သေဆုံးသူအမျိုးသားမှာ အသက် ၂၇ အရွယ် ကိုဇော်မျိုးဆိုသူဖြစ်ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် လည်ပင်းထုတ်ချင်းပေါက် ကျည်ဆန်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်သဖြင့ မန္တလေးမြို့၊ ၄၉ လမ်းနှင့် ၁၁၄ လမ်းအနီးတွင် ပြည်သူတစ်ဦးသေဆုံးသွားကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
သေဆုံးသူအမျိုးသားမှာ အသက် ၂၇ အရွယ် ကိုဇော်မျိုးဆိုသူဖြစ်ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် လည်ပင်းထုတ်ချင်းပေါက် ကျည်ဆန်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

ကိုဇော်မျိုးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်ဆို့ထားသည့် မန္တလေးမြို့ ၄၉ လမ်းထဲသို့ ဆန္ဒပြသူများ နှင့် အခြားပြည်သူများ မလာစေရန် လမ်းထိပ်တွင် အလံကိုင်လျက် သတိပေးလမ်းရှင်းပေးနေချိန်တွင် အပစ်ခံရခြင်းဖြစ်သည်ဟု မျက်မြင်သတ်သေများက ပြောသည်။
ယနေ့နံနက်ပိုင်းက ၄၉ လမ်းနှင့် ၁၁၄ လမ်းတွင် အင်ဂျင်နီယာသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ ဝင်မျာက အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး အတားအဆီးများကိုလည်း မြေကော်စက်များဖြင့် ဖယ်းရှားရှင်းလင်းခဲ့သည်ဟု သိရသည်။


အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် အင်ဂျာနီယာသပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ဆန္ဒပြသူများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တပ်နှင့် ရဲများက ၄၉ လမ်းအနီးရှိ တိုက်ခန်းများတွင် ပုန်းအောင်း နေသူ သူများ ယူဆချက်ြဖင့် ၄၉ လမ်းကို ပိတ်ဆို့တားဆီးစစ်ဆေးလျက်ရှိသည်။
ထို့ကြောင့် ကိုဇော်မျိုးသည် စစ်တပ်နှင့် ရဲတို့ ပိတ်ဆို့ထားသည့် ၄၉ လမ်းသို့ ပြည်သူများမလာစေရန် အလံကိုင်၍ လမ်းရှင်းပေးနေစဉ်မှာ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များက ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု သူ့မိသားစုဝင်များက ဆိုသည်။


စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရာရရှိသူများလည်း ရှိနေပြီး အခြေအနေ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။







