ဆန္ဒပြသူတို့ကို နှိမ်နင်းရန် လက်နက်အင်အားအပြည့်အစုံဖြင့် ချီတက်လာလေ့ရှိသည့် အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် လမ်းပေါ်တွင် ကန့်လှန့်ဖြတ်ရှိနေသည့် ထဘီတန်းကို ကျော်ဖြတ်ရန် ခက်ခဲနေသည်
အာဏာသိမ်းမှုဆန့်ကျင်ရေး ပုံမှန်ဆန္ဒပြလေ့ရှိသည့်နေရာများတွင် လမ်းပေါ်၌ လူတွေ့သည်နှင့် သေနတ်ဖြင့်ချိန်၊ သေနတ်ဖြစ်ပစ်၊ လေးခွဖြင့်ဆော်၊ အုပ်စုဖြင့်လိုက်၊ တုတ်ဖြင့် ရိုက်နှက်ဖမ်းဆီး လေ့ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည်။

“မင်းတို့ကပြည်သူတွေကို ကာကွယ်နေတာမဟုတ်ဘူး။ ဟေ့ကောင်”ဟု လှမ်းအော်နေသူ တစ်ဦး ပါဝင်သည့် လူအုပ်နှင့်မျက်နှာချင်းဆိုင် ကားလမ်းမတစ်ဖက်ခြမ်းတွင် မည်သို့မျှ တုန့်ပြန်ခြင်းမပြုသော စစ်သားနဲ့ ရဲ အယောက် ၄၀ ခန့်က ဟိုတစ်စု၊ ဒီတစ်စု ရပ်နေကြခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းမှာ မတ် ၅ နံနက် ၁၀ နာရီခန့်ကတည်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းမှစ၍ ဗိုလ် ချုပ်လမ်းတစ်လျှောက် ပြည်သူတို့ချထားသည့် အတားအဆီးများကို ဖယ်ရှားကာ ရေကျော်ဘက်သို့ ရှေ့ဆက်ချီတက်သွားသည်ကို Myanmar Now က တွေ့ခဲ့သည်။


သို့သော် ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့် မီးပွိုင့်အရောက် ရေကျော်ဈေးဘက်ခြမ်း လမ်းထိပ်၌ ပြည်သူတို့ မြေပြင်ပေါ်ချထားသည့် သံဆူးကြိုး၊ သဲအိတ်၊ အမှိုက်ပုံးစသည့် အတားအဆီးများ ကိုမူ နံနက်ပိုင်းကလို ချက်ခြင်းရှင်းလင်းခြင်းမပြုခဲ့။


အနီးအနားရှိ ပြည်သူတစ်ဦး Facebook စာမျက်နှာ၌ တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုအရ ထိုနေရာသို့ ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညနေ ၃ နာရီခွဲခန့်အချိန်အထိ ယခင်ကကဲ့သို့ အတားအဆီးများကို ဖယ်ရှား၊ ပြည်သူများကို တရကြမ်းပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးခြင်း မပြုသည်ကိုတွေ့ရသည်။
နောက်တစ်နာရီခန့်အကြာ အခြားသောပြည်သူတစ်ဦး၏Facebok တိုက်ရိုက်ထုတ်လွှင့်မှုတွင်မူ အဆိုပါနေရာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ လှုပ်လှုပ်ရှားရှားဖြစ်လာသည်ကိုတွေ့ရသည်။
ပြည်သူတို့ အတားအဆီးများချထားရာ လမ်းထိပ်သို့ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ဝါးလုံးရှည်ကိုင်ထားသူ တပ်ဖွဲ့ဝင်တစ်ဦး၏နောက်၊ ဘေး၊ ဝဲ၊ ယာ၌ လက်နက်အပြည့်အစုံကိုင်၍ စနစ် တကျနေရာယူထားသည်ကို အဆိုပါရုပ်သံဖိုင်တွင် ဦးစွာတွေ့ရသည်။
“ဟေ့ကောင်တွေ ခေါင်းမှာစွပ်မိနေမယ်နော်”၊ “ထဘီသူခိုး”၊ “ခေါင်းပဲစွပ်ပါစေ၊ ခေါင်းကိုစွပ်သွားပါစေ”ဟူ၍ ပြည်သူတို့အော်ဟစ်နေသံကိုလည်း အတိုင်းသား ကြားရ၏။
