တိုက်ရိုက်တင်ဆက်မှု - မတ် ၇

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများ ရှိနေလင့်ကစား ပြည်သူလူထု၏ စစ်အာဏာရှင်ကို ဆန့်ကျင်ရေးဆန္ဒပြမှုများသည် တစ်လကျော်လာသည့် အချိန်ထိ ကြံ့ကြံ့ခံနေဆဲဖြစ်သည်။ 

Published on Mar 7, 2021
အာဏာသိမ်းမှုကို မတ် ၆ရက်က ဆန့်ကျင်ဆန္ဒပြနေသည့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှ ပြည်သူများ။
အာဏာသိမ်းမှုကို မတ် ၆ရက်က ဆန့်ကျင်ဆန္ဒပြနေသည့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှ ပြည်သူများ။

၁၄ : ၃၇ ပေါက်တောဝတွင် ဆက်လက်ဆန္ဒပြ

အင်းစိန်ပေါက်တောဝတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်ဆန္ဒပြသူများ ပြုလုပ်ထားသည့် အရံအတားများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သော်လည်း ပြည်သူများက ဆက်လက်ဆန္ဒပြလျက်ရှိသည်။

ယနေ့နံနက်ပိုင်းက စစ်တပ်နဲ့ ရဲတို့သည် အင်းစိန် ပေါက်တောဝ ရပ်ကွက်နေပြည်သူများ ပြုလုပ်ထားသည့် ခံစစ် အကာအကွယ်များကို မီးရှို့ဖျက်ဆီးအကြမ်းဖက်ခဲ့ပြီး ၄ နာရီနီးပါး တပ်စွဲထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ကိုင်များ ပြန်လည်ထွက်ခွာသွားပြီးနောက် ပြည်သူများက လမ်းပေါ်ပြန်ထွက်လာကာ စစ်အာဏာရှင်ကို ထပ်မံတော်လှန်နေကြခြင်းဖြစ်သည်။

ပေါက်တောဝတွင် ဆက်လက်ဆန္ဒပြ

၁၄ : ၁၂  တက္ကသိုလ်၌ တပ်စွဲမည်ကိုလက်မခံ၍ ပစ်ခတ်ဖြိုခွင်း၊ လူနှစ်ဦးဒဏ်ရာရ

မန္တလေး နည်းပညာတက္ကသိုလ်သို့ ယနေ့ (မတ် ၇) နံနက် ၆နာရီခန့်က စစ်ကား၄စီးရောက်ရှိလာပြီး တပ်ဆွဲမည်ဆိုသဖြင့် ကျောင်းနှင့် အနီးဝန်းကျင်ရှိ ပြည်သူများက လက်မခံကြောင်းကန့်ကွက်ကြသည်။ 

ထိုအချိန်တွင် စစ်ကား ၄ စီးထပ်ရောက်လာပြီး ကန့်ကွက်နေသည့် ပြည်သူများကို မျက်ရည်ယိုဗုံးများ၊ရာဘာကျည်များပစ်ခတ်ဖြိုခွင်းခဲ့သည်။

ကျောင်းလုံခြုံရေးတာဝန်ရှိသူ အသက်(၃၅)နှစ်အရွယ် ကိုကျော်သူမှာ မျက်လုံးအောက်မျက်ခမ်းစပ်ပြင်းထန်ဒဏ်ရာရခဲ့သဖြင့် ခွဲစိတ်ခဲ့ရသလို အခြားတစ်ဦးမှာလည်း ပေါင်သို့ရာဘာကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

"ပစ်တာကမျက်ရည်ယိုဗုံးပစ်တာ၊သံစတွေလာမှန်တယ်၊သံတိုသံစဗုံးလို့ထင်တယ် "ဟု ကိုကျော်သူကပြောသည်။

"ဆရာနှစ်ဦးလည်းရိုက်ခံရသေးတယ်၊အခုသူတို့ကကျောင်းထဲတပ်ဆွဲထားပြီ၊ကျွန်တော်တို့ ထွက်လာတော့ကို ပစ်နေသေးတယ်၊နောက်ထပ်အခြေအနေ မသိရသေးဘူး"ဟု ၄င်းကဆက်ပြောသည်။

စစ်အာဏာသိမ်းမှုကို မန္တလေးလူထုက တစ်လကျော်သည်အထိနေ့စဉ်ဆန့်ကျင်နေကြပြီး စစ်ကောင်စီ တပ်ဖွဲ့များကလည်း သေနတ်ပင်သုံး၍ အကြမ်းဖက်ဖြိုခွင်းနေသဖြင့် လူသေဆုံးသည့်ဖြစ်စဉ်များပေါ် ပေါက်နေသည်။

မန္တလေး နည်းပညာတက္ကသိုလ်

၁၄ : ၀၂ ဗဟိုလမ်းတွင် ဆက်လက်ဆန္ဒပြ

နေ့စဉ်အကြမ်းဖက်ဖြိုခွင်းခံနေရသည့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းဆန္ဒပြသူများသည် ပြန်လည်စု ဝေးနေပြီဖြစ်သည်။

ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက်ဖြိုခွင်းခဲ့ကြသေးသည်။

၁၃ : ၅၁ မန္တလေးတွင် စစ်အာဏာရှင်ကို တော်လှန်သူ ၇၀ ကျော်အဖမ်းခံရ

အကြမ်းဖက်ဖြိုခွင်းခံရသည့် မန္တလေး ၂၂ လမ်းနှင့် ၉၈ လမ်းပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွင် လူ ၇၀ ကျော် ဖမ်းဆီးခံရကြောင်းသိရသည်။

မန္တလေးတွင်ပြုလုပ်သည့် အထွေထွေ သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ယနေ့ နေ့လည်ပိုင်းမှာ  အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ 

၂၂လမ်းနှင့် ၉၈ လမ်းတွင် မန္တလေးရှိ  ပညာရေး၊ ကျန်းမာရေး၊ ကျောင်းသား စသည့်နယ်ပယ်ပေါင်းစုံက သပိတ်စစ်ကြောင်းများသည် ထိုင်သပိတ် ဆင်နွဲခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြနေသူများအား အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်၍ အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အပြင်  လူစုခွဲကာ တိမ်းရှောင်နေသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက  ရပ်ကွက်များအတွင်းအထိ ဝင်ရောက် ဖမ်းဆီးမှုများ ပြလုပ်ခဲ့သည်။ 

“အရပ်ဝတ်တွေနဲ့ လူတွေက သပိတ်ခေါင်းဆောင်ပါ။ ကျောင်းသားတွေရှိလားဆိုပြီး လိုက်ရှာနေကြတာ။ တစ်အိမ်တက် တစ်အိမ်ဆင်း ရှာနေကြတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

အကြမ်းဖက်ဖြိုခွင်းခံရသည့် မန္တလေး

၁၃ : ၄၁ ဖြိုခွင်းခံရသည့် ၄၆လမ်း ဆန္ဒပြပွဲတွင် ၇ ဦးအဖမ်းခံရ

အကြမ်းဖက်ဖြိုခွင်းခံရသည့် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် ၄၆ လမ်းထောင့် ဆန္ဒပြပွဲတွင် စစ်အာဏာရှင်ကို တော်လှန်သူ ၇ ဦးအား စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ရိုက်နှက်အဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီအချိန်က ပုဇွန်တောင်မြို့နယ် ၄၆ လမ်းအပေါ် ဘယ်လောက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက  အကြမ်းဖက် ဖြိုခွင်းမှုကြောင့် လူငယ်သုံးဦးနှင့် ရေကျော်ဈေးတွင် ဈေးရောင်သူ အမျိုးသမီး လေးဦးကို ဖမ်းဆီးချုပ်နှောင်ပြီးနောက် ရိုက်နှက်လျက်ရှိသည်ကို တွေ့ရသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်များက စတင်ဖြိုခွင်းချိန်မှစ၍ တစ်နာရီခန့်အကြာအထိ ဈေးထဲ၊ ရပ်ကွက်ထဲရှိ လမ်းသွယ်များပါ မကျန် လိုက်လံ အော်ဟစ်ဆဲဆိုလျက်ရှိသည်။

၁၃ : ၂၈  သထုံမြို့ စစ်အာဏာသိမ်းဆန့်ကျင်ပွဲကို KNU ဝန်းရံကာကွယ်

ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် သထုံမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်သည့် ကျိုက်ကော်စစ်ကြောင်းကို အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး( KNU) မှ လာရောက်ဝန်းရံခဲ့သည်။

သထုံမြို့နယ်၊ ကျိုက်ကော်စစ်ကြောင်း

၁၃ : ၂၀ - ကျွန်းတောလမ်းသပိတ်ပြန်စ

ယနေ့ နံနက်ပိုင်းက ရဲနှင့်စစ်တပ် ပစ်ခတ်ဖြိုခွင်းခဲ့သည့် စမ်းချောင်းမြို့နယ်၊  ကျွန်းတောလမ်း သပိတ်ပြန်လည်စတင်နေပြီဖြစသည်။ လူမျိုးပေါင်းစုံသပိတ်စစ်ကြောင်း(GSCN)ကလည်း ပူးပေါင်းပါဝင်နေသည်။ 

စမ်းချောင်း ကျွန်းတောလမ်းသပိတ်ပြန်လည်စတင်နေ

၁၃ : ၀၃ ဖြိုခွင်းခံရသည့် ပုဂံတွင် ငါးဦး ဒဏ်ရာရပြီး ၄ ဦးဖမ်းဆီးခံရ

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပုဂံဒေသခံများအား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်မှုများပြီးလုပ်ခဲ့ပြီးနောက် ၅ ဦး ဒဏ်ရာရရှိကာ ၄ ဦးဖမ်းဆီးခံထားရကြောင်း သိသည်။ 

ပုဂံတွင် စစ်အာဏာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်ရေးတပ်မ ၈၈ နှင့် ရဲတပ်ဖွဲ့တို့က ၅.၅၆ ကျည်ဆန်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၅.၅၆ကျည်ဆန်ခွံ ပေါင်း တစ်ရာကျော်ကောက်ယူရရှိသည်ဟု ဒေသခံများက ဆိုသည်။

၁၃ : ၀၀ ရေးမြို့ဆေးရုံတွင် တပ်စွဲရန်ကြိုးစား၍ လူထုဆန္ဒပြရာ ပစ်ခတ်ဖြိုခွင်း

မွန်ပြည် ရေးမြို့ဆေးရုံတွင် လက်နက်ကိုင်အင်အား ၅ ယောက်ခန့်ဖြင့် တပ်စွဲရန် ကြိုးစားခဲ့ရာ လူထုက ဆန္ဒပြခဲ့သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံး များဖြင့် လူနေရပ်ကွက်အတွင်း ပစ်သွင်းခြင်းပြုလုပ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် လူနှစ်ယောက် ရာဘာကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် အင်အားထပ်တိုးကာ မရမက တပ်စွဲမည့် အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

ရေးမြို့ဆေးရုံတွင် တပ်စွဲရန် ကြိုးစား

၁၂ : ၄၀ ကျဆုံးသူများအတွင် တစ်မိနစ်ငြိမ်သက် 

စစ်အာဏာရှင် တော်လှန်ရေးအရေးတော်ပုံအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုသည့်အနေဖြင့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းသပိတ်မှ ဆန္ဒပြသူများက တစ်မိနစ် ငြိမ်သက်ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ် ၆ အထိ စာရင်းများအရ  သေဆုံးသူ ၅၀ ထက်မနည်း ရှိနေပြီ ဖြစ်သည်။

၁၂ :၂၀ မြောက်ဒဂုံဆန္ဒပြမှု

ယနေ့ နံနက်ပိုင်း မြောက်ဒဂုံ ပင်လုံလမ်းပေါ်တွင် ဆန္ဒပြမှုများမပြုလုပ်မီ လက်နက်ကိုင်များ၏ ဖြိုခွင်းမှု ခံလိုက်ရသော်လည်း ဆန္ဒပြလူထုက လူထပ်မံစုစည်းကာ ထပ်မံဆန္ဒပြရန် ပြင်ဆင်နေသည်။ 

၁၁ : ၄၀ တောင်ငူတွင် ဆန္ဒပြစုရပ်များ ပိတ်ဆို့ခံရ

လက်နက်ကိုင်များက ဆန္ဒပြသူများ၏ စုရပ်‌နေရာများကို ပိတ်ဆို့တားဆီးနေသောကြောင့် တောင်ငူမြို့တွင် သပိတ်စစ်ကြောင်း သုံးခုခွဲ၍ အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီစနစ် ရရှိရေးအတွက် ကန့်ကွက်ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

တောင်ငူ ဆန္ဒပြမှု မတ် ၇

၁၁ : ၂၅ - မြင်းခြံသပိတ်အခြေအနေ

မန္တလေးတိုင်း၊ မြင်းခြံမြိုတွင်းရှိ အ.ထ.က(၄)တွင် စစ်တပ်မှ တပ်စွဲထားသော်လည်း ဒေသခံများက အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြလျှက်ရှိသည်။ မတ် ၇ နံနက် ၁ နာရီ ၄၅ဝန်းကျင်ခန့်တွင် မြင်းခြံဆေးရုံအတွင်း စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့၍ မြို့ခံများစုဝေးကန့်ကွက်ကြရာတွင် သေနတ် ပစ်ဖောက်လူစုခွဲခံရသဖြင့် ပြည်သူတစ်ဦး ခြေထောက်ထိမှန်ခဲ့သည်။

မြင်းခြံ ဆန္ဒပြမှု မတ် ၇

၁၁ : ၂၁ မန္တလေး ၂၂ လမ်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

မန္တလေး  ၂၂လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက တရစပ်ပစ်ခတ်ဖြိုခွင်းလျက်ရှိသည်။ 

ပစ်ခတ်မှုကြောင့် စစ်အာဏာရှင်တော်လှန်သည့် ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

၁၁ : ၁၀ - သာကေတသပိတ်အခြေအနေ

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့ ရုပ်ရှင်ရုံမီးပွိုင့်အနီးတွင် ပိတ်ဆို့ထားသည်။

၁၁ : ၀၈ - ကျွန်းတောလမ်းသပိတ်ဖြိုခွင်းခံရပြန်

နံနက်ပိုင်းက တစ်ကြိမ်လူစုခွဲပေးခဲ့ရသည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းသပိတ် ကို စစ်ကောင်စီတပ်ဖွဲ့က ထပ်မံလာရောက်ဖြိုခွင်းသည်။ အသံဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ် ခဲ့ပြီး ဘူဒိုဇာ(မြေထိုးစက်)အကူအညီဖြင့် လမ်းပေါ်တွင် ပြည်သူတို့ချထားသည့် အတားအဆီးများကို ဖျက်ဆီးသွားကြသည်။

၁၁ : ၀၅ - ရေးမြို့နယ်သပိတ် မြို့အနှံ့လိုက်လံဖြိုခွင်းခံခဲ့ရ

မွန်ပြည်နယ်၊ ရေးမြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ပြီး မြို့အနှံ့လိုက်လံဖြိုခွင်းရန် ကြိုးစားခဲ့သည်။

သို့သော် သပိတ်အဖွဲ့များ ပြန်လည်စုစည်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်၍ မြို့အတွင်း လှည့်လည်ခဲ့ကြသည်။

ယမန်နေ့ညကလည်း ညမထွက်ရအမိန့် ဖောက်ဖျက်သည်ဟုဆိုကာ လူ ၈ ဦး အဖမ်းခံရပြီး ရေးမြို့အတွင်း စစ်သား၊ ရဲကား၊ ရေကား၊ အချုပ်ကားများဖြင့် စစ်ကောင်စီ၏ လက်နက်ကိုင်များက မြို့တွင်းလှည့်လည်ခဲ့ကြသည်။

ရေးမြို့ ဆန္ဒပြသပိတ်ကို ယမန်နေ့ကလည်း ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခံရသူ မရှိသေးပေ။

ရေးမြို့ ဆန္ဒပြမှု မတ် ၇

၁၁ : ၀၀ - ပဲနွယ်ကုန်းဆေးရုံ လုံခြုံရေးချထားမှု ဒေသခံတို့ကန့်ကွက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ပြည်သူ့ဆေးရုံကို လုံခြုံရေးယူပေးသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဝင်ရောက်နေရာယူထားသောကြောင့် ဒေသခံပြည်သူများက ဆေးရုံရှေ့တွင် ယနေ့ ဆန္ဒပြကန့်ကွက်နေသည်။

"ပြည်သူ့ဆေးရုံ ပြည်သူသာ လုံခြုံရေးယူမည်"ကြွေးကြော်သံများဖြင့် ရဲတပ်ဖွဲ့ဝင်ရောက်နေရာယူမှုအား လက်ရှိအချိန်ထိ ဆန္ဒပြနေကြသည်။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း

၁၀ : ၅၀ - အထွေထွေသပိိတ်စစ်ကြောင်းပြန်ထွက်ပြီ

မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျောင်းသားသမဂ္ဂနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အင်အား ၃၀၀ ကျော်ဖမီးဆီးခံခဲ့ရသော်လည်း အထွေထွေ သပိတ်ကော်မတီ ( GSC) က ဦးဆောင်သည့် သပိတ်စစ်ကြောင်းသည် ရန်ကုန် တာမွေမြို့နယ်ရှိ လမ်းများတွင် ယနေ့ ( မတ် ၇) နံနက်ပိုင်းတွင် ဆက်လက် ချီတက်နေသည်။

ဆန္ဒပြ လူငယ်များက "ဖမ်းဆီးခံကျောင်းသသားများ ချက်ခြင်းလွှတ်" "စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး" "၂၀၀၈ ခြေဥ ဖျက်သိမ်းရေး" ကြွေးကြော်သံများကို ကြွေးကြော်နေကြသည်။

၁၀ : ၃၀ - ဗဟိုလမ်းသပိတ်ပြန်စရန်ပြင်ဆင်

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန့်ကျင်ဆန္ဒပြရန် ယနေ့ နံနက် ၉နာရီခွဲခန့် လူစုနေစဉ် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များက  အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ သို့သော် နေ့စဉ် အကြမ်းဖက်ဖြိုခွင်းခံရလေ့ရှိသည့် ဗဟိုလမ်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းက ဆန္ဒပြ ရန်ပြန်လည်စီစဉ်နေပြီဖြစ်သည်။ 

၁၀ : ၂၉ - ပုဂံသပိတ် ပစ်ခတ်ဖြိုခွင်းခံရ၊ ငါးဦး ဒဏ်ရာရ

ပုဂံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် လူ ၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားကြောင့် ကနဦးသတင်းရရှိသည်။ 

ပုဂံတွင် ငါးဦး ဒဏ်ရာရပြီး တစ်ဦး ဖမ်းဆီးခံရ

၁၀ : ၁၀ - စမ်းချောင်းသပိတ်စစ်ကြောင်းများ တပြိုင်နက်ဖြိုခွင်းခံရ

ရန်ကုန်၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြနေသည့် စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ကျွန်းတောလမ်းရှိ သပိတ်စစ်ကြောင်းများကို စစ်ကောင်စီတပ်ဖွဲ့များက တပြိုင်နက်ဖြိုခွင်းခဲ့သည်။ ဗဟိုလမ်း၌ ဆန္ဒပြရန်ပြင်ဆင်နေသည့် လူငယ် ၅ ဦးဖမ်းဆီးခံ ခဲ့ရသည်ကို မျက်မြင်တွေ့ရသည်။ 

စမ်းချောင်းမြို့နယ် ဗဟိုလမ်း မတ်-၇

၁၀ : ၀၅ - တောင်ဒဂုံ၌ ထိုင်သပိတ်ဆင်နွှဲနေ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၈ ကွေ့ မှတ်တိုင်တွင် စစ်ကောင်စီဆန့်ကျင်ရေးထိုင်သပိတ် ပြုလုပ်နေသည်။ 

၁၀ : ၀၀ - သာကေတသပိတ်စတင်

ဖမ်းဆီးခံရမှုများရှိနေသော်လည်း ရန်ကုန်မြို့၊ သာကေတမြို့နယ် သပိတ်စခန်းကို မတ်လ ၇ ရက် နံနက် ပိုင်းတွင် ပြန်လည်စတင်လိုက်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုကို သာကေတမြို့နယ် မြင်တော်သာလမ်းပေါ်၌ ပြုလုပ်နေခြင်းဖြစ်သည်။

ယမန်နေ့၌ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အသံဗုံး မီးခိုးဗုံးများသုံး၍ ဖြိုခွင်း ခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးသွားခဲ့သည်။ 

သာကေတသပိတ်စတင်

၀၉ : ၃၅ - အတားဆီးများကို စစ်ကောင်စီတပ်ဖွဲ့မီးရှို့

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ပေါက်တောဝ၌ စစ်ကောင်စီတပ်ဖွဲ့များလွယ်လင့်တကူလာရောက်အကြမ်းမဖက်နိုင်ရန် ပြည်သူတို့ချထားသည့် အတားဆီးများကို မတ် ၇ ရက် နံနက်ပိုင်းက စစ်တပ်နှင့်ရဲက မီးရှို့ဖျက်ဆီးသည်။

၀၉ : ၃၀ - မန္တလေးသပိတ်စစ်ကြောင်းများစတင်ထွက်ခွာ

အသက်သေဆုံးသည်အထိ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကို ကြုံနေရသော်လည်း မန္တလေးမြို့သူမြို့သားများက အာဏာသိမ်းမှုကို နေ့စဉ်ဆန့်ကျင်နေကြဆဲဖြစ်သည်။

၀၉ : ၀၀ - ဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရမည်ကို တရုတ် စိုးရိမ်ဟုဆို

မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သွားသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရမည်ကို  စိုးရိမ်မိသည်ဟု  တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ပလုံခြုံရေးညွှန်ချုပ်  Mr. Bai Tian က ပြောဆိုကြောင်း အင်တာနက်စာမျက်နှာတွင် ယမန်နေ့က ကျယ်ကျယ်ပြန့်ပြန့် ဖြန့်၀ေနေကြသည့် အစည်းအဝေးမှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးအတွက် ဖေဖော်၀ါရီ ၂၃ ရက်နေ့က ပြုလုပ်သည်ဟုဆိုသော   အွန်လိုင်းအစည်းအဝေးတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု မြန်မာဘာသာဖြင့် ရေးသားထားသည့် မှတ်တမ်းကဆိုသည်။

"မြန်မာနိုင်ငံပြည်တွင်း၌ ဆန္ဒပြမှုများ ဆက်တိုက် တွေ့မြင်နေရပြီး တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်မှုများကို တွေ့မြင်နေရကြောင်း" ညွှန်ချုပ်က ပြောသည်ဟု ဆိုသည်။

ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း  အန္တရာယ်ကျရောက်လာနိုင်သည်ဟု ဆိုသည့် တရုတ် ညွှန်ချုပ်က ပိုက်လိုင်းတစ်လျှောက် စခန်း ၅၉ ခုကို စောင့်ရှောက်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း၊ လုံခြုံရေး ပိုမိုတိုးချဲ့ပေးစေလိုကြောင်း၊ မီဒီယာများတွင် တရုတ်နှင့်ပတ်သက်ပြီး အပြုသဘောဖော်ပြပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။
 
ပိုက်လိုင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်နေသည်ဟု ပြန်လည်ဆွေးနွေးခဲ့သည့်  ပြည်ထဲရေးဝန်ကြီးဌာန အရာရှိက ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ကို ၂၀၁၄ တွင် ဖွဲ့ထားကြောင်း၊ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀)  ရှည်လျားသည့် ထိုပိုက်လိုင်းတလျှောက် ရဲတပ်ဖွဲ့ လုံခြုံရေးမယူနိုင်သည့်နေရာတွင် တပ်က တာ၀န်ယူထားကြောင်း ပြောခဲ့သည်ဟု  ဆိုသည်။

မြန်မာဘက်မှ နိုင်ငံခြားရေးနှင့် ပြည်ထဲရေးအရာရှိတချို့ တက်ရောက်သည်ဟု လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် ထိုမှတ်တမ်းက ဆိုသည်။

ထိုမှတ်တမ်းနှင့် ပတ်သက်ပြီး နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် တရုတ်သံရုံးတို့က တုံ့ပြန်ခြင်း မရှိသေးပေ။

တရုတ်သည် မြန်မာပြည်အထက်ပိုင်း သူပုန်အဖွဲ့များအပေါ် သြဇာညောင်းပြီး ထိုအဖွဲ့များကလည်း ယူနန်ပြည်နယ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိနေသည်။

ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်သည့် စစ်ကောင်စီကို တရုတ်က နောက်ကွယ်မှ ထောက်ခံမှုပေးနေသည်ဟု အများကယူဆထားကြသည်။

အာဏာသိမ်းသည်ဟူသော အသုံးအနှုန်းကို တရုတ်အစိုးရက မသုံးဘဲ အစိုးရအဖွဲ့အတွင်း ကြီးမားသည့် အပြောင်းအလဲ ပြုလုပ်သည်ဟုသာ ပြောဆိုသုံးနှုန်းလျက်ရှိသည်။

တရုတ်အစိုးရ၏ အပြုအမူနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း အာဏာသိမ်းမှု ဆန့်ကျင်သူတို့က ရန်ကုန် တရုတ်သံရုံးရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ပြီးဖြစ်သည်။

ယခုအခါ စစ်ကောင်စီတပ်များက ရန်ကုန်ရှိ သံရုံးများရှေ့တွင် လမ်းပိတ်ဆို့ထားသည်ကို တွေ့ရသည်။

ဤအတောအတွင်း အွန်လိုင်းလူမှုကွန်ရက်တွင် တရုတ် စိုးရိမ်သည့်အတိုင်း တရုတ်အစိုးရကို ဆန့်ကျင် ဝေဖန်နေကြဆဲဖြစ်ကြောင်း တွေ့ရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading