အသက်ကိုရင်းပြီး CDM တွင် ပါ၀င်လာသူ ရဲများကို နားလည်ပေးသင့် 

CDM ရဲများက ဆန္ဒပြသူတို့ထံမှ သတင်းနှိုက်ယူလိမ့်မည်ဟူသော သုံးသပ်ချက်မှာ အစိုးရိမ်လွန်ရာရောက်နေပြီး CDM ဆန့်ကျင်သူတို့၏ ဝါဒဖြန့်မှုလည်း ဖြစ်နိုင်သည်ကို သတိပြုသင့်သည်

အာဏာသိမ်းသည့်နေ့မှစ၍ ယနေ့အချိန်ထိ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်ပြီးလူမဆန်သည့် ပြုမူမှုများကို မလိုလားသော ရာနှင့်ချီသည့် ရဲတပ်ဖွဲ့၀င်များသည် ၎င်းတို့၏ အသက်ကို စွန့်စား၍လည်းကောင်း၊ ၎င်းတို့၏မိသားစုဝင်များ ဘဝပျက်လုနီးပါးအဖြစ်ခံ၍လည်းကောင်း  CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေကြသည်။ 

ထိုရဲတပ်ဖွဲ့၀င်များသည် အပြစ်မဲ့သူတို့ကို ရက်စက်စွာသတ်ဖြတ်မည်လော၊ မိမိတို့ထောင်ကျ၊ ဘဝပျက်၊ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်မည့်အနေအထားကို ရွေးချယ်မည်လော ဆိုသော အခြေအနေတွင် ဆိုက်ရောက်နေသည်။ ပထမရွေးချယ်မှုကို ရွေးချယ်ပါက ပိုမိုလွယ်ကူသည်။ သို့သော်လည်း ၎င်းတို့သည် ဒုတိယအခြေအနေကို  ကြီးမားသောပေးဆပ်မှုများဖြင့် ရွေးချယ်နေကြသည်။ 

အာဏာသိမ်းပြီးချိန်မှစ၍ လမ်းဘေးလောင်းကစားမှုမှအစ သစ်နှင့် မူးယစ်ဆေး အလုံးအရင်းသယ်ဆောင်မှုအထိ ဥပဒေမဲ့လုပ်ရပ်မျိုးစုံ လွတ်လွတ်လပ်လပ် လုပ်ကိုင်၍ ရနေသည်။

ရဲတပ်ဖွဲ့က ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လျစ်လျူရှုထားရဦးမည် ဆိုသည်မှာ အများစုသိသော လျှို့ဝှက်ချက် ဖြစ်နေသည်။

ရဲတပ်ဖွဲ့သည် ဥပဒေစိုးမိုးရေးလုပ်ငန်းအ၀၀ကို ရပ်ထားပြီး စစ်ကောင်စီက ပစ်မှတ်ထားသည့်နေရာတို့ကိုသာ အာရုံစိုက်ပေးနေရသည်။

ပုံမှန်အားဖြင့် ဆိုလျှင် ရဲတို့မှာ စစ်ဗိုလ်ချုပ်ကြီးများ အဆင့်ဆင့် စီမံကိုင်တွယ်မှုအောက်တွင် လုပ်ကိုင်ခဲ့ရသည့်အတွက်  သမားရိုးကျအာဏာသိမ်းမှုကိုပင် သည်းခံနိုင်မည့် အနေအထားရှိသည်၊ သို့သော်  မတရားဖမ်းဆီး သတ်ဖြတ်ရမည့် လုပ်ရပ်များကို မပြုလုပ်မိရန် ၎င်းတို့၏ မွေးရာပါ လူသားဆန်မှုက စေ့ဆော်နေသည်။ ထို့ကြောင့် ကြီးမားစွာသော ဆုံးရှုံးမှုများကို ထွေးပိုက်ပြီး CDM တွင် ပါ၀င်လာကြသည်။  ထိုအချက်ကို မည်သူကမျှ ပေါ့ပေါ့ဆဆ မတွက်ဆသင့်ပေ။ 

သို့ရာတွင် အင်တာနက်ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်တော်သားများဟု ယူဆရသူတို့က  ၎င်းတို့ကို တိုက်ခိုက်စော်ကားနေသည်။  CDM ရဲတို့သည် ဆန္ဒပြသမားများနှင့် ပူးပေါင်းပြီးသတင်းနှိုက်ချင်သည်ဟူ၍လည်းကောင်း၊   နေ့တွင် CDM လုပ်ပြီး ညတွင် တာဝန်ထမ်းဆောင်နေသူများဟုလည်း ထိုးနှက်ရေးသားနေကြသည်။ 

အမှန်မှာ ဆန္ဒပြသမားတို့၏အခြေအနေအား စုံစမ်းရန်    CDM လုပ်စရာမလိုပေ။ ဆန္ဒပြသမားတို့မှာ စနစ်တကျစုစည်းထားသောလူစုမဟုတ်၊ ခေါင်းဆောင်ဟူ၍လည်း သီးသန့်မရှိ၊ စိတ်တူကိုယ်တူ မိမိနိုင်သမျှ ဆန္ဒပြနေခြင်းသာဖြစ်သည်။

ထို့ကြောင့် စစ်သားများ၊ ရဲများက  ဆန္ဒပြသမားအယောင်ဆောင်၍ သတင်းအလွယ်တကူရယူနိုင်သည်။ ယူလည်း ယူနေကြသည်။

ထို့ပြင် မြို့ကြီးများတွင် လမ်းဘေး တပ်ဆင်ထားသော CCTV စောင့်ကြည့်ကင်မရာများမှတစ်ဆင့် စစ်အုပ်စုက မြေပြင် အခြေအနေကို အလွယ်တကူစောင့်ကြည့်နေနိုင်သည်။

ယခုတလောတွင် ရန်ကုန်ရှိ ဆန္ဒပြမှုများပုံမှန်ဖြစ်ပွားရာ မြေနီကုန်း၊ လှည်းတန်း၊ တာမွေ၊ အင်းစိန် အစရှိသည့် မြို့နယ်များတွင် စစ်အုပ်စုက CCTV ကင်မရာအသစ်များကို တပ်ဆင်နေသည်မှာလည်း ဆန္ဒပြပြည်သူလူထု၏ လှုပ်ရှားမှုများကို အဝေးမှ အလွယ်တကူ စောင့်ကြည့်ရန်ဖြစ်သည်။ 

ရဲများ CDM တွင် ပါ၀င်သည် ဆိုသော်လည်း လုပ်ငန်းခွင်မ၀င်တော့ဘဲ လုံခြုံသည့်နေရာတခုခုသို့ တိမ်းရှောင်နေခြင်းသာ ဖြစ်သည်။ သပိတ်စခန်းများကို သွားရောက်စီမံကူညီရန် သွားရောက်မည်မဟုတ်ပေ။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါ၀င်သူချင်းအတူတူ အရပ်ဘက်၀န်ထမ်းများမှာ အများအားဖြင့် အိမ်တွင်နေထိုင်နေကြပြီး ရာထူးကြီးသူများ၊ ဦးဆောင်သူဟု စွပ်စွဲခံရသူတို့သာ ရှောင်တိမ်းကြရသည်။

လက်နက်ကိုင်အဖွဲ့တွင် တာ၀န်ယူထားသူတို့မှာ အာဏာဖီဆန်သည်နှင့် တပ်ဖွဲ့တွင်း စည်းကမ်းများကို ချိုးဖောက်ရာရောက်ခြင်း၊ ၀န်ထမ်းအိမ်ရာမှ မိသားစုလိုက် အချိန်တိုအတွင်း ထွက်ခွာရန် ခက်ခဲခြင်း စသည့် အဟန့်အတားများ ရှိနေသည်။ 

ထိပ်တန်းအရာရှိများပါ၀င်သည့် ရာနှင့်ချီသော ရဲများ CDM တွင် ပါ၀င်နေပြီး အရေအတွက်မှာ လာမည့်ရက်ပိုင်းအတွင်း ထောင်ဂဏန်း ဖြစ်သွားနိုင်သည်။

လူထုဘက်သို့ ရပ်တည်လာသူများမှာ အများအားဖြင့် မြို့နယ်ရဲစခန်းများတွင် တာ၀န်ကျသော ရဲများ ဖြစ်နေသည်။ ဆန္ဒပြသူတို့ကို လိုက်လံဖမ်းဆီးရိုက်နှက်ပစ်ခတ်ရန် အထူးလေ့ကျင့်ထားသော  လုံထိန်းရဲများမှာ CDM တွင် ပါ၀င်လာမှု မရှိသလောက်ပင်။

CDM တွင် ပါဝင်သော ရဲတပ်ဖွဲ့၀င်များမှာ ၎င်းတို့၏အသက်ကို ဖက်နှင့်ထုတ်ကာ ထွက်ပြေးတိမ်းရှောင်နေရဖွယ်ရှိသည်၊ ထို့ကြောင့် ရဲတပ်ဖွဲ့၀င်များ CDM တွင် ပါ၀င်လာရခြင်းမှာ ဆန္ဒပြသမားများထံမှ သတင်းနှိုက်ချင်၍ဖြစ်သည် ဟူသော ရေးသားမှုများသည် အစိုးရိမ်လွန်ခြင်းလည်း ဖြစ်နိုင်သကဲ့သို့  အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့် စစ်ဆင်ရေးလည်း ဖြစ်နိုင်ကြောင်း  သတိထားသင့်သည်။ 

ယခုကဲ့သို့ဝါဒဖြန့်ခြင်းအားဖြင့် ပြည်သူတို့က CDM ရဲများကို ကူညီမှုမပြုစေရန်၊ တာ၀န်ဆက်လက်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့၀င်များ  CDM တွင် မပါဝင်စေရန် လှုံ့ဆော်ခြင်းသာဖြစ်သည်။ 

အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းသည့်နောက်ပိုင်း ဖမ်းဆီး၊ ပစ်သတ်၊ ရိုက်နှက်၊ အကြမ်းဖက်လုယက်မှုများကို ပြုနေသည်သာမကဘဲ ကြီးမားသော ဝါဒဖြန့်စစ်ဆင်ရေးကို ဆင်နွှဲနေသည်ကို သတိပြုသင့်သည်။

ဇန်နဝါရီ ၂၈ ရက်နေ့တွင် Myanmar Now သတင်းဌာနက နေပြည်တော်တွင် နိုင်ငံရေးမုန်တိုင်းကြီး ၇၂ နာရီအတွင်း ကျရောက်တော့မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံတော်သမ္မတပါ ဖမ်းဆီးခံရတော့မည်ဟူ၍ သတင်းရေးသားခဲ့သည်။ 

ထို ၇၂ နာရီဆိုသော သတင်းစကားမှာ ပြည်သူများကြားထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားသည်ကို အကြောင်းပြု၍ အာဏာသိမ်းပြီးနောက် ၇၂ နာရီအတွင်း ပြည်သူတို့ လမ်းပေါ် မထွက်လျှင် အာဏာသိမ်းခြင်းမှာ အလိုလိုပျက်ပြယ်မည်ဟု  ပြည်သူတို့အား  အမှန်တကယ်လမ်းပေါ်မထွက်စေရန် ဝါဒမှိုင်းဖြန့်ခဲ့သည်။ 

ယခုအချိန်တွင်လည်း ရက်ရက်စက်စက် ပစ်သတ်ခံရသော ဆန္ဒပြသမားတို့မှာ စစ်တပ်က သတ်သည်မဟုတ် ထူးဆန်းလျှို့ဝှက်သော တတိယအင်အားစုတစ်စုက ဆန္ဒပြလူလုပ်ထဲ ရော၍ တပ်မတော်ပုံရိပ်ကျရန် ဆန္ဒပြသမားတို့ကို အနီးကပ်လုပ်ကြံသတ်ဖြစ်နေသည်ဟု စစ်တပ်ချုပ်ကိုင်ထားသော သတင်းစာများက လံကြုပ်ပြု၍ ရေးသားနေကြသည်။ 

ထို့ကြောင့်  မိုးလုံးပြည့်မုသာဝါဒဖြန့်စကားများကို အထူးသတိထားသင့်ကြောင်း၊ CDM တွင်ပါ၀င်လာသော  ရဲတပ်ဖွဲ့၀င်များကို အထင်မမှားသင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading