တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်အပါအဝင် မြို့တော်ဒေါက်တာရဲလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့ ကို ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုထားသော်လည်း ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့် မပေးသေးသည့်အပြင် ထောင်ဝင်စာလည်း တွေ့ခွင့် မရသေးပေ
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ယနေ့ (မတ် ၅) တွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံး၌ ထပ်မံအမှုဖွင့်လိုက်သည်။
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်နှင့် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှုး ဦးတင်ကိုကိုတို့ကို သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်(၂၅) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလကုန်ပိုင်းက မန္တလေးအရှေ့ကျုံးထောင့်၌ မိသားစုအလိုက် ကိုဗစ်ကာကွယ်ရေးစီမံချက် ပြုလုပ်ခဲ့သည့်အကြောင်းပြချက်ဖြင့် ၎င်းတို့လေးဦးကို တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလို ပြုလုပ်ကာ စွဲဆိုခြင်းဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်၏ အမှုကို လိုက်ပါဆောင်ရွက်မည့် ဥပဒေအကျိုးဆောင်အဖွဲ့ထံမှ သိရသည်။
“ဒီအမှုအတွက် ရမန်တောင်းနေဆဲမို့ ဒီနေ့တရားရုံးမှာ ရှေ့နေ့ပါဝါ မတင်ရသေးဘဲ ပြန်လာရတယ်။ လာမဲ့ ရုံးချိန်းမှာ အာမခံပေး၊ မပေးနဲ့ ရှေ့နေတွေနဲ့ လူချင်းတွေ့ခွင့် ကိစ္စသိရမယ်" ဟု ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေဒေါ်သဲဆုဝေက ပြောသည်။


မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်တွင် တရားစွဲတင်ထားသလို တရားခွင်အမှုစစ်ဆေးရာတွင် လုံခြုံရေးအကြောင်းပြု၍ ရုံးထုတ်ခြင်းမပြုဘဲ ဗီဒီယိုကွန့်ဖရင့်ဖြင့်သာ စစ်ဆေးခဲ့သည့်အပြင် ၎င်းတို့၏ ရှေ့နေများနှင့်လည်း ယနေ့အထိ တွေ့ဆုံခွင့် မရသေးပေ။


ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများကို မန္တလေးအိုးဖိုအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်ဆိုသော်လည်း အကျိုးဆောင်ရှေ့နေအဖွဲ့က ထောင်ဝင်စာတွေ့ရန် သွားရောက် ခဲ့ရာတွင် တွေ့ခွင့်မရခဲ့ကြောင်း ဒေါ်သဲဆုဝေက ပြောပြသည်။
လာမည့် မတ် ၈ ရက်ရုံးချိန်း၌ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသော ဝန်ကြီးချုပ်နှင့် မြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ဆေးမည်ဟု သိရသည်။
ယနေ့ရုံးချိန်းသို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ ဇနီးဒေါက်တာယုယုမေ လာရောက်ခဲ့ပြီး ပြည်သူအချို့ လာရောက်ဝန်းရံခဲ့ကြသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ သဘာ၀ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉၊ မြို့တော်ဝန်ဒေါက်တာရဲလွင်၊ ဝန်ကြီးဦးမျိုးသစ်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ဝန်ကြီးဒေါက်တာစိုးသန်းနှင့် ဝန်ကြီးဦးဇာနည်အောင်တို့ကို သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉ ဖြင့် သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ တရားစွဲတင် ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








