The Straits Times သတင်းစာက ရေးသားဖော်ပြသည်။

“နောက်ထပ် သွေးထွက်သံယိုမှုတွေနဲ့ ပဋိပက္ခတွေ တာဆီးကာကွယ်ရေးကို ချက်ချင်း ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ယမန်နေ့ (မတ် ၇) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသည့် အခြေအနေတင်းမာမှုကို ပြေလျော့နိုင်စေဖို့ တရုတ်က ကြားဝင်ဆောင်ရွက်ပေး လိုပြီး ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် မြန်မာနိုင်ငံသားများ၏ သဘောဆန္ဒကို လေးစားသွားမည်ဟုလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆိုသည်။ 

“ပါဝင်ပတ်သက်နေသူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့။ နောက်ပြီး ပဋိပက္ခတွေကိုင်တွယ် ဖြေရှင်းရာမှာလည်း နိုင်ငံတွေရဲ့ အကျိုးစီးပွား ရှေးရှုပြီး ဥပဒေနဲ့အညီဆောင်ရွက်ကြဖို့ လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဏာမသိမ်းမီ နှစ်ပတ်ခန့်အလိုက နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့တပ်မတော်၏ အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဍနှင့် မြန်မာပြည်၏ အနာဂတ်အတွက် ရေရှည်စဉ်းစားလုပ်ဆောင်နေမှုများကိုလည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေမည့် အစဉ်အလာချစ်ကြည်ရင်းနှီးမှုများကို သန္နိဌာန်ထားရှိမှုများကို လည်းကောင်း အလေးအနက်ထားရှိပါသည်ဟု ပြောဆိုခဲ့သည်။ 

မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကို လွန်ခဲ့သော သီတင်းပတ်များ အတွင်း တရုတ်နိုင်ငံက သတိပေးပြောကြားခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတစ်လကျော်အကြာတွင် ကြားဝင် စေ့စပ်ပေးလိုကြောင်း တရုတ်က လူသိရှင်ကြားထုတ်ပြောလာခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံ၏ သတိပေးပြောဆိုမှုအပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ကို အလျင်စလိုသွားရောက်ပြီး အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်များနှင့် ညှိနှိုင်းရန် ဆော်ဩခဲ့သည်။ ထို့နောက် အင်ဒိုနိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်သို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း မြန်မာပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခရီးစဉ် ပျက်ပြယ်ခဲ့သည်။

နောက်တစ်ရက်တွင် အင်ဒိုနိုင်ငံခြားရေးနှင့် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထား သူတို့ ဘန်ကောက်တွင် လျှို့ဝှက်တွေ့ဆုံခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ၏ အလွတ်သဘောတွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးပါဝင်သော သဘောတူညီချက်မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးအချို့၏ သီးသန့်ပြောဆိုမှုထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏ လှုပ်ရှားမှုများငြိမ်သက်တိတ်ဆိတ်သွားသည်။ ထိုအချိန်တွင် မြန်မာအ့အရေး ကြားဝင်လိုကြောင်း တရုတ်က အသံထွက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အာဏာသိမ်းစစ်အုပ်စု ထောက်ခံအားပေးနေသည်ဟူသော ယူဆချက်များရှိနေသည့်နည်းတူ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခြင်းနှင့် ပတ်သက်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးခေါင်းဆောင်များ မတရားဖမ်းဆီးထိန်းသိမ်း အရေးယူခံရခြင်းနှင့် ပတ်သက်၍လည်းကောင်း တရုတ် နိုင်ငံက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ကြားဝင်ရန်ဆောင်ရွက်ရန် အနောက်နိုင်ငံများက ကုလသမဂ္ဂတွင် ဖိအားပေး ကြိုးပမ်းအခါတိုင်း တရုတ်က ကန့်ကွက်လေ့ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထားသူများ ကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့သည့်လအတွင်း ကုလလုံခြုံရေးကောင်စီက တောင်းဆိုရာတွင် တရုတ်နိုင်ငံက သဘော တူပါဝင်ခဲ့သည်။

သို့ရာတွင် ကုလ၏ ထိုတောင်းဆိုချက်မှာ အရာမထင်ခဲ့ပေ။ အာဏာသိမ်းစစ်အုပ်စုသည် ကုလသမဂ္ဂနှင့် နိုင်ငံ တကာ၏ ဖိအားပေးပြောဆိုမှုများ၊ အရေးယူပိတ်ဆို့မှုများ ရှိလင့်ကစား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော အရပ်သားပြည်သူများကို အပြင်းအထန် ဖြိုခွင်းနှိမ်နင်းလျက်ရှိသည်။

အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ ကျည်အစစ် အသုံးပြုကာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူပေါင်း ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်ကာ ဒဏ်ရာရရှိသူ ရာနှင့်ချီရှိနေသည်။ 

လမ်းပေါ်ထွက်ဆန့်ကျင်ကန့်ကွက်သူများကို နေ့စဥ် ဖမ်းဆီးနေပြီး အများအပြားကို နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ မတ်လ ၆ ရက်နေ့အထိ ဆက်လက် ထိန်းသိမ်း ခံခဲ့ရသူ ၁၀၀၀ ကျော်ရှိပြီဖြစ်သည်။ 

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading