ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာ NLD ဥက္ကဋ္ဌ နှင့် ကလေးတစ်ဦးကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရသူများ ထဲတွင် ပြည်ခိုင်ဖြိုးပါတီ၀င်တစ်ဦးလည်း ပါ၀င်နေသည်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ နှင့် ကလေးတစ်ဦးကို ယနေ့ (မတ် ၅) နံနက်ပိုင်းတွင် ဓားဖြင့်ခုတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်က ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာတွင် NLD ရပ်ကျေးဥက္ကဋ္ဌဦးထွေးနိုင်သည် သူ့ ဆွေမျိုးသားချင်း ၇ ဦးနှင့်အတူ ရွာအနောက်ဘက်ပိုင်းရှိ မိတ်ဆွေတစ်ဦး၏အိမ်သို့ သွားရောက်သတင်း မေးရာမှ အပြန်လမ်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီဝင် ဦးကျော်ခိုင်ဦးပိုင်သည့် သစ်စက်ရှေ့အရောက်တွင် လူ ၂၅ ဦးခန့်က အုပ်စုလိုက်ဝိုင်း၍ ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးထွေးနိုင်၏သားဖြစ်သူ ကိုဘိုဘိုက ပြောသည်။
“အနောက်ပိုင်းမှာ သတင်းမေးပြီး အပြန်မှာ သူတို့သစ်စက်ရှေ့မှာ အသင့်စောင့်နေတဲ့အနေအထားနဲ့ ကျွန်တော်တို့ကို ခုတ်တာ။ လက်နက်တွေလည်း အကုန်ပြင်ထားပြီးသား။ကျွန်တော်တို့လည်း အသက်လု ပြေးရတယ်။ ဖခင်အသက်တောင်မှ မကယ်ခဲ့နိုင်ပါဘူး” ဟု ကိုဘိုဘိုက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဝင်ဦးဆောင်သည့် အုပ်စုလိုက်တိုက်ခိုက်ရမှုကြောင့် ဦးထွေးနိုင်နှင့်အတူ ၎င်း၏ တူဖြစ် သူ အသက် ၁၇ နှစ်အရွယ် ကိုနန်းဝေတို့မှာ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးသွားခဲ့ကြသည်။
“လောက်လေးနဲ့ ပစ်လို့ လဲရင် ဓားနဲ့ ခုတ်တယ်ဗျာ။ ဓားနဲ့ခုတ်လို့ မမီရင် လောက်လေးနဲ့ ပစ်တယ်ဗျာ။ အဲဒီကောင်တွေသေမှ လုပ်ချင်တာ လုပ်လို့ရမယ်။ အကုန်သာသတ်ပစ်ဆိုပြီးပြောပါတယ်ဗျ” ဟု ကိုဘိုဘိုက ပြောသည်။
ထိုသို့ အုပ်စုလိုက်ဝိုင်း၍ တိုက်ခိုက်ခံရမှုကြောင့် လူနှစ်ဦးသေဆုံးသည့်အပြင် ကျန်ခြောက်ဦးမှာလည်း ဓားဒဏ်ရာများ၊ လေးဂွဒဏ်ရာများရရှိထားသည်ဟု သိရသည်။


ကျောင်းကုန်းကြီးသစ်စက်အတွင်းမှ အုပ်စုလိုက်ထွက်၍ ဓားဖြင့်ခုတ်သူများထဲမှ ၉ ဦးကို ရဲနှင့် ဒေသခံတို့ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိတွင် ပွင့်ဖြူမြို့မရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ရန် ဦးထွေးနိုင်၏ မိသားစုက ကြိုးပမ်းလျက်ရှိသည်။
သို့သော် အုပ်စုလိုက်ဝိုင်းဝန်းတိုက်ခိုက်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်ခိုင်ဦးကိုမူ ဖမ်းမမိသေးကြောင်း သိရသည်။
ဓားဖြင့် ခုတ်သည်ဟု စွပ်စွဲခံထားရသည့် ဦးကျော်ခိုင်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်း ရွေးကောက်ပွဲ အချက်အလက်များအရ သိရသည်။
စွပ်စွဲချက်နှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်ခိုင်ဦးကို ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










