CDM တွင် ပါဝင်သည့် ရဲအင်အားတိုးလာနေ

ရဲဌာနခွဲအများအပြားရှိသည့်အနက် မြို့နယ်ရဲစခန်းများမှ တပ်ဖွဲ့၀င် အများအပြား CDM တွင် ပါ၀င်လာနေပြီး  တိုက်ခိုက်ရေးတာ၀န်ကျ  ရဲတပ်ရင်းများမှ လုံထိန်းတို့မှာမူ ဆန္ဒပြသူများကို ချေမှုန်းရန် လမ်းပေါ်တွင် ရှိနေသည်။

Published on Mar 6, 2021

ချင်းပြည်နယ် ဖလမ်းမြို့နယ် ၀ေဘူလနယ်မြေ ရဲစခန်းမှ ရဲတပ်သား ၅ ဦးက စစ်ကောင်စီကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ယနေ့ ပူးပေါင်းပါ၀င်လိုက်သည်။ 

"အာဏာသိမ်းတဲ့ လက်အောက်မှာ တာ၀န်မထမ်းဆောင်လိုတဲ့အတွက် CDM မှာ ပါ၀င်ခြင်း ဖြစ်ပါတယ်" ဟု ရဲတပ်သားတစ်ဦးက ပြောသည်။

ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ဗွေဆော်ဦး စတင်လိုက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းအများအပြား ပါဝင်လာကြပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင်  နယ်မြေအသီးသီးမှ ရဲတပ်ဖွဲ့ဝင်အများအပြား ပူးပေါင်းလာခြင်းဖြစ်သည်။

“ကျွန်တော်တို့တင်ထားတဲ့ အစိုးရလည်းမဟုတ်ဘူးလေ။ စစ်အာဏာရှင်လည်း မလိုလားဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့စုပြီးတော့ ပြန်ပြီးတော့ တွန်းလှန်မယ်။ ဒီစနစ်ကို မကြိုက်ဘူး အကုန်လုံးက။ အရင်တုန်းကလည်း တွေ့ကြုံပြီးသွားပြီ” ဟု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် မန္တလေးတိုင်း ရဲစခန်းတစ်ခုမှ ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကိုပြောသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်လာချိန်မှာ နောက်ကျသည်ဟု ဝေဖန်ကြသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သောကြောင့် လုံခြုံရေးအခြေအနေအရ အချိန်ယူ ချင့်ချိန်နေရခြင်းဖြစ်ပြီး နေထိုင်ရန်နေရာနှင့် စားနပ်ရိက္ခာများအသင့်ပြင်ဆင်ပြီးမှ ပါဝင်ကြခြင်းဖြ စ်သည်ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့မှ ယာယီရဲမှူး တင်မင်းထွန်းသည် ဖေဖော်ဝါရီ ၂၆ တွင် CDM တွင်ပါဝင်လိုက်ပြီးနောက် ဆက်တိုက်ဆိုသလိုပင် ဒုရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ်နှင့် အခြားအဆင့်ရဲတပ်ဖွဲ့ဝင်များ CDM တွင် ပိုမိုပါဝင်လာကြသည်။

လုပ်ငန်းခွင်တွင် ဆက်မနေဘဲ အာဏာဖီဆန်ရသည့် အကြောင်းရင်းကို ရဲမှူး တင်မင်းထွန်းက ရုပ်သံရိုက်ကူးထားရာ ရဲမှူး၏  ပွင့်ပွင့်လင်းလင်း ပြောဆိုထားချက်မှာ အွန်လိုင်းလူမှုကွန်ရက်တွင်  လူကြိုက်များနေသည်။

သူ၏ ရာထူး၊ ပြောဆိုချက်တို့က အာဏာဖီဆန်သည့် ရဲအရေအတွက် တိုးလာခြင်းနှင့် ဆက်စပ်နေသည်။

ကယားပြည်နယ်တွင် ရဲအင်အား ၂၄၀ ရှိသည့်အထဲမှ ၆၀ သည် ဖေဖော်ဝါရီ ၁၃ ကတည်းက CDM တွင် ပါဝင်လာသည်။  ချင်းပြည်နယ်မှ ၄၅ ဦး၊ နေပြည်တော်နှင့် မန္တလေးမှ ၁၀၀ ကျော်၊ ပဲခူးတိုင်း၊ ပြည်ခရိုင်မှ ၁၂ ဦး ရှိကြောင်း Myanmar Now က အတည်ပြုနိုင်သည်။

သတင်းဖော်ပြချက်များတွင် မပါ၀င်သေးသည့် ဖြစ်ရပ်များလည်း ရှိနိုင်သည်။

မတ်လ ၅ ရက်နေ့အထိ ပြည်တွင်းသတင်းဌာနများ၏  ဖော်ပြချက်များကို စုစည်းလိုက်လျှင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ကယား၊ မွန်၊ ကချင်၊ ချင်းနှင့် တနင်္သာရီ အစရှိသည့်ဒေသများမှ ရဲတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်းရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။

ထိုကိန်းဂဏန်းမှာ ဆက်ပြီး တိုးလာဖွယ်ရှိသည်။

“အခုကြုံနေရတဲ့လုပ်ရပ်တွေက မတရားဖိနှိပ်သတ်ဖြတ်ပြီးတော့ အကြမ်းဖက်နေရတယ်ပေါ့။ ကျွန်တော်တို့ အယောင်ဆောင်ပြီးတော့ ရဲယူနီဖောင်းနဲ့ အယောင်ဆောင်ပြီးတော့ ပြည်သူတွေကို ရိုက်နက်ပစ်ခတ်နေတာကို  မခံစားနိုင်ဘူး။ ကျွန်တော်လည်းပြည်သူထဲက ပြည်သူတစ်ယောက်ပဲလေ ” ဟု ပြည်မြို့ရဲစခန်းမှ CDM   ရဲတပ်သားတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များသည် အခြားအစိုးရဝန်ထမ်းများနှင့်မတူဘဲ CDM တွင်ပါဝင်လိုက်သည်နှင့် ခွင့်မဲ့ပျက်ကွက်အဖြစ် သတ်မှတ်ကာ ရဲပြေးအဖြစ်ကြေညာခြင်းခံရမည်ဖြစ်သည့်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၈၄,၀၀၀ ကျော်ရှိပြီး CDM တွင်ပါဝင်ချင်သော်လည်း ရဲတပ်ဖွဲ့ကပေးသည့် ဝန်ထမ်းလိုင်းခန်းများတွင်မှီခိုနေထိုင်ရပြီး မိသားစုဝင်များကိုထောက်ပံ့ပေးနေရသည့် ရဲတပ်ဖွဲဝင်များအနေဖြင့် ရုန်းမထွက်နိုင်ဖြစ်နေကြရသည်ဟု ၎င်းက ထပ်မံပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်အောက်တွက် ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲထောက်ဌာန၊ လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ၊ တိုင်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့ စသည်ဖြင့် ရဲတပ်ဖွဲ့ဌာနပေါင်း ၂၀ ကျော်ရှိသည်။

ထိုဌာနများအနက် ပြည်သူလူထုနှင့် နေ့စဥ် ထိတွေ့နေရသည့်  တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များသည် CDM တွင် ပူးပေါင်းပါဝင်မှုအများဆုံးဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့များသည် မြို့ပြနှင့် တိုက်နယ်အဆင့်ကျေးရွာများတွင် အခြေစိုက်စခန်းများရှိပြီး မှုခင်းကြိုတင်ကာကွယ်ရေး၊ ပြစ်မှုများစုံစမ်းဖော်ထုတ်တရားစွဲတင်ရေး၊ အများပြည်သူလုံခြုံရေး၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးတို့ကို အဓိက တာဝန်ယူရခြင်းဖြစ်သည်။

အဓိကရုဏ်းနှိမ်နှင်းရာတွင် အဓိကတာဝန်ရှိသည့် လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ ရဲတပ်ရင်းများမှတပ်ဖွဲ့ဝင်များသည် အာဏာဖီဆန်မှုတွင် ယနေ့အထိ ပါ၀င်မှု မရှိသလောက် နည်းနေသည်။  

လုံထိန်းဟု အရပ်စကားဖြင့်ခေါ်ဝေါ်သည့် လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့လက်‌အောက်တွင် ရဲတပ်ရင်း ၁၆ ခု ရှိပြီး တပ်ရင်းရဲတပ်ဖွဲ့ဝင်များသည် အဓိကရုဏ်းနှိမ်နှင်းရေးအပါအဝင် အရေးကြီးပုဂ္ဂိုလ်နှင့် သံတမန်များလုံခြုံရေး၊ အရေးကြီးအဆောက်အဦများ၏ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ရသည်။

လက်ရှိတွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံအနှံ့တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေ သူများကို လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှ ရဲများနှင့် စစ်တပ်က ပူးပေါင်းကာ အင်အားသုံးဖြိုခွင်းနေသည်။ ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် တစ်လကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြစ်မဲ့ပြည်သူ ၅၀ ကျော်သေဆုံးခဲ့ရပြီး ရာနှင့်ချီဒဏ်ရာရရှိခဲ့ပြီဖြစ်သည်။

ဆန္ဒထုတ်‌ဖော်မှုများကို ဖြိုခွင်းရာတွင် စစ်တပ်အနေဖြင့် ရဲတပ်ဖွဲ့ကိုထိုးကျွေးနေပြီး လူသေစေနိုင်သည့် ဖြိုခွဲမှုကို ရဲဝတ်စုံဝတ်ဆင်ထားသည့် စစ်သားများက အဓိကလုပ်ဆောင်နေကြောင်း၊ စစ်အာဏာသိမ်းမှုကိုပင် ရဲတပ်ဖွဲ့ကို အမိန့်ပေးအသုံးချခဲ့ကြောင်း CDM တွင်ပါဝင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များထဲမှ တချို့က  လူသိရှင်ကြား ပြောနေကြသည်။

ဤပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက တုန့်ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ မတိုင်မီ တစ်ရက်တွင် မန္တလေးတိုင်း ရဲတပ်ရင်း ၄ မှ ရဲတပ်ဖွဲ့ဝင်များကို လွှတ်တော်အသစ်ကျင်းပရာတွင် လုံခြုံရေးယူပေးရန်ဟုဆိုကာ မန္တလေးမြို့ပေါ်တွင် တာဝန်ပေးခဲ့သော်လည်း စစ်အာဏာသိမ်းမှုဖြစ်စဉ်တွင် အမိန့်ပေးခိုင်းစေခဲ့ကြောင်း CDM တွင် ပါဝင်နေသည့် ရဲတပ်ရင်း ၄ (ရွှေစာရံ)မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက RFA သတင်းဌာနကို ပြောဆိုခဲ့သည်။

“နန်းတွင်းတပ်ထဲကိုခေါ်သွားပြီးတော့ ဟိုကို ၂ နာရီလောက်ရောက်တယ်။ ကျွန်တော်တို့ဖုန်းတွေကို သိမ်းတယ်။ သိမ်ပြီးတော့ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေကို လူစုတွေခွဲပေးလိုက်တယ်။ ၂ ယောက်စီ၊ သုံးယောက်စီခွဲပြီးတော့ သူတို့ရဲ့ ရဲဝတ်ရဲစားတွေဝတ်ထားတဲ့ စစ်ရဲတွေပေါ့။ သူတို့တွေနဲ့ပေါင်းပြီးတော့ အာဏာသိမ်းတဲ့ဖြစ်စဉ်တွေကို ကျွန်တော်တို့တွေမလုပ်ချင်ဘဲ ခိုင်းခဲ့တယ်ဗျ” ဟု ကိုယ်တိုင်ပါဝင်ခဲ့သည့် ၎င်းက ဆိုသည်။

မတ် ၄ က ရန်ကုန်မြို့ မြောက်ဥက္ကလာပတွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၂၀ ထက်မနည်းသေဆုံးခဲ့ရခြင်းကြောင်း၊ ထိုဖြစ်စဉ်တွင်ပါဝင်သည့် ရဲတပ်ဖွဲ့များ၏ ဘဝနှင့် လူမှုအသိုင်းဝိုင်းသည်လည်း သွေးစွန်းခဲ့ပြီဖြစ်ကြောင်း ယာယီရဲမှူး တင်မင်းထွန်းက ဆိုသည်။

“လက်နက်ကြီးတကားကားနဲ့ သတ်ရဲတာ၊ ရိုက်ရဲတာ၊ အဲ့ဒါ သတ္တိလား။ မင်းတို့သွားပြီ။ မင်းတို့ပစ်တဲ့ ကျည်ဆံတွေက ထိသွားတဲ့လူငယ်လေးတွေတင် မကဘူး၊ ပြည်သူတစ်ရပ်လုံးရဲ့ အသည်းထဲရင်ထဲကိုပါ ထိသွားပြီ။ မင်းတို့ကောင်းကောင်းသတိထားကြပါ” ဟု ၎င်းက ပြောဆိုခဲ့သည်။

မတရားခိုင်းစေခံနေရသည့်  ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လက်ရှိဖြစ်ရပ်များကို နောင်တရပြီး ပြည်သူများကမ်းလင့်သည့် CDM လှုပ်ရှားမှုတွင် အချိန်ရှိခိုက်ပူးပေါင်းကြရန် ၎င်းက တိုက်တွန်းသည်။

ချင်းပြည်နယ်မှ  CDM ရဲ ၄၀ ကျော်သည်   ချင်းလူမျိုးများဖြစ်ကာ ချင်းပြည်သူများကို နှိပ်ကွပ်လိုခြင်း မရှိသဖြင့် အာဏာဖီဆန်လာကြခြင်းဖြစ်ကြောင်း အကူအညီပေးနေသည့်အဖွဲ့တစ်ခုထံမှ သိရသည်။

“အဓိကကတော့ သူတို့က ချင်းလူမျိုးတွေကို ပြန်ပြီးတော့ နှိပ်စက်ရတာမျိုးကို မခံနိုင်တော့ဘူး။ အဲ့ဒါထက်စာရင် ထွက်ပြေးတာပဲကောင်းပါတယ်ဆိုပြီးပြောကြတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့လုံခြုံအောင် ဆိုပြီးတော့ နယ်စပ်ဘက်တွေထိ သွားပို့ပေးတာပါ” ဟု ၎င်းက Myanmar Now ကိုပြောသည်။

CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များကို အိန္ဒိယဘက်ကလည်း လုံခြုံရေးပေးမည်ဟုပြောဆိုထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်အများအပြားက အာဏာဖီဆန် ထွက်ခွာလိုသဖြင့် ဆက်သွယ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ချင်းတိုင်းရင်းသားတို့သည် နယ်စပ်မျဥ်း၏ နှစ်ဘက်လုံးတွင် နေထိုင်ကြခြင်းကြောင့်  ဒေသခံရဲများ အိန္ဒိယဘက်တွင် ယာယီနေထိုင်ရေးမှာ များစွာ ခက်ခဲခြင်း မရှိဟု သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading