လမ်းမထက်မှာ တလူလူလွင့် ပြည်သူ့ထဘီတန်းခံစစ်

ဆန္ဒပြသူတို့ကို နှိမ်နင်းရန် လက်နက်အင်အားအပြည့်အစုံဖြင့် ချီတက်လာလေ့ရှိသည့် အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် လမ်းပေါ်တွင် ကန့်လှန့်ဖြတ်ရှိနေသည့် ထဘီတန်းကို ကျော်ဖြတ်ရန် ခက်ခဲနေသည်

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့လွယ်လင့်တကူ ဝင်ရောက် အကြမ်းဖက်ခြင်းမပြုနိုင်ရန် မတ် ၅ ရက်က အတားအဆီးများချထားစဉ်။ ဓာတ်ပုံ - Myanmar Now

အာဏာသိမ်းမှုဆန့်ကျင်ရေး ပုံမှန်ဆန္ဒပြလေ့ရှိသည့်နေရာများတွင် လမ်းပေါ်၌ လူတွေ့သည်နှင့် သေနတ်ဖြင့်ချိန်၊ သေနတ်ဖြစ်ပစ်၊ လေးခွဖြင့်ဆော်၊ အုပ်စုဖြင့်လိုက်၊ တုတ်ဖြင့် ရိုက်နှက်ဖမ်းဆီး လေ့ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည်။

“မင်းတို့ကပြည်သူတွေကို ကာကွယ်နေတာမဟုတ်ဘူး။ ဟေ့ကောင်”ဟု လှမ်းအော်နေသူ တစ်ဦး ပါဝင်သည့် လူအုပ်နှင့်မျက်နှာချင်းဆိုင် ကားလမ်းမတစ်ဖက်ခြမ်းတွင် မည်သို့မျှ တုန့်ပြန်ခြင်းမပြုသော စစ်သားနဲ့ ရဲ အယောက် ၄၀ ခန့်က ဟိုတစ်စု၊ ဒီတစ်စု ရပ်နေကြခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းမှာ မတ် ၅ နံနက် ၁၀ နာရီခန့်ကတည်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းမှစ၍ ဗိုလ် ချုပ်လမ်းတစ်လျှောက် ပြည်သူတို့ချထားသည့် အတားအဆီးများကို ဖယ်ရှားကာ ရေကျော်ဘက်သို့ ရှေ့ဆက်ချီတက်သွားသည်ကို Myanmar Now က တွေ့ခဲ့သည်။

သို့သော် ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့် မီးပွိုင့်အရောက် ရေကျော်ဈေးဘက်ခြမ်း လမ်းထိပ်၌ ပြည်သူတို့ မြေပြင်ပေါ်ချထားသည့် သံဆူးကြိုး၊ သဲအိတ်၊ အမှိုက်ပုံးစသည့် အတားအဆီးများ ကိုမူ နံနက်ပိုင်းကလို ချက်ခြင်းရှင်းလင်းခြင်းမပြုခဲ့။

အနီးအနားရှိ ပြည်သူတစ်ဦး Facebook စာမျက်နှာ၌ တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုအရ ထိုနေရာသို့ ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညနေ ၃ နာရီခွဲခန့်အချိန်အထိ ယခင်ကကဲ့သို့ အတားအဆီးများကို ဖယ်ရှား၊ ပြည်သူများကို တရကြမ်းပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးခြင်း မပြုသည်ကိုတွေ့ရသည်။

နောက်တစ်နာရီခန့်အကြာ အခြားသောပြည်သူတစ်ဦး၏Facebok တိုက်ရိုက်ထုတ်လွှင့်မှုတွင်မူ အဆိုပါနေရာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ လှုပ်လှုပ်ရှားရှားဖြစ်လာသည်ကိုတွေ့ရသည်။

ပြည်သူတို့ အတားအဆီးများချထားရာ လမ်းထိပ်သို့ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ဝါးလုံးရှည်ကိုင်ထားသူ တပ်ဖွဲ့ဝင်တစ်ဦး၏နောက်၊ ဘေး၊ ဝဲ၊ ယာ၌ လက်နက်အပြည့်အစုံကိုင်၍ စနစ် တကျနေရာယူထားသည်ကို အဆိုပါရုပ်သံဖိုင်တွင် ဦးစွာတွေ့ရသည်။

“ဟေ့ကောင်တွေ ခေါင်းမှာစွပ်မိနေမယ်နော်”၊ “ထဘီသူခိုး”၊ “ခေါင်းပဲစွပ်ပါစေ၊ ခေါင်းကိုစွပ်သွားပါစေ”ဟူ၍ ပြည်သူတို့အော်ဟစ်နေသံကိုလည်း အတိုင်းသား ကြားရ၏။

လမ်းထိပ် မြေပြင်တွင်ချထားသော အတားအဆီးများ၏အထက်တွင် ထဘီများ တန်းစီ လှန်းသည့် ကြိုးတန်းနှစ်ခုရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဝါးလုံးဖြင့်ချိတ်ဆွဲ ဖြုတ်ချနေချိန်တွင် ပြည်သူတို့က အထက်ပါအတိုင်း အော်ဟစ် အားပေးနေခြင်းဖြစ်ပါသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုပ်သံရိုက်ကူးနေသည်ဟု ၎င်းတို့ယူဆသည့် နေအိမ်များပေါ်သို့ သေနတ်၊ လေးခွတို့ဖြင့်ချိန်ရွယ်ခဲ့ကြသည်မှအပ ထဘီတန်းပြုတ်မကျမချင်း ရှေ့သို့မတိုးခဲ့သည်ကိုလည်း အဆိုပါ ရုပ်သံတွင်တွေ့နိုင်သည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် တလကျော်အတွင်း လူပေါင်း ၅၀ ကျော် အသက် ဆုံးရသည်အထိ အကြမ်းဖက်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အာရုံမှာ ၎င်းတို့ ဦးခေါင်း ထက်တွင်ရှိနေသည့် ထဘီတန်း မြေပြင်သို့ ပြုတ်ကျရေးမှအပ အခြားဦးစားပေးကိစ္စ မရှိသည့်နှယ်ပင်။

အမျိုးသားတို့ ထဘီတန်းအောက် ၀င်လျှင် ဘုန်းနိမ့်သည်ဟူသော လူအများ၏ အယူသီးမှုကြောင့် ထဘီတန်းကို ကျော်ဖြတ်ရသည်မှာ အချိန်ယူရသည့်၊ ခက်ခဲသည့်အလုပ် ဖြစ်နေသည်။

ရန်ကုန်တွင် နေ့စဉ်ရက်ဆက် လူထောင်သောင်းချီဆန္ဒပြလေ့ရှိ၊ စစ်ကောင်စီတပ်ဖွဲ့က အကြမ်းပတမ်း ဖြိုခွင်းလေ့ရှိသည့် ဗဟိုလမ်းတွင်လည်း မတ် ၅ရက်က အလားတူပင်ဖြစ်သည်။

အဆိုပါနေရာရှိ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က နံနက် ၁၀ ကတည်းက မီးခိုးဗုံး၊ အသံဗုံး၊ မျက်ရည်ယိုဗုံးများသုံးကာ တမဟုတ်ချင်း၌ပင် ပထမအကြိမ်ဖြိုခွင်းခဲ့ပြီးဖြစ်သည်။

သို့သော် လူပြန်စု၍ နောက်တစ်ကြိမ်ဆန္ဒပြသည့်အခါ ထိုသို့ ချက်ခြင်းဖြိုခွင်းမခံရတော့။ ဆန္ဒပြ ပြည်သူတို့ကြားမှ လက်ခုပ်သံများ ရုတ်တရက်ထွက်ပေါ်လာရန် အကြောင်းဖန်လာသည့် ဖြစ်စဉ်တစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို ကြီးစွာသောအဟန့်အတားဖြစ် စေခဲ့ပုံရသည်။

ဖြူ၊ နီ၊ ပြာ အရောင်အသွေးစုံသည့် အမျိုးသမီးအတွင်းခံများ တန်းစီလှန်းထားသည့် ကြိုးတန်းတစ်ခုကို အမျိုးသမီးသုံးဦးက ကိုင်၍ထွက်လာစဉ် စစ်သည် လေးသိန်းအင်အား ရသည့်နှယ် လူကြီး၊ လူငယ် အရွယ်စုံပါသည့်ဆန္ဒပြလူအုပ်ကလည်း ဝမ်းသာအား ရလက်ခုပ်လက်ဝါးတီး၍ အားပေးသည်ကို  မျက်မြင်တွေ့ရသည်။

ထို့နောက် ဆန္ဒပြလူအုပ်ထဲမှ အမျိုးသားတို့ဦးဆောင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်ဖြိုခွင်း လေ့ရှိသည့် ဗဟိုလမ်းထိပ်တွင် လမ်းကိုကန့်လန့်ဖြတ်လျှက် အတွင်းခံပါကြိုးတန်းကို သွယ်တန်းပြီးချိန် များမကြာမီ ၌မူ စစ်ကောင်စီတပ်ဖွဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

ဘူဒိုဇာ(မြေထိုးစက်) အကူအညီကိုပင် စစ်ကောင်စီတပ်ဖွဲ့က ယူလာသည်ကိုတွေ့ရသဖြင့် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးဒဏ်မှကာကွယ်ရန်၊ လိုအပ်ပါက ထွက်ပြေးရန် ဆန္ဒပြသူတို့ပြင်ဆင်ကြရတော့သည်။

သို့သော်   နံနက်ပိုင်းကလို သပိတ်စစ်ကြောင်းကို ရုတ်တရက်ချက်ခြင်း ဖြိုခွင်း ခြင်းမပြုတော့ဘဲ ဘူဒိုဇာအကူအညီဖြင့် အမြင့်တွင်ရှိနေသည့် အမျိုးသမီးအတွင်းခံများလှန်းထားသည့် ကြိုးတန်းကို ဦးစွာတက်၍ဖြုတ်သည်။

အကျိုးသက်ရောက်မှုမှာ နေ့လယ်ပိုင်း ဗဟိုလမ်းသပိတ်ဖြိုခွင်းခံရမှုတွင် ယခင်က ကဲ့သို့ ထိခိုက်၊ ဖမ်းဆီးခံရသူ အများအပြားမရှိတော့ဟု အနီးပတ်ဝန်းကျင်ရှိပြည်သူအချို့က ပြောသည်။

“ထဘီခံစစ်”ဟု ပြည်သူများအကြား ရည်ညွန်းခေါ်ဝေါ်သော အဆိုပါဗျူဟာကို လွန်ခဲ့သော ရက်သတ္တပတ်မှစ၍ တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးစွဲနေပြီး ယခုအခါ မြို့ကြီးမြို့ငယ်တချို့တွင် လက်တွေ့ ကျင့်သုံးလာကြသည်ကို  တွေ့လာရသည်။

ခေါင်းဆောင်ဟူ၍ တိတိကျကျ တာ၀န်ယူမထားသည့် ဆန္ဒပြသူများက ထဘီတန်းနည်းနာကို အခြားသော ဗျူဟာများကဲ့သို့ပင်  မည်သူ၏ ညွှန်ကြားချက်မျှ မရှိဘဲ ကိုယ်ထူကိုယ်ထ စီစဥ်၊ အကောင်အထည် ဖော်နေကြသည်။ တစ်ဦးလျှင် ထဘီတစ်ထည်နှုန်း ပါ၀င်ရုံမျှဖြင့် အချိန်အနည်းငယ်အတွင်း ခံတပ်တစ်ခု ဖြစ်သွားနိုင်သည်။

အာဏာသိမ်းခေါင်းဆောင်၏မျက်နှာကို ကြက်ခြေခတ်ထားသည့်ပုံများ ထဘီတွင် ကပ်ကြသည့်မြို့လည်း ရှိသည်။

“Facebook က  သတင်းအရရော၊ အခုမျက်မြင်အရရော သူတို့ ထဘီတန်းကို ကြောက်တဲ့ သဘော ရှိတယ်။ အကုန်လုံးညီတယ်ဆိုလုပ်ကြမယ်။ အဓိကက သူတို့ မသွားရဲ၊ မလာရဲဖြစ်အောင်ဆိုတဲ့ ပစ်မှတ်ပဲ”ဟု ရန်ကုန်မှ ဆန္ဒပြအမျိုးသားတစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ ရုတ်တရက်အကြမ်းဖက်မှုဒဏ်ကို ကာကွယ်ရန် ထဘီတန်းအပြင် အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်(Pad)များ သုံးစွဲသင့်မသင့်ကိုပင် ဆန္ဒပြသူတို့အကြားဆွေးနွေးနေကြပြီး  အသုံးပြုပြီးသားကို ချိတ်ဆွဲပါက ရပ်ကွက်အတွင်း နေထိုင်သူတို့အတွက် ကျန်းမာရေးနှင့်လျော်ညီခြင်းရှိမရှိ စဉ်းစားနေကြကြောင်း ၎င်းက ဆက် ပြောသည်။

မိခင်၏ ထဘီမှ အထက်ဆင်အပိုင်းအစကို ဆောင်လျှင် ကျည်ကွင်းသည်၊ ထဘီတန်း အောက်ဝင်လျှင် ကျည်သင့်သည်ဟု စစ်သားများအကြား အယူအဆ ရှိကြောင်း ကြားဖူးထားသည်မှာ မှန်လောက်သည်ဟု အထက်ပါဖြစ်ရပ်များကို ကြည့်၍ ဆန္ဒပြသူအချို့က ယုံကြည်ကြသည်။

“အဲဒီလိုအစွဲတွေနဲ့များတိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မလဲ ကျွန်မစဉ်းစားလို့ကိုမရဘူး”ဟု ရန်ကုန် မြို့ပေါ်တွင် ပုံမှန်ဆန္ဒပြလေ့ရှိသည့် အမျိုးသမီးတစ်ဦးက ရယ်လျက် မှတ်ချက်ပြုသည်။

အရာခံဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်တွင် ၂၈နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းစိန်ကမူ တပ်မတော်သားများအားလုံးအကြားတွင် ထဘီနှင့်ပတ်သက်၍ ထိုသို့တစ်ထစ်ချအယူအဆ မရှိဟု တုံ့ ပြန်သည်။

သို့သော် “ပြည်သူရဲ့ လုပ်ဆောင်ချက်ကို နည်းနည်းလေး သွေးလန့်နေတဲ့သဘောမျိုးပါ။ ဒါတွေက အတိုက်အခိုက်တွေနဲ့လား ဘာညာပေါ့။ သူတို့ကို ယတြာချေတာလားပေါ့”ဟု ၎င်းက မှတ်ချက်ပြု လိုက်သည်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading