ပစ်ခတ်ဖမ်းဆီးခံရသည့် မြိတ်မှ DVB သတင်းထောက် မိသားစုနှင့် တွေ့ခွင့်မရသေး

DVB သတင်းထောက် ကိုအောင်ကျော်အပါအဝင် သတင်းမီဒီယာသမားများ ဖမ်းဆီးခံထားရပြီး ကိုးဦးမှာ ထောင်သုံးနှစ်အထိ ပြစ်ဒဏ်ချနိုင်မည့် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်

မြိတ်မြို့ အင်းလေးမြိုင်ရပ်ကွက်အတွင်း နေအိမ်များကို စစ်တပ်နှင့် ရဲတို့က ဝင်ရောက်ဖျက်ဆီးခြင်းအား မတ် ၁ တွင် ကိုအောင်ကျော်က ရုပ်သံအင်တာဗျူး လုပ်ခဲ့သည် ။ (ဓာတ်ပုံ-DVB) 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော် ခေါ် ကိုကောင်းမြတ်လှိုင်အား နေအိမ်မှ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်ကျော်ကြာသည်အထိ တွေ့ခွင့်မရသေးကြောင်း မိသားစုနှင့် ရှေ့နေများက ပြောသည်။ 

ပြီးခဲ့သည့် မတ် ၁ ၊ ည ၁၀နာရီခွဲအချိန်ခန့်၌ ၎င်း၏ နေအိမ်ကို စစ်တပ်နှင့် ရဲက ပစ်ခတ်၊ ချိုးဖျက်ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ၎င်းအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို စစ်တပ်နှင့်ရဲက အသိပေးပြောဆိုခြင်း မရှိဟု မိသားစုဝင်များက ပြောသည်။

"ညီမ အသိတွေက (မြိတ်) ထောင်ကို စားစာရာသွားပို့ကြည့်ပါလား။ သူရှိတယ်ဆိုရင် ထောင်က လက်ခံလိမ့်မယ်လို့ ပြောတာနဲ့ ညီမသွားပို့တယ်။ စားစရာတော့ ယူထားတယ်။ လူရှိ၊ မရှိတော့ အတည်မပြုပေးကြဘူး”ဟု ကိုအောင်ကျော်၏ ဇနီးက ပြောသည်။

ကိုအောင်ကျော်နှင့် တွေ့ခွင့်ရရန် မိသားဝင်ဖြစ်ကြောင်း ထောက်ခံစာတောင်းကြောင်း၊ မိသားစုဝင်ထောက်ခံစာ သွားပြသည့်အခါတွင် ရှေ့နေဖြစ်သူ၏ တံဆိပ်တုံးထုပေးသည့် စာရွက်လိုအပ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။   

“ ရှေ့နေတစ်ယောက်ကို ရဲက Seal (တံဆိပ်တုံး) ထုပေးပါလို့ ပြောတယ်။ ရှေ့နေကတော့ တခြားလူတွေကျ မလိုဘဲနဲ့ ဘာဖြစ်လို့ လိုတာလဲဆိုတာ တစ်ခေါက်ပြန်မေးဖို့ပြောတယ်။ သူက အချုပ်ကျနေဆဲ ကာလဖြစ်တယ်။ ရမန်လည်း မယူရသေးဘူးဆိုတော့ မလိုအပ်သေးဘူးလို့ ပြောပါတယ်။ ဘာလို့ ရှေ့နေ Seal လိုတာလဲ ဆိုတာ ပြန်မေးဖို့ လုပ်နေတယ်”ဟု ကိုအောင်ကျော်၏ ဇနီးက ပြောသည်။

ကိုအောင်ကျော်ကို ဖမ်းဆီးသွားသည့်အချိန်မှစ၍ ယခုအချိန်ထိ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များက တရားရုံးထုတ် ချုပ်ရမန်မယူကြသေးဘဲ ချုပ်နှောင်ထားခြင်းဖြစ်ပြီး လာမည့် ၁၆ ရက်နေ့တွင် ပထမဆုံး ရုံးထုတ်ဖွယ် ရှိနေသည်။

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိ DVB သတင်းထောက် ကိုအောင်ကျော်၏နေအိမ်သို့ လက်နက်အပြည့် အစုံ ကိုင်ဆောင်ထားသော စစ်တပ်နှင့် ရဲများက မတ် ၁ တွင် အကြမ်းပတမ်း လာရောက်ဖမ်းဆီးခြင်း ဖြစ်သည်။

စစ်သားနှင့် ရဲတို့သည် ကိုအောင်ကျော်၏ နေအိမ်ရှေ့တည့်တည့်နေရာမှာ နေရာယူကာ နေအိမ်အတွင်း ခဲများဖြင့် ပစ်ခတ်အကြမ်းဖက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကိုအောင်ကျော်နေအိမ်တံခါးကိုလည်း ရိုက်နှက်ဖျက်ဆီးပြီး ကိုအောင်ကျော်ကို ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

၎င်းဖမ်းဆီးခံရချိန်တွင် DVB စာမျက်နှာမှ Live လွှင့်ခဲ့၍ လာရောက်ဖမ်းဆီးစဉ် ခဲဖြင့်နေအိမ်အား ပစ်ခြင်း၊ အော်ဟစ်၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အခြေအနေကို တွေ့မြင်ရသည်။ 