လမ်းထိပ် မြေပြင်တွင်ချထားသော အတားအဆီးများ၏အထက်တွင် ထဘီများ တန်းစီ လှန်းသည့် ကြိုးတန်းနှစ်ခုရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဝါးလုံးဖြင့်ချိတ်ဆွဲ ဖြုတ်ချနေချိန်တွင် ပြည်သူတို့က အထက်ပါအတိုင်း အော်ဟစ် အားပေးနေခြင်းဖြစ်ပါသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုပ်သံရိုက်ကူးနေသည်ဟု ၎င်းတို့ယူဆသည့် နေအိမ်များပေါ်သို့ သေနတ်၊ လေးခွတို့ဖြင့်ချိန်ရွယ်ခဲ့ကြသည်မှအပ ထဘီတန်းပြုတ်မကျမချင်း ရှေ့သို့မတိုးခဲ့သည်ကိုလည်း အဆိုပါ ရုပ်သံတွင်တွေ့နိုင်သည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် တလကျော်အတွင်း လူပေါင်း ၅၀ ကျော် အသက် ဆုံးရသည်အထိ အကြမ်းဖက်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အာရုံမှာ ၎င်းတို့ ဦးခေါင်း ထက်တွင်ရှိနေသည့် ထဘီတန်း မြေပြင်သို့ ပြုတ်ကျရေးမှအပ အခြားဦးစားပေးကိစ္စ မရှိသည့်နှယ်ပင်။
အမျိုးသားတို့ ထဘီတန်းအောက် ၀င်လျှင် ဘုန်းနိမ့်သည်ဟူသော လူအများ၏ အယူသီးမှုကြောင့် ထဘီတန်းကို ကျော်ဖြတ်ရသည်မှာ အချိန်ယူရသည့်၊ ခက်ခဲသည့်အလုပ် ဖြစ်နေသည်။
ရန်ကုန်တွင် နေ့စဉ်ရက်ဆက် လူထောင်သောင်းချီဆန္ဒပြလေ့ရှိ၊ စစ်ကောင်စီတပ်ဖွဲ့က အကြမ်းပတမ်း ဖြိုခွင်းလေ့ရှိသည့် ဗဟိုလမ်းတွင်လည်း မတ် ၅ရက်က အလားတူပင်ဖြစ်သည်။
အဆိုပါနေရာရှိ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က နံနက် ၁၀ ကတည်းက မီးခိုးဗုံး၊ အသံဗုံး၊ မျက်ရည်ယိုဗုံးများသုံးကာ တမဟုတ်ချင်း၌ပင် ပထမအကြိမ်ဖြိုခွင်းခဲ့ပြီးဖြစ်သည်။
သို့သော် လူပြန်စု၍ နောက်တစ်ကြိမ်ဆန္ဒပြသည့်အခါ ထိုသို့ ချက်ခြင်းဖြိုခွင်းမခံရတော့။ ဆန္ဒပြ ပြည်သူတို့ကြားမှ လက်ခုပ်သံများ ရုတ်တရက်ထွက်ပေါ်လာရန် အကြောင်းဖန်လာသည့် ဖြစ်စဉ်တစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို ကြီးစွာသောအဟန့်အတားဖြစ် စေခဲ့ပုံရသည်။
ဖြူ၊ နီ၊ ပြာ အရောင်အသွေးစုံသည့် အမျိုးသမီးအတွင်းခံများ တန်းစီလှန်းထားသည့် ကြိုးတန်းတစ်ခုကို အမျိုးသမီးသုံးဦးက ကိုင်၍ထွက်လာစဉ် စစ်သည် လေးသိန်းအင်အား ရသည့်နှယ် လူကြီး၊ လူငယ် အရွယ်စုံပါသည့်ဆန္ဒပြလူအုပ်ကလည်း ဝမ်းသာအား ရလက်ခုပ်လက်ဝါးတီး၍ အားပေးသည်ကို မျက်မြင်တွေ့ရသည်။
ထို့နောက် ဆန္ဒပြလူအုပ်ထဲမှ အမျိုးသားတို့ဦးဆောင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်ဖြိုခွင်း လေ့ရှိသည့် ဗဟိုလမ်းထိပ်တွင် လမ်းကိုကန့်လန့်ဖြတ်လျှက် အတွင်းခံပါကြိုးတန်းကို သွယ်တန်းပြီးချိန် များမကြာမီ ၌မူ စစ်ကောင်စီတပ်ဖွဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ဘူဒိုဇာ(မြေထိုးစက်) အကူအညီကိုပင် စစ်ကောင်စီတပ်ဖွဲ့က ယူလာသည်ကိုတွေ့ရသဖြင့် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးဒဏ်မှကာကွယ်ရန်၊ လိုအပ်ပါက ထွက်ပြေးရန် ဆန္ဒပြသူတို့ပြင်ဆင်ကြရတော့သည်။
သို့သော် နံနက်ပိုင်းကလို သပိတ်စစ်ကြောင်းကို ရုတ်တရက်ချက်ခြင်း ဖြိုခွင်း ခြင်းမပြုတော့ဘဲ ဘူဒိုဇာအကူအညီဖြင့် အမြင့်တွင်ရှိနေသည့် အမျိုးသမီးအတွင်းခံများလှန်းထားသည့် ကြိုးတန်းကို ဦးစွာတက်၍ဖြုတ်သည်။
အကျိုးသက်ရောက်မှုမှာ နေ့လယ်ပိုင်း ဗဟိုလမ်းသပိတ်ဖြိုခွင်းခံရမှုတွင် ယခင်က ကဲ့သို့ ထိခိုက်၊ ဖမ်းဆီးခံရသူ အများအပြားမရှိတော့ဟု အနီးပတ်ဝန်းကျင်ရှိပြည်သူအချို့က ပြောသည်။
“ထဘီခံစစ်”ဟု ပြည်သူများအကြား ရည်ညွန်းခေါ်ဝေါ်သော အဆိုပါဗျူဟာကို လွန်ခဲ့သော ရက်သတ္တပတ်မှစ၍ တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးစွဲနေပြီး ယခုအခါ မြို့ကြီးမြို့ငယ်တချို့တွင် လက်တွေ့ ကျင့်သုံးလာကြသည်ကို တွေ့လာရသည်။
ခေါင်းဆောင်ဟူ၍ တိတိကျကျ တာ၀န်ယူမထားသည့် ဆန္ဒပြသူများက ထဘီတန်းနည်းနာကို အခြားသော ဗျူဟာများကဲ့သို့ပင် မည်သူ၏ ညွှန်ကြားချက်မျှ မရှိဘဲ ကိုယ်ထူကိုယ်ထ စီစဥ်၊ အကောင်အထည် ဖော်နေကြသည်။ တစ်ဦးလျှင် ထဘီတစ်ထည်နှုန်း ပါ၀င်ရုံမျှဖြင့် အချိန်အနည်းငယ်အတွင်း ခံတပ်တစ်ခု ဖြစ်သွားနိုင်သည်။
အာဏာသိမ်းခေါင်းဆောင်၏မျက်နှာကို ကြက်ခြေခတ်ထားသည့်ပုံများ ထဘီတွင် ကပ်ကြသည့်မြို့လည်း ရှိသည်။
“Facebook က သတင်းအရရော၊ အခုမျက်မြင်အရရော သူတို့ ထဘီတန်းကို ကြောက်တဲ့ သဘော ရှိတယ်။ အကုန်လုံးညီတယ်ဆိုလုပ်ကြမယ်။ အဓိကက သူတို့ မသွားရဲ၊ မလာရဲဖြစ်အောင်ဆိုတဲ့ ပစ်မှတ်ပဲ”ဟု ရန်ကုန်မှ ဆန္ဒပြအမျိုးသားတစ်ဦးကပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ ရုတ်တရက်အကြမ်းဖက်မှုဒဏ်ကို ကာကွယ်ရန် ထဘီတန်းအပြင် အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်(Pad)များ သုံးစွဲသင့်မသင့်ကိုပင် ဆန္ဒပြသူတို့အကြားဆွေးနွေးနေကြပြီး အသုံးပြုပြီးသားကို ချိတ်ဆွဲပါက ရပ်ကွက်အတွင်း နေထိုင်သူတို့အတွက် ကျန်းမာရေးနှင့်လျော်ညီခြင်းရှိမရှိ စဉ်းစားနေကြကြောင်း ၎င်းက ဆက် ပြောသည်။
မိခင်၏ ထဘီမှ အထက်ဆင်အပိုင်းအစကို ဆောင်လျှင် ကျည်ကွင်းသည်၊ ထဘီတန်း အောက်ဝင်လျှင် ကျည်သင့်သည်ဟု စစ်သားများအကြား အယူအဆ ရှိကြောင်း ကြားဖူးထားသည်မှာ မှန်လောက်သည်ဟု အထက်ပါဖြစ်ရပ်များကို ကြည့်၍ ဆန္ဒပြသူအချို့က ယုံကြည်ကြသည်။
“အဲဒီလိုအစွဲတွေနဲ့များတိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မလဲ ကျွန်မစဉ်းစားလို့ကိုမရဘူး”ဟု ရန်ကုန် မြို့ပေါ်တွင် ပုံမှန်ဆန္ဒပြလေ့ရှိသည့် အမျိုးသမီးတစ်ဦးက ရယ်လျက် မှတ်ချက်ပြုသည်။
အရာခံဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်တွင် ၂၈နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းစိန်ကမူ တပ်မတော်သားများအားလုံးအကြားတွင် ထဘီနှင့်ပတ်သက်၍ ထိုသို့တစ်ထစ်ချအယူအဆ မရှိဟု တုံ့ ပြန်သည်။
သို့သော် “ပြည်သူရဲ့ လုပ်ဆောင်ချက်ကို နည်းနည်းလေး သွေးလန့်နေတဲ့သဘောမျိုးပါ။ ဒါတွေက အတိုက်အခိုက်တွေနဲ့လား ဘာညာပေါ့။ သူတို့ကို ယတြာချေတာလားပေါ့”ဟု ၎င်းက မှတ်ချက်ပြု လိုက်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












