ဆောင်းပါး

လမ်းမထက်မှာ တလူလူလွင့် ပြည်သူ့ထဘီတန်းခံစစ်

အာဏာသိမ်းမှုဆန့်ကျင်ရေး ပုံမှန်ဆန္ဒပြလေ့ရှိသည့် နေရာများတွင် လမ်းပေါ်၌ လူတွေ့သည်နှင့် သေနတ်ဖြင့်ချိန်၊ သေနတ်ဖြစ်ပစ်၊ လေးခွဖြင့်ဆော်၊ အုပ်စုဖြင့်လိုက်၊ တုတ်ဖြင့် ရိုက်နှက်ဖမ်းဆီးလေ့ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသည်။

အကြမ်းဖက်ဖြိုခွင်းခံရဖူးသည့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်လေးထောင့်ကန်လမ်းမကြီးတွင် မတ် ၅ ရက်၌ အတားအဆီးချထားစဉ်။ ဓာတ်ပုံ – Myanmar Now

“မင်းတို့က ပြည်သူတွေကို ကာကွယ်နေတာမဟုတ်ဘူး။ ဟေ့ကောင်”ဟု လှမ်းအော်နေသူတစ်ဦးပါဝင်သည့် လူအုပ်နှင့် မျက်နှာချင်းဆိုင် ကားလမ်းမတစ်ဖက်ခြမ်းတွင် မည်သို့မျှ တုံ့ပြန်ခြင်းမပြုသော စစ်သားနဲ့ ရဲ အယောက် ၄၀ ခန့်က ဟိုတစ်စု၊ ဒီတစ်စု ရပ်နေကြခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းမှာ မတ် ၅ နံနက် ၁၀ နာရီခန့်ကတည်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းမှစ၍ ဗိုလ်ချုပ်လမ်းတစ်လျှောက် ပြည်သူတို့ချထားသည့် အတားအဆီးများကို ဖယ်ရှားကာ ရေကျော်ဘက်သို့ ရှေ့ဆက်ချီတက်သွားသည်ကို Myanmar Now က တွေ့ခဲ့သည်။

သို့သော် ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့် မီးပွိုင့်အရောက် ရေကျော်ဈေးဘက်ခြမ်း လမ်းထိပ်၌ ပြည်သူတို့ မြေပြင်ပေါ်ချထားသည့် သံဆူးကြိုး၊ သဲအိတ်၊ အမှိုက်ပုံးစသည့် အတားအဆီးများကိုမူ နံနက်ပိုင်းကလို ချက်ချင်းရှင်းလင်းခြင်းမပြုခဲ့။

စစ်ကောင်စီတပ်ဖွဲ့ နေ့စဉ်အကြမ်းဖက်ဖြိုခွင်းလေ့ရှိသည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းထိပ်တွင် မတ် ၅ရက်က ချထားသည့်အတားအဆီးများ။ ဓာတ်ပုံ – Myanmar Now

အနီးအနားရှိ ပြည်သူတစ်ဦး Facebook စာမျက်နှာ၌ တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုအရ ထိုနေရာသို့ ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညနေ ၃ နာရီခွဲခန့်အချိန်အထိ ယခင်ကကဲ့သို့ အတားအဆီးများကို ဖယ်ရှား၊ ပြည်သူများကို တရကြမ်းပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးခြင်း မပြုသည်ကို တွေ့ရသည်။

နောက်တစ်နာရီခန့်အကြာ အခြားသောပြည်သူတစ်ဦး၏Facebok တိုက်ရိုက်ထုတ်လွှင့်မှုတွင်မူ အဆိုပါနေရာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ လှုပ်လှုပ်ရှားရှားဖြစ်လာသည်ကို တွေ့ရသည်။

ပြည်သူတို့ အတားအဆီးများချထားရာ လမ်းထိပ်သို့ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ဝါးလုံးရှည်ကိုင်ထားသူ တပ်ဖွဲ့ဝင်တစ်ဦး၏ နောက်၊ ဘေး၊ ဝဲ၊ ယာ၌ လက်နက်အပြည့်အစုံကိုင်၍ စနစ်တကျနေရာယူထားသည်ကို အဆိုပါရုပ်သံဖိုင်တွင် ဦးစွာတွေ့ရသည်။

“ဟေ့ကောင်တွေ ခေါင်းမှာ စွပ်မိနေမယ်နော်”၊ “ထဘီသူခိုး”၊ “ခေါင်းပဲစွပ်ပါစေ၊ ခေါင်းကို စွပ်သွားပါစေ”ဟူ၍ ပြည်သူတို့အော်ဟစ်နေသံကိုလည်း အတိုင်းသားကြားရ၏။

လမ်းထိပ် မြေပြင်တွင် ချထားသော အတားအဆီးများ၏ အထက်တွင် ထဘီများ တန်းစီလှန်းသည့် ကြိုးတန်းနှစ်ခုရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဝါးလုံးဖြင့်ချိတ်ဆွဲ ဖြုတ်ချနေချိန်တွင် ပြည်သူတို့က အထက်ပါအတိုင်း အော်ဟစ် အားပေးနေခြင်းဖြစ်ပါသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုပ်သံရိုက်ကူးနေသည်ဟု ၎င်းတို့ယူဆသည့် နေအိမ်များပေါ်သို့ သေနတ်၊ လေးခွတို့ဖြင့် ချိန်ရွယ်ခဲ့ကြသည်မှအပ ထဘီတန်းပြုတ်မကျမချင်း ရှေ့သို့မတိုးခဲ့သည်ကိုလည်း အဆိုပါ ရုပ်သံတွင် တွေ့နိုင်သည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် တလကျော်အတွင်း လူပေါင်း ၅၀ ကျော် အသက်ဆုံးရှုံးသည်အထိ အကြမ်းဖက်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အာရုံမှာ ၎င်းတို့ ဦးခေါင်းထက်တွင်ရှိနေသည့် ထဘီတန်း မြေပြင်သို့ ပြုတ်ကျရေးမှအပ အခြားဦးစားပေးကိစ္စ မရှိသည့်နှယ်ပင်။

အမျိုးသားတို့ ထဘီတန်းအောက်ဝင်လျှင် ဘုန်းနိမ့်သည်ဟူသော လူအများ၏ အယူသီးမှုကြောင့် ထဘီတန်းကို ကျော်ဖြတ်ရသည်မှာ အချိန်ယူရသည့်၊ ခက်ခဲသည့်အလုပ် ဖြစ်နေသည်။

ရန်ကုန်တွင် နေ့စဉ်ရက်ဆက် လူထောင်သောင်းချီ ဆန္ဒပြလေ့ရှိ၊ စစ်ကောင်စီတပ်ဖွဲ့က အကြမ်းပတမ်းဖြိုခွင်းလေ့ရှိသည့် ဗဟိုလမ်းတွင်လည်း မတ် ၅ရက်က အလားတူပင်ဖြစ်သည်။

အဆိုပါနေရာရှိ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က နံနက် ၁၀ ကတည်းက မီးခိုးဗုံး၊ အသံဗုံး၊ မျက်ရည်ယိုဗုံးများသုံးကာ တစ်မုဟုတ်ချင်း၌ပင် ပထမအကြိမ်ဖြိုခွင်းခဲ့ပြီးဖြစ်သည်။

သို့သော် လူပြန်စု၍ နောက်တစ်ကြိမ်ဆန္ဒပြသည့်အခါ ထိုသို့ ချက်ချင်းဖြိုခွင်းမခံရတော့။ ဆန္ဒပြပြည်သူတို့ကြားမှ လက်ခုပ်သံများ ရုတ်တရက်ထွက်ပေါ်လာရန် အကြောင်းဖန်လာသည့် ဖြစ်စဉ်တစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို ကြီးစွာသော အဟန့်အတားဖြစ်စေခဲ့ပုံရသည်။

ဖြူ၊ နီ၊ ပြာ အရောင်အသွေးစုံသည့် အမျိုးသမီးအတွင်းခံများ တန်းစီလှန်းထားသည့် ကြိုးတန်းတစ်ခုကို အမျိုးသမီးသုံးဦးက ကိုင်၍ ထွက်လာစဉ် စစ်သည် လေးသိန်းအင်အားရသည့်နှယ် လူကြီး၊ လူငယ် အရွယ်စုံပါသည့် ဆန္ဒပြလူအုပ်ကလည်း ဝမ်းသာအားရ လက်ခုပ်လက်ဝါးတီး၍ အားပေးသည်ကို မျက်မြင်တွေ့ရသည်။

ထို့နောက် ဆန္ဒပြလူအုပ်ထဲမှ အမျိုးသားတို့ဦးဆောင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်ဖြိုခွင်းလေ့ရှိသည့် ဗဟိုလမ်းထိပ်တွင် လမ်းကို ကန့်လန့်ဖြတ်လျက် အတွင်းခံပါကြိုးတန်းကို သွယ်တန်းပြီးချိန် များမကြာမီ၌မူ စစ်ကောင်စီတပ်ဖွဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

“ရှင်တို့ရဲ့ ထဘီတွေကို ရဲတွေလာရုတ်ပေးရလိမ့်မယ်လို့ ယောင်ပြီးတောင်တွေးဖူးခဲ့ကြသလား အမျိုးသမီးထုတို့”ဟူသောစာသားဖြင့် ဖေ့စ်ဘွတ်ခ်တွင် ကျော် ကြားနေသည့် ဓာတ်ပုံတစ်ပုံ

ဘူဒိုဇာ(မြေထိုးစက်) အကူအညီကိုပင် စစ်ကောင်စီတပ်ဖွဲ့က ယူလာသည်ကို တွေ့ရသဖြင့် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးဒဏ်မှ ကာကွယ်ရန်၊ လိုအပ်ပါက ထွက်ပြေးရန် ဆန္ဒပြသူတို့ ပြင်ဆင်ကြရတော့သည်။

သို့သော် နံနက်ပိုင်းကလို သပိတ်စစ်ကြောင်းကို ရုတ်တရက်ချက်ချင်း ဖြိုခွင်းခြင်းမပြုတော့ဘဲ ဘူဒိုဇာအကူအညီဖြင့် အမြင့်တွင်ရှိနေသည့် အမျိုးသမီးအတွင်းခံများလှန်းထားသည့် ကြိုးတန်းကို ဦးစွာ တက်၍ဖြုတ်သည်။

အကျိုးသက်ရောက်မှုမှာ နေ့လယ်ပိုင်း ဗဟိုလမ်းသပိတ်ဖြိုခွင်းခံရမှုတွင် ယခင်ကကဲ့သို့ ထိခိုက်၊ ဖမ်းဆီးခံရသူ အများအပြားမရှိတော့ဟု အနီးပတ်ဝန်းကျင်ရှိ ပြည်သူအချို့က ပြောသည်။

“ထဘီခံစစ်”ဟု ပြည်သူများအကြား ရည်ညွှန်းခေါ်ဝေါ်သော အဆိုပါဗျူဟာကို လွန်ခဲ့သော ရက်သတ္တပတ်မှစ၍ တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးစွဲနေပြီး ယခုအခါ မြို့ကြီးမြို့ငယ်တချို့တွင် လက်တွေ့ကျင့်သုံးလာကြသည်ကို  တွေ့လာရသည်။

ခေါင်းဆောင်ဟူ၍ တိတိကျကျ တာဝန်ယူမထားသည့် ဆန္ဒပြသူများက ထဘီတန်းနည်းနာကို အခြားသော ဗျူဟာများကဲ့သို့ပင် မည်သူ၏ ညွှန်ကြားချက်မျှ မရှိဘဲ ကိုယ်ထူကိုယ်ထ စီစဉ်၊ အကောင်အထည်ဖော်နေကြသည်။ တစ်ဦးလျှင် ထဘီတစ်ထည်နှုန်း ပါဝင်ရုံမျှဖြင့် အချိန်အနည်းငယ်အတွင်း ခံတပ်တစ်ခုဖြစ်သွားနိုင်သည်။

အာဏာသိမ်းခေါင်းဆောင်၏ မျက်နှာကို ကြက်ခြေခတ်ထားသည့်ပုံများ ထဘီတွင် ကပ်ကြသည့်မြို့လည်း ရှိသည်။

“Facebook က  သတင်းအရရော၊ အခုမျက်မြင်အရရော သူတို့ ထဘီတန်းကို ကြောက်တဲ့သဘောရှိတယ်။ အကုန်လုံးညီတယ်ဆို လုပ်ကြမယ်။ အဓိကက သူတို့ မသွားရဲ၊ မလာရဲဖြစ်အောင်ဆိုတဲ့ ပစ်မှတ်ပဲ”ဟု ရန်ကုန်မှ ဆန္ဒပြအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ ရုတ်တရက်အကြမ်းဖက်မှုဒဏ်ကို ကာကွယ်ရန် ထဘီတန်းအပြင် အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်(Pad)များ သုံးစွဲသင့်မသင့်ကိုပင် ဆန္ဒပြသူတို့အကြား ဆွေးနွေးနေကြပြီး အသုံးပြုပြီးသားကို ချိတ်ဆွဲပါက ရပ်ကွက်အတွင်း နေထိုင်သူတို့အတွက် ကျန်းမာရေးနှင့် လျော်ညီခြင်းရှိမရှိ စဉ်းစားနေကြကြောင်း ၎င်းက ဆက်ပြောသည်။

မိခင်၏ ထဘီမှ အထက်ဆင်အပိုင်းအစကို ဆောင်လျှင် ကျည်ကွင်းသည်၊ ထဘီတန်းအောက်ဝင်လျှင် ကျည်သင့်သည်ဟု စစ်သားများအကြား အယူအဆရှိကြောင်း ကြားဖူးထားသည်မှာ မှန်လောက်သည်ဟု အထက်ပါဖြစ်ရပ်များကို ကြည့်၍ ဆန္ဒပြသူအချို့က ယုံကြည်ကြသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းတွင် ထဘီတန်းအတားအဆီးများရှေ့ ရပ်တန့်နေသည့် စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့ဝင်များကို မတ် ၅ ရက်က တွေ့ရစဉ်။

“အဲဒီလိုအစွဲတွေနဲ့များ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မလဲ ကျွန်မ စဉ်းစားလို့ကိုမရဘူး”ဟု ရန်ကုန်မြို့ပေါ်တွင် ပုံမှန်ဆန္ဒပြလေ့ရှိသည့် အမျိုးသမီးတစ်ဦးက ရယ်လျက် မှတ်ချက်ပြုသည်။

အရာခံဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်တွင် ၂၈နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းစိန်ကမူ တပ်မတော်သားများအားလုံးအကြားတွင် ထဘီနှင့် ပတ်သက်၍ ထိုသို့ တထစ်ချအယူအဆမရှိဟု တုံ့ပြန်သည်။

သို့သော် “ပြည်သူရဲ့ လုပ်ဆောင်ချက်ကို နည်းနည်းလေး သွေးလန့်နေတဲ့သဘောမျိုးပါ။ ဒါတွေက အတိုက်အခိုက်တွေနဲ့လား ဘာညာပေါ့။ သူတို့ကို ယတြာချေတာလားပေါ့”ဟု ၎င်းက မှတ်ချက်ပြုလိုက်သည်။

Show More

Related Articles

Back to top button