“အောက်က ချိုးဖျက်၊ ရိုက်ဖျက်သံတွေ ကြားရတယ်။ တုတ်နဲ့ ရိုက်အသံတွေကြားရတာနဲ့ ညီမအမျိုးသားလည်း DVB Pageက နေ Live လွှင့်လိုက်တယ်။ Live လွှင့်နေတဲ့အချိန်မှာပဲ သူအော်သံကြားလိုက်ရတယ်။ အဲဒီအချိန်မှာ ၂ နှစ်မပြည့်သေးတဲ့ သမီးလေးကို သိပ်နေတာ။ ခဲက တောက်လျှောက်ဝင်လာတာ။ သူ့နားက ဘယ်လိုမှ ကပ်လို့မရဘူး” ဟု ဇနီးဖြစ်သူက ပြောသည်။

တံခါးချိုးဖျက်ဝင်လာသည့် စစ်သားနှင့် ရဲတို့သည် ကိုအောင်ကျော်အား အိမ်အပေါ်ထပ်သို့ တက်၍ ချုပ်နှောင်ဖမ်းဆီးခဲ့သည်။ ဇနီးဖြစ်သူသည် ၎င်းအမျိုးသား၏ ဒဏ်ရာအခြေနေကို ကြည့်ရန် စစ်တပ်နှင့် ရဲကို တောင်းဆိုခဲ့သော်လည်း ခွင့်မပြုဘဲ အိမ်အပြင်ဘက်မှနေ၍ ခဲများဖြင့် ထပ်ထုမည့်အနေအထားဖြင့် အသင့်စောင့်နေကြသည်ဟု ဆိုသည်။

စစ်တပ်နှင့် ရဲတို့ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးမှုကြောင့် ကိုအောင်ကျော်နေအိမ် တံခါးပျက်စီးသွားသည့်အပြင် အိမ်တံခါးပေါက်သော့များ၊ ဖုန်းနှစ်လုံး၊ ကားသော့ တစ်ချောင်းနှင့် နှာခေါင်းစည်း နှစ်ဘူးတို့ကို ယူဆောင်သွားသည်ဟု သိရသည်။

နေအိမ်အောက်ထပ်ရှိ ကလေးကစားစရာပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြသည့်အပြင် တပ်ဆင်ထားသည့် CCTV လုံခြုံရေးကင်မရာများကိုလည်း ရိုက်ခွဲခဲ့ကြသည်။

“စစ်သားတစ်ယောက်ကတော့ ဒီနေ့ Live လွှင့်တာ ဒီကောင်သေချာတယ်လို့ပြောတာ ကြားလိုက်တယ်။ သတင်းထောက်တစ်ယောက်က သတင်းထောက်အလုပ်လုပ်တာကို သူတို့က အကြမ်းဖက်ပြီးတော့ အဓမ္မဖမ်းဆီးတာ။ သူ Live လွှင့်နေတုန်းက ဟေ့ကောင် မင်းဖုန်းကို ချထားလိုက်လို့ ပြောတာရှိတယ်။ စဉ်းစားမိတာက သူတို့မှတ်တမ်းကို ရသွားမှာကို အရမ်းကြောက်တယ်လို့ ညီမက ယူဆပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို မမြင်ရအောင်လို့ ဖုံးကွယ်ချင်လို့လုပ်တာ”ဟု ဇနီးဖြစ်သူက ပြောသည်။

ဖမ်းဆီးသည့်ဖြစ်ရပ်၊ မိသားစုနှင့် တွေ့ခွင့်မပြုသည့် အခြေအနေတို့အကြောင်း မေးမြန်းရန် မြိတ်မြို့မှ စစ်တပ်၊ ရဲတို့ကို ဆက်သွယ်၍ မရသေးပေ။

ကိုအောင်ကျော်သည် မတ်လ ၁ ရက်က မြိတ်မြို့ အောင်မင်္ဂလာ ရပ်ကွက်နှင့် အင်းလေးမြိုင်ရပ်ကွက်များမှ နေအိမ်များကို စစ်တပ်နှင့် ရဲတို့က ဝင်ရောက်ဖျက်ဆီးခြင်းများ၊ ပြည်သူများကို ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း Live လွှင့် သတင်းတင်ဆက်ခဲ့ပြီးနောက် ညပိုင်းမှာ ဖမ်းဆီးခံရခြင်းဖြစ်သည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများကို သတင်းရယူနေသော သတင်းထောက်တချို့ အဖမ်းခံရပြီး မတ် ၇ ရက် နံနက်အထိ အဖမ်းခံရသူ ၃၂ ဦးအထိ ရှိသည်။ ဖမ်းဆီးစဉ် ရိုက်နှက်ခဲ့မှုများ ရှိခဲ့ပြီး အချို့မှာ ပြန်လွတ်လာပြီး အချို့မှာမူ အမှုဖွင့်ခံရပြီး ချုပ်နှောင်ခံထားရသည်။ 

မတ် ၆ က မိတ္ထီလာမြို့တွင် စစ်ကောင်စီဆန္ဒပြပွဲ သတင်းယူနေစဉ် အဖမ်းခံရသော Eleven သတင်းထောက် ကို၀ဏ္ဏစိုးအား ယင်းနေ့ မွန်းလွဲပိုင်း၌  ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ 

သို့သော် Myanmar Now သတင်းထောက် အပါအဝင် သတင်းသမား ကိုးဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။  ၇ ဦးကို အင်းစိန်ထောင်၌ ချုပ်နှောင်ကာ မုံရွာမှ နှစ်ဦးကို ကျပ်သိန်း ၅၀ စီဖြင့် အာမခံ ပေးထားသည်။

မူလက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်သာ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ထောင်ဒဏ်သုံးနှစ်ဟု ပြင်ဆင်လိုက်ပြီး ယင်းပုဒ်မဖြင့် တရားစွဲခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading