စစ်တပ်က ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် ကျောင်းများတွင် ဝင်ရောက်တပ်စွဲ 

မြို့ပြအရပ်ဘက် အဆောက်အအုံများတွင် စစ်တပ်က အတင်းအဓမ္မ ဖြန့်ကြက်နေရာယူနေခြင်းမှာ အာဏာသိမ်းမှု ဆန့်ကျင်သူများကို အရှိန်မြှင့်ဖမ်းဆီးရန်ဖြစ်သည့်အပြင် တင်ရင်းတပ်ဖွဲ့များနှင့် ရဲတပ်ရင်းများတွင် အင်အားလျော့ပါးလာ၍လည်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောသည် 

Published on Mar 7, 2021
မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်တပ်နှင့် ရဲများ ဝင်ရောက်နေရာယူ တပ်စွဲထားစဉ်။  
မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်တပ်နှင့် ရဲများ ဝင်ရောက်နေရာယူ တပ်စွဲထားစဉ်။  

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မြို့ကြီးအသီးသီးရှိ  ဘာသာရေး အ ဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်ကျောင်းများတွင် အတင်းအဓမ္မ ဝင်ရောက်ကာ တပ်စွဲ လျက်ရှိသည်။ 

မွန်၊ ကချင်၊ ရခိုင်နှင့် ကယားပြည်နယ်များ အပါအဝင် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ပဲခူးတိုင်းအတွင်းရှိ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စစ်ကောင်စီ ၏ လက်နက်ကိုင်များက တပ်စွဲရန် ကြိုးပမ်းခဲ့ရာတွင် ဒေသခံပြည်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ လည်း ရှိခဲ့သည်။ 

မန္တလေးနည်းပညာတက္ကသိုလ်သို့ ယနေ့ (မတ် ၇) နံနက် ၆ နာရီခန့်တွင် စစ်ကားလေးစီးရောက်ရှိလာပြီး တပ်စွဲရန် ကြိုးပမ်းခဲ့ရာ ကျောင်းနှင့်အနီးဝန်းကျင်ရှိ ပြည်သူများက ကန့်ကွက်ခဲ့ကြသဖြင့် စစ်တပ်က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းရာတွင် ဒဏ်ရာရသူ အချို့ရှိခဲ့သည်။

ကျောင်းလုံခြုံရေးတာဝန်ရှိသူ အသက် ၃၅ နှစ်အရွယ် ကိုကျော်သူမှာ မျက်လုံးအောက် မျက်ခမ်းစပ်တွင် ပြင်းထန်ဒဏ်ရာရခဲ့သဖြင့် ခွဲစိတ်ခဲ့ရပြီး အခြားတစ်ဦးမှာလည်း ပေါင်တွင် ရာဘာကျည်ထိမှန်ဒဏ်ရာ ရခဲ့သည်။

"ဆရာနှစ်ဦးလည်း ရိုက်ခံရသေးတယ်။ အခု သူတို့က ကျောင်းထဲတပ်စွဲထားပြီ။ ကျွန်တော်တို့ ထွက်လာ တော့ကို ပစ်နေသေးတယ်။ နောက်ထပ်အခြေအနေ မသိရသေးဘူး" ဟု ကိုကျော်သူက ယနေ့ နေ့လယ်ပိုင်း ပြောသည်။

မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်၊ မန္တလေးဆေးရုံကြီး၊ မဟာမြတ်မုနိဘုရား၊ မန္တလေဘူတာကြီး၊ ဗထူး ကွင်း၊ လျှပ်စစ်ရုံးများ၊ စည်ပင်နှင့် တိုင်းအစိုးရရုံးများတွင် စစ်ကောင်စီတပ်ဖွဲ့များက နေရာယူထားသည် ကို Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။  

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာတွင်လည်း ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်က မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ကို တပ်မ ၃၃နှင့် တိုင်းရဲတပ်ဖွဲ့က တပ်စွဲရန် ဝိုင်းခဲ့ရာတွင် ဒေသခံပြည်သူများ နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ 

“သူတို့ကတော့ အာဏာဖီဆန်မှု (CDM)ကို ဖိနှိပ်ဖို့ မဟုတ်ပါဘူးလို့ပြောတာပဲ။ လုံခြုံရေးအရ ယူတာပါ လို့ပြောတယ်။ ကျွန်တော်အထင်ကတော့ မြို့ပြတွေမှာ အုပ်ချုပ်ရေးယန္တရား မရှိတော့တဲ့အခါကျတော့ ထိန်းချုပ်နိုင်ဖို့နဲ့ စစ်ရေးအရ ပြင်ဆင်တာလို့ မြင်တယ်” ဟု မုံရွာမြို့နယ်ဆရာသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့တွင်လည်း မြို့နယ်ဆေးရုံကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်ချထားရာတွင် ဒေသခံ များက ကန့်ကွက်သဖြင့် သေနတ်ဖြင့် ပစ်ခတ်သည့်အပြင် လူနေရပ်ကွက်အတွင်း မျက်ရည်ယိုဗုံးများ ပစ်ခတ်ကာ စစ်ကောင်စီ၏ လက်နက်ကိုင်များက လူစုခွဲခဲ့သည်။ 

“သူတို့က မဆုတ်ပါဘူး။ မြို့နယ်ပြည်သူ့ ဆေးရုံမှာ တပ်စွဲထားတာ။ သူတို့ ၁၂ ယောက်လောက် အိပ်မယ် လို့ပြောတယ် ကျွန်တော်တို့ဆီကို ဆက်သွယ်လာတယ်။ သူတို့ထိပ်တိုက် မတွေ့ချင်ဘူး။ ပြည်သူတွေက ပိတ်ဆို့မှုတွေလုပ်ရင် ပစ်ခတ်မှုတွေလုပ်ရပါမယ်လို့ ပြောတယ်။ အထက်အမိန့်ရ မဆုတ်ပါဘူးလို့ ပြော တယ်”ဟု ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဦးကျော်မိုးအေးက ပြောသည်။

ရေးမြို့နယ်ဆေးရုံတွင် စခန်းချထားသည်မှာ နယ်မြေခံတပ်များဖြစ်ပြီး ထိုသို့ တပ်ချထားမှုကို ကန့်ကွက် သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် လူနှစ်ဦး ရာဘာကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့ဆေးရုံသို့ စစ်တပ်ဝင်ရောက်လာသော ကြောင့် ဆေးရုံအုပ်ကြီးက တားဆီး ခဲ့ရကြောင်း Mizzima သတင်းတွင် ဖော်ပြသည်။ 

"ဘာအကြောင်းကိစ္စရှိလို့ လာတယ်ဆိုတာတော့ မသိဘူး။ ဆရာဝန်ကြီးက ထွက်ပြောတော့ သူတို့ အထက်ကိုတင်ပြနေတာတော့ တွေ့တယ်။ မနက် ၈ နာရီကျော်လောက်ထိနေပြီး ပြန်သွားကြတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယမန်နေ့ကတည်းက မြို့ပြအဆောက်အအုံများတွင် နေရာ ဝင်ရောက်တပ်စွဲရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း ပုသိမ်မြို့တကောင်းဘုရားတွင် စစ်တပ်လာထားသဖြင့် ဒေသခံများက သံပုံးတီးမောင်းထုတ်ခဲ့ကြောင်း DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ 

ကယားပြည်နယ် လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံပြည်သူများ ပူးပေါင်းကန့်ကွက်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း ကယား(ကရင်နီ)ပြည်နယ် ကျောင်းသား သမဂ္ဂအင်အား စုကော်မတီ၊ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂတို့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါသမဂ္ဂများက စာသင်ကျောင်းသည် စစ်တပ်စွဲရန် နေရာမဟုတ်၊ တက္ကသိုလ်သည် စစ်အာဏာရှင် စနစ်ကို စတင်တိုက်ဖျက်မည့်နေရာဖြစ်ကြောင်း ကြေညာထားပြီး နောင်တွင်လည်း လက်သင့်ခံရန် မရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိခဲ့သော လက်နက်ခဲယမ်းများကိုလည်း လွိုင်ကော်ရဲစခန်းတွင် အပ်နှံပြီးဖြစ်ကြောင်း ကြေညာထားသည်။ 

ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံစသည့် အရေးကြီးသည့် နေရာများတွင်လည်း စစ်တပ်နှင့်ရဲတပ်ဖွဲ့က တပ်စွဲထားပြီးဖြစ်ကာ မေဓာဝီဆေးရုံ၌ စစ်ကား ခုနှစ်စီး၊ ရဲကားတစ်စီးတပ်စွဲထားရာ တပ်မ ၇၇ ပါဝင်သည်ကို ယမန်နေ့တွင် Myanmar Now က မျက်မြင်တွေ့ရှိ ခဲ့သည်။ 

ထို့အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ ဂန္ဓီဆေးရုံနှင့် ဒဂုံတက္ကသိုလ်တို့ကို တပ်စွဲရန် စစ်တပ်နှင့် ရဲများရောက်လာသည်ဟု သက်ဆိုင်ရာဆေးရုံများရှိ ကျန်းမာ ရေးဝန်ထမ်းများက Myanmar Now ကို အတည်ပြုပြောကြားသည်။ 

ရန်ကုန်ဆေးရုံကြီးတွင် ရဲတပ်ဖွဲ့က တပ်စွဲရန် ကြိုးပမ်းခဲ့သည်ကို ပြည်သူလူထုက ကန့်ကွက်သဖြင့် ညနေ ၇ နာရီကျော်နောက်ဆုံးထား ဆုတ်ခွာရန် ဆေးရုံကြီး တာဝန်ကျပါမောက္ခတစ်ဦးက ပြောထားသော်လည်း ဆက်လက်တပ်စွဲနေသဖြင့် ညိနှိုင်းနေရဆဲဖြစ်သည်ဟု ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ ညပိုင်းတွင် Myanmar Now ကို ပြောသည်။ 

ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဂန္ဓီဆေးရုံကြီးရှေ့တွင် ယနေ့ည ၇ နာရီကျော်အထိ တပ်စွဲထားသည့် စစ်တပ်ကို ပြည်သူများက ကန့်ကွက်နေဆဲဖြစ်သဖြင့် စစ်ကောင်စီ၏ လက်နက်ကိုင်များက လူစုခွဲခိုင်းနေသည်ဟု ထိုနေရာတွင် ရောက်ရှိနေသူအချို့က ပြောသည်။ 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်တွင် စခန်းလာချသည့် ရဲတပ်ဖွဲ့ကို "ပြည်သူ့ဆေးရုံ၊ ပြည်သူသာလုံခြုံရေးယူမည်" ဟုဆိုကာ ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ ကြပြီး ပဲနွယ်ကုန်းတောရကြီးကျောင်းတိုက် ဆရာတော်လာရောက်ညှိနှိုင်းပေးပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ပြန်လည်ထွက်ခွာခဲ့ကြသည်။ 

သို့သော်  ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ပခုက္ကူ၊ ပူတာအို၊ ပုသိမ်၊ မိတ္ထီလာမြို့များ ရှိ တက္ကသိုလ်ကျောင်း၊ ဆေးရုံနှင့် ဘုရားစေတီပုထိုးများ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ အမိအရ နေရာယူတပ်စွဲခဲ့သည်။ 

တိုင်းနှင့်ပြည်နယ် ၉ ခုရှိ တက္ကသိုလ်ပေါင်း ၃၂ ခုတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ များက ဝင်ရောက်တပ်စွဲထားကြောင်း ကျောင်းသားသမဂ္ဂများ စုပေါင်းတည်ထောင်ထားသည့် DHA NA လူမှုကွန်ရက်စာမျက်နှာက စုစည်းဖော်ပြထားသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အရပ်ဖက်အဆောက်အအုံများတွင် ထိုသို့အတင်းအကျပ် တပ်စွဲနေခြင်းမှာ NLD ပါတီဝင်များနှင့် အာဏာသိမ်းမှု ဆန့်ကျင်သူ များကို အရှိန်မြှင့်ဖမ်းဆီးရန်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။ 

မတ် ၆ ရက်မှစတင်ကာ ညစဉ်ညတိုင်း လူဖမ်းပွဲများဆင်နွှဲနိုင်ရန် စစ်ကောင်စီက စီစဉ်ထားကြောင်း၊ ထို့အပြင် တပ်ရင်းတပ်ဖွဲ့များသည် မူလအင်အားထက် အရေအတွက်လျော့နည်းနေသည်ဟုလည်း ၎င်းက ပြောသည်။

"လက်ရုံးတပ်၊ ဆေးတပ်တွေကအစ သုံးနေရပြီ။ ရဲတပ်ရင်းက ကလေးတွေလည်း ပြေးကုန်ကြပြီ။ ရေတပ် လည်းပါတယ်။ သူတို့တပ်ရင်းတွေကို မြို့နယ်တွေခွဲပေးပြီး တပ်စွဲခိုင်းနေပြီ။ အင်ဂျင်နီယာတပ်ကအစ ပါတယ်" ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှ ယမန်နေ့ (မတ် ၆) အထိ လူပေါင်း ၁,၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထား ရကာ တရားစွဲဆိုခံထားရသူများ ရှိသည့်နည်းတူ ပြန်လည်လွတ်မြောက်လာသူ ၃၁၈ ဦးရှိသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading