မေး ။ အာဏာသိမ်းပြီးကတည်းကနေ ခုထိ သံဃာတွေထွက်လာတာ ဒါပထမဆုံးပဲလား ဘုရား။
ဖြေ ။ သံဃာတွေစုစုစည်းစည်းနဲ့က ဒါပထမဆုံးလို့ပြောလို့ရတယ်။ သံဃာတွေနဲ့ ဒီလောက်များများလေးစုစုစည်းစည်းထွက်တာပေါ့။ အရင်ကတော့ သူ့နီးစပ်ရာသပိတ်စစ်ကြောင်းနဲ့ သံဃာတွေ ၃ပါး ၄ ပါးထွက်ကြတာတွေရှိတယ်။

မေး ။ အာဏာသိမ်းတာနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ ဘုရား။
ဖြေ ။ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ဒီကောင်တွေစစ်တပ်က အရင်တုန်းကလဲ မတရားမှုတွေကျူးလွန်ခဲ့တာပဲ။ အခုဒါလဲပဲ မတရားမှုထပ်ပြီးကျူးလွန်တာပဲပေါ့။ စစ်အာဏာသိမ်းမှုပေါ်မှာတော့ ဘာမှကျေနပ်စရာမရှိဘူး။ ပြည်သူ့အာဏာကို လုယူပြီး ခိုးယူ ဓားပြတိုက်တဲ့အဆင့်ပဲလေ။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်မရှိတာအကောင်းဆုံးလို့ပဲယူဆတယ်။


မေး ။ အရှင်ဘုရားတို့အနေနဲ့ ဘာတွေတောင်းဆိုမှာလဲ ဘုရား။
ဖြေ ။ တောင်းဆိုချက်တွေကတော့ လူထုကတော့ ခုစစ်အာဏာရှင်စနစ်ကျရှုံးရေးအတွက် အားလုံး တစ်နိုင်ငံလုံးနီးပါးက တစ်တပ်တစ်အားနဲ့ အားရစရာကျေနပ်စရာကောင်းတယ်။ ကြွေးကြော်သံတွေကတော့ အားလုံးပြန့်ကျဲနေတယ်လို့ ဦးဇင်းကတော့ မြင်တယ်။ ကြွေးကြော်သံတောင်းဆိုချက်တွေလဲ တစ်နိုင်ငံလုံးတူညီဖို့လိုအပ်သလို ပြန့်ကျဲနေတဲ့ သပိတ်တိုက်ပွဲပုံသဏ္ဏာန်တွေလဲ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်နဲ့တိုက်မှ တိုက်ရတာအာဏာရှင်ဟာ အားရှိမယ်။ နိုင်ချေရှိမယ်လို့လဲယူဆတယ်။ ဒါကြောင့်ပြန့်ကျဲနေတဲ့ ကြွေးကြော်သံတွေကို တစ်နိုင်ငံလုံး အားလုံး တစ်သံတည်းဖြစ်အောင် စုစည်းသင့်တယ်။ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု ရေးဆွဲနိုင်ရမယ်။ တိုင်းရင်းသားတွေဒီတိုက်ပွဲမှာ ပါဝင်လာနိုင်ဖို့အတွက် တိုင်းရင်းသားတွေအနာဂါတ်အတွက်ဆိုရင်လဲ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖော်ဆောင်ပေးရမယ်။ ဒီမိုကရေစီစနစ်ရှိနေရမယ်တိုင်းပြည်မှာ။ နောက်ပြီး သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ခြင်းလွှတ်ပေးဖို့ နိုင်ငံရေးအရဒီလိုမျိုး ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ်နဲ့ ရှိတဲ့ ကြွေးကြော်သံတွေ၊ တောင်းဆိုချက်တွေက ဗမာပြည်တစ်ပြည်လုံးကို လွှမ်းသွားလို့ရှိရင်တော့ အာဏာရှင်ဟာတစ်စုံတစ်ရာ အာရုံစိုက်မှုတွေများလာပြီးတော့ ညှိနိုင်းမှုတွေလုပ်ရင်လုပ် မလုပ်ဘူးဆိုရင်လဲ ဒီ့ထက်ကြီးမားတဲ့ဖြိုခွင်းမှုတွေလုပ်ချေရှိတယ်ပေါ့။


ဒါကြောင့် ဦးဇင်းတို့က ထုနဲ့ထည်နဲ့ စုစုစည်းစည်းနဲ့ ကျစ်လစ်ခိုင်မာတဲ့ ကြွေးကြော်သံတွေ တောင်းဆိုချက်တွေနဲ့ တောင်းမှသာလျှင် ဒီတိုက်ပွဲက နိုင်မယ်လို့ ဦးဇင်းက မျှော်လင့်ထားပါတယ်။
မေး ။ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ဘာများပြောချင်ပါလဲ ဘုရား။
ဖြေ ။ CDM လုပ်တဲ့ဝန်ထမ်းတွေ စစ်အာဏာရှင်တွေအသက်ရှင်သန်ရေးအတွက် လည်ပတ်နေတာတွေ မလည်ပတ်နိုင်အောင်ရပ်တန့်ပြီး အလုပ်ထွက်ကြတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်တယ်။ ကျန်တဲ့ဝန်ထမ်းတွေကလဲ စစ်အာဏာရှင်စနစ်ကိုသက်ဆိုးရှည်အောင် လုပ်နေတဲ့ လူတစ်စုအတွက် အလုပ်မလုပ်ကြပဲ တိုင်းပြည်မှာ နောင်ဒီလိုမျိုးအခြေအနေတွေမပေါ်ပေါက်လာအောင် အလုပ်မဆင်းပဲ CDM မှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဦးဇင်းတိုက်တွန်းခြင်တယ်။
မေး ။ ၂၀၀၇ လူထုလှုပ်ရှားမှုနဲ့ အခုဘာတွေထူးခြားတာတွေ့ရလဲဘုရား။
ဖြေ ။ ဘာတွေထူးခြားတာတွေတွေ့ရလဲဆိုတော့ စစ်အာဏာရှင်စနစ်ကတော့ ၂၀၀၇ ကလဲ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ကြရတာပဲ။ အခု ၂၀၂၁ ရောက်တဲ့ထိလဲ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေရတယ်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရတာတော့တူတယ်။ ဒါပေမယ့် လူထုလူတန်းစားတွေပါဝင်လာမှုကတော့မတူဘူး။ ၂၀၀၇ ရွှေဝါရောင်တုန်းကတော့ စစ်အာဏာရှင် ဖိနှိပ်မှုက အရမ်းကြီးတယ်။ အရမ်းပြင်းထန်တယ်။ အမြင့်ဆုံးအခြေအနေကိုရောက်နေတဲ့အချိန်မှာ ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့အတွက် သို့လော သို့လော ဖြစ်နေတာတွေကို အဲ့အချိန်တုန်းကတော့ ဆရာတော် သံဃာတော်တွေက ဦးဆောင်ပြီးတော့ စစ်အာဏာရှင်စနစ်ကို စပြီးတိုက်ပွဲဝင်ခဲ့ကြတယ်ပေါ့။ ဒါပေမယ့် ၂၀၂၁ မှာကြတော့ လူငယ်တွေကိုယ်တိုင်က ဦးဆောင်ပြီးတော့ စစ်အာဏာရှင်စနစ်ကိုတိုက်လာတဲ့အပေါ်မှာ အဲ့လိုကွာခြားချက်တွေရှိတယ်။ လူငယ်တွေကိုယ်တိုင်က စစ်အာဏာရှင်စနစ်ကို အလိုမရှိဘူး။ ဆန့်ကျင်ရကောင်းမှန်းသိလာပြီ အကြောက်တရားတွေနည်းလာတဲ့အပေါ်မှာ ဦးဇင်းကတော့ လူငယ်တွေအတွက် ဂုဏ်ယူပါတယ်။
မေး ။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲဝင်နေတဲ့ ပြည်သူတွေကို ဘာများမိန့်ကြားချင်လဲ ဘုရား။
ဖြေ ။ စစ်အာဏာရှင်စနစ်ကျရှုံးရေးအတွက် အတူတိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုကို ဦးဇင်းအနေနဲ့ ပန်ကြားချင်တာကတော့ ပြန့်ကျဲနေတဲ့ သပိတ်စစ်ကြောင်းတွေကို မိမိသက်ဆိုင်ရာ တိုင်း၊ မြို့နယ်အလိုက် စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဘုံတစ်နေရာတည်းမှာ စုပြီး စုရပ်အနေနဲ့ သွားကြဖို့ ၊ နောက်တစ်ခုကတော့ တစ်နိုင်ငံလုံးက စစ်အာဏာရှင်စနစ်ကိုတိုက်တဲ့အခါမှာ ပြန့်ကျဲနေမယ်ဆိုရင် ရက်တွေကြာညောင်းနေမယ်။ တောင်းဆိုချက်တွေ ကြွေးကြော်သံတွေက တညီတညွတ်တည်း ညီညီညွတ်ညွတ်နဲ့ရှိနေဖို့လိုတယ်။ တတိုင်းတပြည်လုံးကလဲ စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်က ဘယ်လိုပဲဖြိုခွင်းဖြိုခွင်း ဒါကိုငါတို့တွေ ကျော်ပြီးတော့ တိုက်နိုင်မှသာလျင် အောင်ပွဲရမယ်ဆိုတာကို ဦးဇင်းအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
မေး ။ အာဏာသိမ်းစစ်ခေါင်း မင်းအောင်လှိုင်နဲ့ပတ်သက်ပြီး ဘာများပြောချင်ဘုရား။
ဖြေ ။ စစ်အာဏာရှင်တိုင်းပြည်မှာရှိဖို့မလိုအပ်ဘူး။ ရှိတာကိုလဲ မကြိုက်ဘူး။ ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်အမြတ်ပြတ်ရေးအတွက် တိုက်ပွဲဝင်သွားမယ်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။







